Healthy Life Ad
Life Style

ရေကြီးခြင်းနှင့် ဆက်စပ်နေသည့် အရေပြားရောဂါများ (၂)

ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. ကပ်ပါးပိုးတွေကြောင့် ဘယ်လိုအရေပြားရောဂါတွေဖြစ်တတ်ပါသလဲ ဆရာမ။

ဖြေ. ကပ်ပါးပိုးကြောင့်ဖြစ်တဲ့ အရေပြားရောဂါတွေကတော့-

– မြေကြီးပေါ်ကို ဖိနပ်မပါဘဲလျှောက်ရင် သန်ကောင်ဖောက်ဝင်တဲ့ အရေပြားရောဂါတွေဖြစ်တတ်ပါတယ်။ Cutaeneous Larva Migrans သန်ကောင်ကြောင့် အရေပြားမှာ သန်ကောင်လမ်းကြောင်း အနာတွေဖြစ်တတ်ပါတယ်။ ပြည်တည်နာတွေ ဖြစ်တတ်သလို အင်ပြင်ထတာ၊ ယားတာတွေ ဖြစ်တတ်ပါတယ်။

– ရေကြီးပြီးချိန်မှာ ဖိနပ်စီးပြီးလမ်းလျှောက်ရပါမယ်။ သန်ချဆေးသောက်ရပါမယ်။

မေး. ဗိုင်းရပ်စ်ပိုးကြောင့်ကော ဘယ်လိုအရေပြားရောဂါတွေဖြစ်တတ်ပါသလဲ ဆရာမ။

ဖြေ. ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ အရေပြားရောဂါတွေကတော့-

– လူစုလူဝေးစုထားတဲ့ နေရာတွေမှာ ဗိုင်းရပ်စ်ရောဂါတွေဖြစ်တဲ့ ရေကျောက်၊ ဝက်သက်၊ ဂျိုက်သိုးတို့လို အရေပြားရောဂါတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဗိုင်းရပ်စ်ကြောင့် အရေပြားအနီပြင်ရောဂါလည်း ဖြစ်တတ်ပါတယ်။

– ရေကျောက်ရောဂါက အရည်ကြည်ဖုလေးတွေ တစ်ကိုယ်လုံးအနှံ့ ဖြစ်လာတတ်ပါတယ်။

– နောက်ဆက်တွဲအဖြစ် အဆုတ်အအေးပပ်တာ၊ ဖျားတာတွေ ဖြစ်တတ်ပါတယ်။

ဒီရောဂါတွေကို သတိထားမိရင် လူနာကို ခွဲခြားထားရပါမယ်။ စောစောသတိထားပြီး စောစောကုသရမယ့် ရောဂါတွေဖြစ်ပါတယ်။

မေး. မှိုပိုးကြောင့်ကော ဘယ်လို အရေပြားရောဂါတွေ ဖြစ်တတ်ပါသလဲ ဆရာမ။

ဖြေ. မှိုပိုးကြောင့်ဖြစ်တဲ့ အရေပြားရောဂါတွေကတော့-

– အရေပြားအပေါ်ယံ မှိုပိုးဝင်တာ (ပွေး) အဖြစ်များပါတယ်။ အရေပြားနီရဲကာ အနားဝိုင်းကွင်းလေးတွေနဲ့ ပွေးဖြစ်တတ်ပါတယ်။ ပေါင်ကြား၊ ချိုင်း (ဂျိုင်း) ကြားနဲ့ တခြားနေရာအနှံ့ ပွေးပေါက်တတ်ပါတယ်။

– မသန့်ရှင်းတဲ့ရေတွေကို နင်းမိတာ၊ မသန့်တဲ့ရေထဲ စိမ်ထားတာ၊ ခြေထောက်ရေစိုတာတွေကြောင့် ဖြစ်တတ်ပါတယ်။ ချွေးစိုတာ၊ ရေမှန်မှန် မချိုးတာ၊ ချွေးစို၊ ရေစိုနေတဲ့အဝတ်အစားတွေကို ဝတ်မိတာကြောင့်ဖြစ်တတ်ပါတယ်။ ပွေး၊ ညင်းတို့ဖြစ်ပြီး ခြေထောက်နဲ့ လက်ကြားတွေမှာ အရည်စိုထွက်နေကာ၊ ယားယံနေတတ်ပါတယ်။ ခြေသည်း၊ လက်သည်း ပုံပျက်စေတဲ့ မှိုရောဂါဖြစ်လာတတ်ပြီး ဦးခေါင်းမှာ အနီရောင်အကွင်းလေးတွေ၊ အဖုလေးတွေနဲ့ ဒက်ဖြစ်လာတတ်ပါတယ်။

– ကျော၊ ရင်ဘတ်၊ လည်ပင်းတွေမှာ အဖြူရောင်နဲ့ အညိုရောင် အကြေးခွံလေးတွေကပ်နေသလို ညင်းကို မြင်ရလေ့ရှိပါတယ်။

– ခြေချောင်းကြား အရေပြားစိုစွတ်နေချိန်များတဲ့အခါ မှိုပိုးအပြင် ဘက်တီးရီးယားပိုးတွေဝင်တတ်ပါတယ်။ ပြည်တည်နာ ဖြစ်တတ်ပါတယ်။

– မှိုပိုးသေဆေးတွေ လိမ်းတာ၊ သောက်တာ ပြုလုပ်ရပါတယ်။ ဘီး၊ အဝတ်အစားတွေနဲ့ အသုံးအဆောင်တွေ ထိတွေ့တာကြောင့် ကူးစက်တတ်တာကို သတိထားရပါမယ်။

– နက်နဲတဲ့ မှိုစွဲရောဂါ (Deep Mycosis)က သစ်ငုတ်၊ သစ်ပင်တွေ၊ သစ်ဆွေးတွေစူးရင် ဖြစ်တတ်ပါတယ်။ အဲဒီအခါ အရေပြားဖုထစ်ကြွထကာ၊ အမာရွတ်ကြီးပုံစံ တွေ့ရတတ်ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ နေရာတွေမှာ တွေ့ရတတ်ပါတယ်။ ကုသရခက်ခဲပြီး ကုသချိန် ပိုကြာတတ်ပါတယ်။ မကုသဘဲထားရင် ခြေလက်ဖြတ်ရတတ်ပါတယ်။

မေး. မိုက်ကောင်လေးတွေကြောင့် ဘယ်လိုအရေပြားရောဂါတွေ ဖြစ်တတ်ပါသလဲ ဆရာမ။

ဖြေ. Mite မိုက်ကြောင့်ဖြစ်တဲ့ အရေပြားရောဂါတွေကတော့-

– လူထူထူစုဝေးပြီးနေရရင် ဝဲကူးစက်တတ်ပါတယ်။ ဝဲဆိုတာ ညမှာ ပိုယားတတ်ပါတယ်။ လက်ချောင်းကြား၊ ချိုင်း(ဂျိုင်း)၊ ပေါင်တွေမှာ အနီဖု၊ အရည်ကြည်ဖုလေးတွေအဖြစ် တွေ့ရတတ်ပါတယ်။ ဝဲကုတ်ရာမှ ဘက်တီးရီးယားပိုးဝင်ကာ ကျောက်ကပ်ရောင်တဲ့ ရောဂါဖြစ်တတ်ပြီး အသက်ဆုံးရှုံးရတတ်ပါတယ်။

– ဝဲက ထိတွေ့မှုကြောင့် ကူးစက်တတ်ပါတယ်။ စောင်၊ အိပ်ရာခင်း စတဲ့ အသုံးအဆောင်တွေနဲ့ ထိတွေ့ရင်လည်း ကူးစက်တတ်ပါတယ်။

– ဝဲဆေးလိမ်းတာ၊ သောက်တာတို့ ပြုလုပ်ရပါမယ်။ သတိထားရမှာက တစ်မိသားစုလုံး ဒါမှမဟုတ် လူစုလူဝေးတစ်ခုလုံး ဝဲကူးစက်တတ်တာကြောင့် ထိတွေ့သူအားလုံးတစ်ချိန်တည်း၊ တစ်ခါတည်း ဆေးသောက်ဆေးလိမ်းတဲ့ အစုလိုက်အပြုံလိုက် Mass ကုသနည်းမျိုးသုံးမှ ပျောက်မှာပါ။ တစ်ဦးတည်းကွက်ကုရင် ပြန်ပြန်ကူးရင်း ဝဲသံသရာလည်နေပါလိမ့်မယ်။

မေး. သန်းကြောင့် ဘယ်လိုအရေပြားရောဂါတွေ ဖြစ်တတ်ပါသလဲ ဆရာမ။

ဖြေ. သန်းကြောင့်ဖြစ်တဲ့ အရေပြားရောဂါတွေကတော့-

– သန်းစွဲတဲ့ နေရာမှာ ယားတတ်ပြီး ခေါင်း၊ ကိုယ်၊ ဆီးခုံရှိ အရေပြားယားယံစေပါတယ်။ သန်းက ကူးစက်တတ်ပြီး ဦးရေပြားမှာ ပြည်တည်နာတွေ ဖြစ်တတ်ပါတယ်။

– လူစုလူဝေးနဲ့ နေထိုင်သူတွေက ဘီးအတူဖြီးတာ၊ အသုံးအဆောင် အတူသုံးတာကို ရှောင်သင့်ပါတယ်။

မေး. ရေကြီးတာအပြင် ထိတွေ့တဲ့ နေလောင်ဒဏ်ကြောင့် ဘယ်လိုအရေပြားရောဂါတွေ ဖြစ်တတ်ပါသလဲ ဆရာမ။

ဖြေ. ရေကြီးပြီး ရာသီဥတုပူပြင်းတဲ့အခါ၊ နေပူပူမှာ အလုပ်လုပ်တဲ့အခါ မိတ်ပေါက်တတ်ပါတယ်။ အဝတ်အစား ချောင်ချောင်ပွပွဝတ်ပါ၊ လေတိုက်တဲ့ နေရာမှာနေပါ၊ သနပ်ခါးနဲ့ အယားပျောက်ဆေးတွေလိမ်းပါ။

– နေဒဏ်ကြောင့် မျက်နှာမှာအမည်းကွက်၊ အမည်းစက်တွေ ထွက်တတ်ပါတယ်။ နေရောင်ကို တတ်နိုင်သမျှ ကာကွယ်ဖို့လိုအပ်ပါတယ်။

မေး. ရေထဲမှာ နေရတာများပြီး အေးလွန်းတာကြောင့် ဘယ်လိုအရေပြားရောဂါတွေ ဖြစ်တတ်ပါသလဲ ဆရာမ။

ဖြေ. ရေစိမ်များတဲ့အခါ Trench foot, immersion foot ဆိုတာ ဖြစ်တတ်ပါတယ်။ အဲဒါက ခြေထောက်ကို ရေကြာမြင့်စွာ စိုစေတာ၊ မသန့်ရှင်းတာ၊ 60° Fahrenheit (about 16° Celsius) လောက်အထိ ရေအေးအေးနဲ့ ခြေထောက်ထိတွေ့တာကြောင့် ဖြစ်တတ်ပါတယ်။ ခြေထောက်ထုံကာ နီပြီး ပြာလာတတ်ပါတယ်။ သွေးသွားလာမှုနည်းတာကြောင့် ဖြစ်တတ်ပါတယ်။ ခြေထောက်ရောင်လာတတ်ပြီး အရည်ကြည်ဖုတွေ၊ အနာတွေဖြစ်လာတတ်ပါတယ်။ မကုဘဲထားရင် ပုပ်ကာဖြတ်ရတတ်ပါတယ်။ ခြေထောက်အေးလွန်းပါက ပူနွေးအောင်ထားတဲ့နည်းနဲ့ ကာကွယ်နိုင်ပါတယ်။

ရေကြီးပြီးချိန်မှာ ထိခိုက်ဒဏ်ရာနည်းစေဖို့ လမ်းတွေကို သန့်ရှင်းစေရပါမယ်။ မချော်လဲနိုင်တဲ့ ဖိနပ်တွေစီးရပါမယ်။ အစားအသောက်တွေကို ယင်မနားအောင် သတိထားပါ။ ရေစိုနေတဲ့ အိမ်တွေနဲ့ အသုံးအဆောင်တွေမှာ မှိုတွေကပ်နေတတ်တာကြောင့် မျက်နှာဖုံးစွပ်၊ လက်အိတ်သုံးကာ သန့်ရှင်းရေးပြုလုပ်ပါ။

မေး. ရေကြီးတာကြောင့် အရေပြားရောဂါတွေမဖြစ်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာမ။

ဖြေ. အထူးသတိပေးလိုတာကတော့-

– ရေမှန်မှန်ချိုးပါ၊ လက်ကို သေသေချာချာဆေးပါ၊

– မသန့်ရှင်းတဲ့ရေ၊ မြေကြီးတွေနဲ့ တိုက်ရိုက်ထိတွေ့တာကိုရှောင်ပါ။

– ခြင်ပေါက်ပွားတဲ့နေရာတွေကို သန့်ရှင်းရေးလုပ်ပါ။

– သန့်ရှင်းရေးပြုလုပ်ရာမှာ လက်အိတ်သုံးပါ၊ နှာခေါင်းစည်း (Mask)သုံးပါ။

– အသုံးအဆောင်ပစ္စည်းတွေကို ခြောက်သွေ့အောင် ပြုလုပ်ပါ။

– မီးဖိုချောင်သုံးပစ္စည်းတွေကို ရေစင်စင်ဆေးပြီးမှ ပြန်သုံးပါ။

– အိမ်သန့်ရှင်းရေးပြုလုပ်ပါ။

– ချွန်ထက်တဲ့ ပစ္စည်းတွေကို သေသေချာချာ လွှင့်ပစ်ပါ၊

– ရေကြီးပြီးချိန်မှာ ကလေးတွေကို အိမ်အပြင်ထွက်ပြီး မကစားစေသင့်ပါ။ ရေထိထားတဲ့ ကလေးက စားစရာအရုပ်တွေနဲ့လည်း မကစားစေသင့်ပါဘူး။

– ရေကြီးပြီးချိန်မှာ ထိခိုက်ဒဏ်ရာနည်းစေဖို့ လမ်းတွေကိုသန့်ရှင်းစေရပါမယ်။ မချော်လဲနိုင်တဲ့ ဖိနပ်တွေစီးရပါမယ်။

– အစားအသောက်တွေကို ယင်မနားအောင် သတိထားပါ။

– ရေစိုနေတဲ့ အိမ်တွေနဲ့ အသုံးအဆောင်တွေမှာ မှိုတွေကပ်နေတတ်တာကြောင့် မျက်နှာဖုံးစွပ်၊ လက်အိတ်သုံးကာ သန့်ရှင်းရေးပြုလုပ်ပါ။

– မြွေနဲ့ ပိုးကောင်တွေအကိုက်မခံရအောင် ဂရုစိုက်ရပါမယ်။

– မမြင်ရတဲ့ တောင်း၊ အိတ်၊ အဝတ်ပုံထဲ လက်မနှိုက်သင့်ပါ၊ ခြေမလှမ်းသင့်ပါ။

– တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ရပါမယ်။

– လူစုလူဝေးများစွာ စုနေတာ၊ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ အာဟာရမလုံလောက်တာတို့ကြောင့် ကူးစက်ရောဂါတွေကို ပိုဆိုးစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top