Healthy Life Ad
Q & A

Balm ပရုပ်ဆီ

ဒေါက်တာတင့်ဆွေ

မေး ။ မြန်မာမှာက လူတန်းစား အမျိုးမျိုးက ပရုပ်ဆီကို အလွယ်ပဲ သုံးတတ်ကြပါတယ်။ ဥပမာ- ပုရွက်ဆိတ်ကိုက်ရင် တချို့ကလည်း ပုရုပ်ဆီလိမ်းခိုင်းတယ်၊ တချို့ကလည်း မလိမ်းသင့်ဘူးပြောတယ်။ လည်ပင်းနာရင် ပုရုပ်ဆီမျိုချရင် သက်သာတယ် ပြောကြတယ်၊ မလုပ်သင့်ဘူးလို့လည်း ပြောကြတယ်။ ကြားဖူးနားဝနဲ့ ပုရုပ်ဆီကို အလွယ်ပဲသုံးနေကြတာ များပါတယ်။ အဲဒါလေးနဲ့ ပက်သက်ပြီး ပုရုပ်ဆီရဲ့ ကောင်းကျိုး ဆိုးကျိုး၊ ဆောင်ရန်၊ ရှောင်ရန် ဗဟုသုရစေရန် အလို့ဌာ တစ်ပုဒ်လောက် ဆရာ အချိန်ရရင် ရေးပေးစေလိုပါတယ်။

ဖြေ ။ မေးတာကို ကျေးဇူးတင်ပါတယ်။ မှန်တယ်ဗျ။ ကျွန်တော်တို့ အရင်ကတည်းက လူကြီးသူမတွေ ဆိုရင် ပရုပ်ဆီမရှိရင် နေမဖြစ်ဘူး ပြောရသလောက်ဘဲ။ ၉၆ ပါးထဲက အတော်များများမှာ သုံးကြတာ။

လူတိုင်းဟာ နာတာ၊ ကိုက်တာနဲ့ မကင်းကြဘူး မဟုတ်လား။ နောက်ပြီး ဗမာတွေက လက်တွေ့ကျချင်သူတွေလို့ ခပ်လွယ်လွယ်ပြောရမလားဘဲ။ နာရင် နာတဲ့နေရာကို တခုခု လုပ်ရမှ စိတ်ကျေနပ်တယ်။ လက်နဲ့ဖြစ်ဖြစ်နှိပ်လိုက်ရမှ။ “ရမ်းကု”လို့ ဆိုသူများ ဇက်ကြောတက်ရင် ဇက်မှာ ဆေးထိုးပေးသတဲ့။ ဆရာဝန်ဖြစ်စက “ဟာ ငါသင်ခဲ့တဲ့အထဲ ဒါ မပါပါလား”လို့ တွေးခဲ့မိဖူးတယ်။

ဒီသဘောနဲ့ နာတာ၊ ကိုက်တာကို နာတဲ့-ကိုက်တဲ့နေရာမှာ လိမ်းလို့ရတဲ့ ပရုပ်ဆီ ခေတ်စားလာစေတာလဲ အကြောင်းတခုဖြစ်နိုင်မယ်ထင်တယ်။”ကျားပရုပ်ဆီ” တံဆိပ်နဲ့ ဗမာပြည်မှာ ခေတ်စားနေခဲ့တာ ကြာပါပြီ။ ရောင်းလည်း ကောင်းလွန်းလို့ ခပ်ဆင်ဆင်တံဆိပ်တွေပါ တိုးလာတယ်။ ခေါင်းမူး-ခေါင်းကိုက်၊ ခြင်ကိုက်၊ ပုရွက်ဆိတ်ကိုက်။ ချောင်းဆိုး၊ ဗိုက်အောင့်ရင် ဗိုက်ပေါ်လိမ်း၊ ရင်ဘတ်နာရင် ရင်ဘတ်မှာလိမ်း၊ အဆစ်နာ၊ ရူမက်တစ်နာ၊ လည်ပင်း-ဂုပ်ပိုးနာ၊ ကြွက်သားနာ၊ လူတိုင်းနဲ့ မကင်းတဲ့ ဝေဒနာတွေပါ။

ကျားပရုပ်ဆီပေါ်တာ နှစ် ၁၀ဝ ကျော်ပါပြီ။ ထီးသုံး နန်သုံး တရုပ်ရိုးရာနည်း Pinyin ကနေ လာတာပါ။ (တိုက်ဂါး) ပရုပ်ဆီကို Aw Chu Kin ကနေ မြန်မာပြည်မှာ ၁၈၀၇ခုနှစ်က ရန်ကုန်မှာ ဆိုင်သေးလေး စထောင်တယ်လို့ သမိုင်းမှတ်တမ်းတင်ထားပါတယ်။ သူ့သားနှစ်ယောက်ကနေမှ Tiger Balm ကို စင်္ကာပူယူလာခဲ့ပြီး Haw Par Healthcare ကုမ္ပဏီထောင်ခဲ့တာ အခုသိပ်ကြီးပွားနေပြီ။

ပရုပ်ဆီအနီနဲ့ အဖြူမှာ ပါတာတွေ အတူတူလောက်ဘဲ၊ အနည်း-အများသာ ကွာတယ်။ လင်နမင်ဆိုတာလဲရှိသေးတယ်။ Camphor ပရုပ်ပါတယ်။ Menthol ပရုပ်အေးနဲ့ Clove Bud Oil လေးညှင်းဆီ များများပါတာက ပြင်းတယ်။ Cassia Oil သစ်ကြံပိုးအဆီကြောင့် ပရုပ်ဆီအနီကနီတယ်။ Cajuput Oil နဲ့ Mint Oil ပူဒီနာဆီက အဖြူမှာ များများပါတယ်။ နောက်ထုတ်တာတွေမှာ ယူကလစ်ဆီကို သုံးလာတယ်။

ကြီးကြီး-ငယ်ငယ် သုံးနိုင်တယ်။ လိမ်းရင် တနေ့ ၃-၄ ကြိမ်လို့ ဆေးညွှန်းက ဆိုတယ်။ ဆရာက မပြောရင် အပြင်ကနေ လိမ်း-ပွတ်သပ်ဘို့သာဖြစ်ပြီး ပါးစပ်ထဲ မထည့်ရ၊ ၂ နှစ်အောက်ကလေး မသုံးရလို့ သတိပေးထားတယ်။ လုပ်ကြတာပါဘဲ။ ရေနွေးထဲ ထည့်ရှူတာလည်းလုပ်တယ်။ Balm ဆိုတာ လိမ်းရ တာကိုသာ ခေါ်တယ်။ Rub ဆိုရင် ပွတ်လိမ်းရတယ်။

စိတ်ကနေသက်သာတယ်ထင်တာကိုက အကျိုးရှိနေတာမျိုး။

အခုထိတော့ ဘေးထွက်ဆိုးကျိုးကို တိတိပပ စာနဲ့ပေနဲ့ (ရီပို့တ်) မရှိသေးပါ။ ဘယ်ဆေးမဆိုကတော့ မကောင်းဘူးလို့ ပြောရမှာတွေ ရှိပါတယ်။ ဆေးမတည့်ရင် ယားတာ၊ နီတာ၊ အပိန့်ထွက်တာ၊ သိပ်ဆိုးရင် ပါးစပ်-လည်ပင်းရောင်ပြီး အသက်ရှူခက်တာအထိဖြစ်နိုင်တယ်။ အမှန်ကတော့ ယားလို့၊ အပိန့်ထွက်လို့ ပရုပ်ဆီလိမ်းရတာပါ။ မတည့်ရင် ပိုဆိုးတတ်တယ်ပေါ့။ မတည့်ဘူးဆိုတာ သုံးတိုင်းဖြစ်တယ် ပြောတာမဟုတ်ပါ။

၂၀၁၀ သြဂုတ် ၁၀ရက်နေ့ သတင်းအရ အမေရိကန် ဆေးဝါးနဲ့ အစားအသောက် အာဏာပိုင်အဖွဲ့ ကနေ စင်္ကာပူက Haw Par Healthcare Ltd ရဲ့ JU Tiger Balm pain-relieving patch နဲ့ ပတ်သက်ပြီး လုံလောက်တဲ့ အဆင့်တွေ မပြည့်စုံသေးဘူးလို့ သတိပေးလိုက်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top