Healthy Life Ad
Women

၅၀ အရွယ်ဆိုပေမယ့် ၃၀ အရွယ်ဟု ထင်ရစေမည့် အသားအရေထိန်းနည်း ၁၀

– မီမိုးမေ (ဆေးဝါးတက္ကသိုလ်)

ကိုရီးယားလှပျိုဖြူတွေက အသက်ကြီးလာရင်တောင် အသားအရေတင်းတင်းရင်းရင်းနဲ့ ကြည့်ကောင်းနေကြဆဲပါပဲ။ အသက် ၅၀ အရွယ်တွေကို ကြည့်လိုက်ရင်လည်း အသက် ၃၀ အရွယ်လောက်လို့ ထင်ရတာကြောင့် သူတိုရဲ့အသားအရေထိန်းနည်းတွေကို မျှဝေလိုက်ပါတယ်။


(၁) အဆင့်ဆင့် သန့်စင်ခြင်း

မျက်နှာကို အရင်ဆုံး အဆီအခြေခံ အညစ်အကြေးတွေ ကင်းစင်အောင် သန့်စင်ရပါမယ်။ ဒါကြောင့် ပထမဆုံး အဆီဓာတ်အခြေခံ သန့်စင်ဆေးသုံးပြီး မျက်နှာသစ်ပါ။ ဒုတိယအဆင့်အနေနဲ့ ရေဓာတ် အခြေခံသန့်စင်ဆေးသုံးပြီး ချွေးနဲ့ အညစ်အကြေးတွေလို အညစ်အကြေးတွေကို သန့်စင်ပေးပါ။ ဒါဆိုရင် အရေပြားဆဲလ်သေတွေ ဖယ်ရှားဖို့ အရေပြားကို ကြေးချွတ်ပေးလိုက်ရုံနဲ့ သန့်စင်သွားမှာပါ။


(၂) မျက်နှာ နှိပ်နယ်ခြင်း

မျက်နှာကို လက်ချောင်းထိပ်နဲ့ အသာအယာထိတွေ့ပြီး နှိပ်နယ်ပေးတာက သွေးလှည့်ပတ်မှုကောင်းစေကာ မျက်နှာအဆိပ်အတောက်တွေ ကင်းစင်စေတဲ့နည်းနဲ့ အိုမင်းမှုကို ဟန့်တားပေးပါတယ်။ မျက်ဝန်းနှစ်ခုကြားနဲ့ မျက်ဝန်းအပေါ်၊ မေးရိုးလိုင်း စတာတွေနဲ့ နှုတ်ခမ်းတစ်ဝိုက် နှိပ်နယ်ပေးတာက အရေးကြောင်း ကင်းစင်စေပါတယ်။ မျက်နှာသစ်ပြီးချိန်မှာ အစိုဓာတ်ထိန်းခရင်မ်တစ်မျိုးလိမ်းပြီး အသားအရေကို ညင်ညင်သာသာ နှိပ်နယ်ပေးရပါမယ်။


(၃) ချက်ချင်း အစိုဓာတ်ထိန်းခြင်း

ရေချိုးမျက်နှာသစ်ပြီးချိန်မှာ အစိုဓာတ်ထိန်းခရင်မ်ကို ချက်ချင်းလိမ်းလိုက်ပါ။ ဒီနည်းက မျက်နှာအသားအရေထဲ ခရင်မ်စိမ့်ဝင်ပြီး စိုပြည်စေပါတယ်။


(၄) ဗီတာမင်စီ

ဗီတာမင်စီက ခြောက်သွေ့နွမ်းနယ်တဲ့ အသားအရေကို အတွင်းကနေအားပြည့်စေပါတယ်။ ဗီတာမင်စီရဲ့ အင်တီအောက်ဆီးဒင့် စွမ်းပကားက နွမ်းနယ်နေတဲ့ အသားအရေကို အားပြည့်စေပြီး အသားအရေ တောက်ပလန်းဆန်းစေပါတယ်။ စစ်ထရစ်အက်စစ်က ချွေးပေါက်ထဲက အညစ်အကြေးနဲ့ အဆီပိုတွေကို ကင်းစင်စေကာ အရေပြားဆဲလ်သေကို ဖယ်ရှားပေးပါတယ်။ စစ်ထရစ်အက်စစ်ရဲ့ အနာကျက်အစွမ်း အာနိသင်ကောင်းရဖို့ ပန်းကန်လုံးတစ်လုံးထဲ သံပရိုသီးတစ်ခြမ်းညှစ်ထည့်ကာ ရေထပ်ထည့်ပြီး ဂွမ်းစလေးနဲ့နှစ်ကာ အရေပြားပေါ်သုတ်လိမ်းပေးပါ။ အသားအရေ တောက်ပကြည်လင်စေပါတယ်။ ဗီတာမင်စီက နေရောင်ခြည်ကြောင့် အသားအရောင် မညီညာတာတွေကို ပျောက်ကင်းစေပါတယ်။


(၅) ဂျင်စင်း

ဂျင်စင်းဆိုတာ ကျန်းမာရေးနဲ့ အသားအရေအတွက် ကိုရီးယားလူမျိုးတွေရဲ့ ထိပ်တန်းဆေးတစ်လက်ပါ။ အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိရှိတာကြောင့် အိုမင်းမှုမဖြစ်အောင် ကာကွယ်ပေးကာ အသားအရေတင်းရင်းစေပါတယ်။ အရေပြားဆဲလ်တွေရဲ့ သက်တမ်းကိုရှည်စေပါတယ်။ အရေပြားအလွှာထဲ ကော်လာဂျင်ထွက်ရှိမှုတိုးစေပါတယ်။


(၆) ဟိုက်ရာလူရိုးနစ်အက်ဆစ် (Hyaluronic acid)

အသက်ကြီးလာတဲ့အခါ ဆီကြည်ထွက်နှုန်း နည်းလာပြီး အရေပြားအိုမင်းမှုဖြစ်စဉ် တိုးလာပါတယ်။ ဟိုကရာလူရိုးနစ်အက်စစ်က အစိုဓာတ်စွဲမြဲစေတာကြောင့် အရေပြားတွဲကျမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။


(၇) ပက်ကျိအချွဲ

ကိုရီးယားအသားအရေက အခုနောက်ပိုင်း ပက်ကျိအချွဲပါတဲ့ အသားအရေထိန်းပစ္စည်းနဲ့ ထိန်းသိမ်းလာကြပါတယ်။ ပက်ကျိအချွဲမှာ ကော်လာဂျင်၊ ဟိုက်ရာလူရိုးနစ်အက်စစ်၊ ဗီတာမင်နဲ့ သတ္တုဓာတ် ဆားတွေပါဝင်ပါတယ်။ ပက်ကျိအချွဲက အရေပြားရဲ့ ဖရီးရယ်ဒီကယ်တွေကို ကင်းစင်စေပြီး ကော်လာဂျင်နဲ့ အီလက်စတင်ထွက်နှုန်းကို ပုံမှန်ဖြစ်စေပါတယ်။ ဒါ့အပြင် ရောင်ရမ်းမှုလျော့ကျစေပြီး အသားအရေကို ကြည်လင်တောက်ပစေပါတယ်။


(၈) နေကာခရင်မ်

ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့တာကြောင့် အရေပြားရဲ့ ကိုလာဂျင်ထုတ်လုပ်မှုလျော့ကျပြီး အရွယ်မတိုင်ခင် အိုမင်းမှုကို တိုးစေပါတယ်။ နေကာခရင်မ်က အရေပြားမှာစေးကပ်မှုမဖြစ်စေဘဲ ကောင်းကောင်းစုပ်ယူရရှိစေပါတယ်။ မိတ်ကပ်မလိမ်းခင် နေကာခရင်မ်လိမ်းတာ အကောင်းဆုံးပါ။


(၉) ကော်လာဂျင်

ကော်လာဂျင်ဆိုတာ အရေပြားတည်ဆောက်မှု အားကောင်းစေတဲ့ ပရိုတင်းတစ်မျိုးပါ။ အရေပြား ဆွဲဆန့်နိုင်စွမ်းကောင်းစေပြီး အရေပြားတွဲကျတာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အသက် ကြီးလာတာနဲ့အမျှ အရေပြားကနေ ကော်လာဂျင်အထွက်နှုန်း သိသိသာသာနှေးလာပါတယ်။ ဒါကြောင့် ကော်လာဂျင်ပါတဲ့ မိတ်ကပ်တွေ လိုအပ်လာတာ ဖြစ်ပါတယ်။


(၁၀) ပပ်တိုက် (Peptide)

အရေပြားမှာ ပက်တိုက်အထွက်တိုးမှ အသားအရေ တင်းရင်းနေမှာဖြစ်လို့ ပပ်တိုက်ပါဝင်တဲ့ အသားအရေထိန်းပစ္စည်းတွေကိုလည်း သုံးစွဲပေးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top