Healthy Life Ad
Life Style

အတွင်းတိမ်နှင့် ရေတိမ်ရောဖြစ်နေလျှင် အတွင်းတိမ်ခွဲလိုက်ပါက ရေဖိအား ၉၀ ရာခိုင်နှုန်း ကျနိုင်

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး)
ပါမောက္ခ၊ ဌာနမှူး ရန်ကုန် မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. အတွင်းတိမ်ကမာပြီး ရင့်နေတဲ့ အခြေအနေ၊ ရေတိမ်ဝင်သွားတဲ့ အခြေအနေဆိုရင် ဘယ်လို ကုသမှုပေး ရပါသလဲ ဆရာ။

ဖြေ. အတွင်းတိမ်က မာကျောပြီး ရင့်နေတဲ့ အဆင့်မှာဆိုရင် လက်နဲ့ပဲ ခွဲစိတ်ကုသမှုပေးပါတယ်။ အတွင်းတိမ်ရောဂါကတော့ အကုန်လုံးကို ကုသလို့ ရပါတယ်။ ဒါပေမဲ့ ခွဲစိတ်ကုသဖို့ လိုပါတယ်။ တစ်ခါတလေ အတွင်းတိမ်က ရင့်ပြီး ရေတိမ်ဝင်သွားတာမျိုး ဖြစ်တတ်ပါတယ်။ ရေတိမ်ဝင်သွားရင် လူနာက မျက်စိနီပြီး ကိုက်တဲ့လက္ခဏာပြတဲ့အခါ ဆရာဝန်ဆီ လာပြကြတယ်။ အဲဒီလို ရေတိမ်ဝင်ပြီးမှ အတွင်းတိမ်ကို ခွဲစိတ်ကုသလိုက်ရင်တော့ အမြင်ကသိပ်ပြီးမကောင်းနိုင်တော့ပါဘူး။

မေး. အတွင်းတိမ်ကို ခွဲစိတ်ကုသလို့မရတဲ့ အခြေအနေရှိပါသလား ဆရာ။

ဖြေ. မျက်စိကိုမခွဲခင်မှာ အရင်ဆုံး Visual Potential ရှိလားဆိုတာ ဦးစွာစမ်းသပ်ရပါတယ်။ စမ်းသပ်တဲ့ နည်းကတော့ လူနာတစ်ယောက်ရဲ့မျက်လုံးကို မီးထိုးလိုက်လို့ မီးရောင်ကို မြင်ရတယ်ဆိုရင် (Light Perception ရှိတယ်ဆိုရင်) ခွဲလို့ ဖြစ်နိုင်သေးတယ်။ တကယ်လို့ မီးရောင်ကိုတောင် မမြင်ရတော့ဘူးဆိုရင် ခွဲဖို့မဖြစ်နိုင်တော့ပါဘူး။ အတွင်းတိမ်ဖြစ်ရင် နောက်က မျက်စိအာရုံခံလွှာကောင်းဖို့တော့ လိုပါတယ်။ မျက်စိအာရုံခံလွှာ မကောင်းတော့ဘူးဆိုရင် ခွဲဖို့မဖြစ်နိုင်တော့ပါဘူး။ ဒါပေမဲ့ ဒါက အတွင်းတိမ်ကြောင့် မမြင်တာမဟုတ်ပါဘူး။ မျက်စိအာရုံခံလွှာမကောင်းလို့ မမြင်တာဖြစ်ပါတယ်။ အတွင်းတိမ်ကို ခွဲလို့အကျိုးမရှိရင် မခွဲပါဘူး။

မေး. အတွင်းတိမ်နဲ့ ရေတိမ်ရောဂါရောနေတဲ့ အခြေအနေကိုလည်း ရှင်းပြပေးပါ ဆရာ။

ဖြေ. တချို့လူနာတွေမှာ အတွင်းတိမ်နဲ့ ရေတိမ်ရောတဲ့ အခြေအနေဖြစ်နိုင်ပါတယ်။ အဲဒါက နှစ်မျိုးရှိပါတယ်။ ပထမတစ်မျိုးက အတွင်းတိမ်ကမှည့်သွားရင် ရေတိမ်ဝင်တတ်တဲ့ အခြေအနေဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ အစကတည်းက ရေတိမ်ရှိတာကိုမသိတော့ အတွင်းတိမ်ထပ်ဝင်လာတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးလည်းရှိပါတယ်။ ဒီနှစ်ခုစလုံးက ခွဲစိတ်ကုသလို့ရပါတယ်။

မေး. အဲဒီအခါ ရေတိမ်တစ်မျိုးတည်းကို ခွဲစိတ်ကုသသလို ပုံမှန်အမြင်အာရုံကို ပြန်ရနိုင်ပါသလား ဆရာ။

ဖြေ. အတွင်းတိမ်မှာ ရေတိမ်ဝင်သွားရင် ရေတိမ်က မျက်စိအာရုံကြောကို ထိခိုက်စေတဲ့အတွက် အာရုံကြောကို ဘယ်လောက်ထိခိုက်မှုရှိသလဲဆိုတဲ့ အချက်ပေါ်မူတည်ပြီး မျက်စိပြန်မြင်နိုင်၊ မမြင်နိုင်ဆိုတာ ပြောင်းလဲသွားပါတယ်။ အာရုံကြောက သိပ်ပျက်စီးထိခိုက်နေရင်တော့ ပုံမှန်အတိုင်း မမြင်နိုင်ပါဘူး၊ သိပ်မပျက်စီးရင်တော့ မြင်နိုင်ခြေများပါတယ်။ ဘာပဲဖြစ်ဖြစ် ခွဲတာတော့ ခွဲရတာပါပဲ။

မေး. မျက်စိအတွင်းတိမ်နဲ့ ရေတိမ်နှစ်ခုစလုံးတွဲဖြစ်နေတဲ့ အခြေအနေဆိုရင် ဘယ်အခြေအနေကို အရင်ကုသရပါသလဲ ဆရာ။

ဖြေ. ဒါက လူနာရဲ့အခြေအနေနဲ့ ဆရာဝန်ရဲ့သဘောထားပေါ်မှာ မူတည်ပါတယ်။

(၁) ရေတိမ်ကို ခွဲတယ်၊ ပြီးမှ အတွင်းတိမ်ခွဲတယ်။

(၂) ရေတိမ်နဲ့ အတွင်းတိမ်ပေါင်းခွဲတယ်၊

(၃) အတွင်းတိမ်ကို အရင်ခွဲတယ်။

အရင်ခေတ်တုန်းကတော့ ရေတိမ်ကို အရင်ခွဲတယ်။ ပြီးမှ စောင့်ပြီးတော့ အတွင်းတိမ်ကို ခွဲတယ်။ နောက်ပိုင်းကျတော့ ရေတိမ်နဲ့ အတွင်းတိမ်ကို ပေါင်းခွဲတယ်။ ဒါက တစ်ကြိမ်ပဲ ခွဲရပေမယ့် ရောင်ရမ်းမှုက သိပ်များတဲ့အတွက် နောက်ပိုင်းကျတော့ အတွင်းတိမ်ကို အရင်ခွဲလိုက်ပါတယ်။

ကမ္ဘာပေါ်က လေ့လာမှုတွေအရ အတွင်းတိမ်နဲ့ ရေတိမ်ရောနေတဲ့ အခြေအနေမှာ အတွင်းတိမ်ကိုခွဲလိုက်ရင် ရေဖိအားက ၉၀ ရာခိုင်နှုန်း ကျသွားတဲ့အတွက် နောက်ပိုင်း ထပ်ခွဲစရာမလိုတော့တာကို တွေ့ရှိရတယ်။ ကံမကောင်းလို့ ကျန်တဲ့ ၁၀ ရာခိုင်နှုန်းထဲမှာ ပါရင်တော့ ရေတိမ်ကို ထပ်ခွဲရပါတယ်။

ကမ္ဘာပေါ်က လေ့လာမှုတွေအရ အတွင်းတိမ်နဲ့ ရေတိမ်ရောနေတဲ့ အခြေအနေမှာ အတွင်းတိမ်ကိုခွဲလိုက်ရင် ရေဖိအားက ၉၀ ရာခိုင်နှုန်း ကျသွားတဲ့အတွက် နောက်ပိုင်း ထပ်ခွဲစရာမလိုတော့တာကို တွေ့ရှိရတယ်။ ကံမကောင်းလို့ ကျန်တဲ့ ၁၀ ရာခိုင်နှုန်းထဲမှာပါရင်တော့ ရေတိမ်ကို ထပ်ခွဲရပါတယ်။ ဒါကြောင့် ဆရာကတော့ ဒီလိုအခြေအနေနှစ်မျိုးတွဲနေတဲ့ လူနာတွေမှာ အတွင်းတိမ်ကို အရင်ခွဲလေ့ရှိပါတယ်။ ကုသမှုကတော့ ဆရာဝန်တစ်ဦးနဲ့တစ်ဦး မတူပါဘူး။ ဆရာဝန်နဲ့ လူနာပေါင်းပြီး အကောင်းဆုံးရလဒ်ရဖို့ ကုသမှုပေးကြတာပါပဲ။ အများအားဖြင့် ကုသနည်းသုံးမျိုးကို ရှင်းပြပြီး လူနာကို ရွေးချယ်ခိုင်းလေ့ ရှိပါတယ်။ ဒါပေမဲ့ လူနာတွေကတော့ ဆရာဝန်ကိုပဲ ပြန်ဆုံးဖြတ်ခိုင်းတာ များပါတယ်။

မေး. အတွင်းတိမ်နဲ့ ရေတိမ် ဘာကြောင့် တွဲဖြစ်ရပါသလဲ ဆရာ။

ဖြေ. အတွင်းတိမ်နဲ့ ရေတိမ်တွဲဖြစ်နေတဲ့ လူနာတွေလည်း များပါတယ်။ အရင်က ရေတိမ်၊ အတွင်းတိမ်က အသက် ၆၀ကျော်မှဖြစ်တာများပေမယ့် အခုနောက်ပိုင်း အသက် ၃၀၊ ၄၀ အရွယ်လောက်မှာလည်း ရေတိမ်၊ အတွင်းတိမ် ဖြစ်နေတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတာကိုတော့ မပြောနိုင်ပါဘူး။ အတွင်းတိမ်က အမှည့်လွန်သွားရင် ရေထွက်လမ်းကြောင်းမှာ သွားပိတ်ပါတယ်။ ဒါက အတွင်းတိမ်ကနေ ရေတိမ်ဝင်တဲ့ အခြေအနေပါ။

တချို့လူနာတွေကျတော့ ရေတိမ်ဖြစ်လို့ လာပြတယ်၊ စစ်ဆေးကြည့်လိုက်တော့ အတွင်းတိမ်ပါဝင်နေတယ်။ ရေတိမ်ဖြစ်ပြီး မျက်စိကနီရဲပြီး ကိုက်နေရင် လူနာကံကောင်းတယ်လို့ ဆိုရမလိုပါပဲ။ တချို့ကျတော့ လက္ခဏာမပြဘဲ အတွင်းမှာ လှိုက်စားပြီး ရောဂါလက္ခဏာ တဖြည်းဖြည်း ပိုဆိုးလာတာမျိုးရှိတယ်။ ဒါက ကင်ဆာရောဂါတွေလိုပဲ။ လက္ခဏာမပြဘဲ အဆိုးဆုံးအဆင့်ကျမှ တွေ့ရတာမျိုးလည်း ဖြစ်တတ်တယ်။ ဘယ်ရောဂါမဆို လက္ခဏာကို စောစောပြရင်ကံကောင်းတယ်လို့ ဆိုရမယ်။ လက္ခဏာမပြဘဲ နောက်ပိုင်းကျမှတွေ့ရရင် မကောင်းပါဘူး။

မေး. တချို့လူနာတွေက သူတို့အတွင်းတိမ်က ကျောက်ဖြစ်နေတဲ့ အခြေအနေလို့ ပြောကြတယ်။ အဲဒါ ဘာကို ဆိုလိုပါသလဲ ဆရာ။

ဖြေ. မျက်လုံးအတွင်းတိမ်က နုရာကနေရင့်လာတယ်။ အဲဒီလို ရင့်တဲ့အခြေအနေမှာ တချို့က တအားကြီးရင့်ပြီး ခဲနေတယ်။ ခဲရာကနေ မာကျောနေတယ်။ အဲဒီလိုမျိုး အခြေအနေကို လူနာနားလည်အောင် ‘အမေ့ မျက်လုံးအတွင်းတိမ်က သိပ်ကို ရင့်ပြီးမာကျောနေပြီ၊ ကျောက်လောက်တောင် ဖြစ်နေပြီ’လို့ လူနာက နားလည်မှုလွဲမှားပြီး ကျောက်ဖြစ်သွားတယ်လို့ထင်တာ ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်။ ကျောက်ဖြစ်သွားတယ်ဆိုတာ ခရစ္စတယ်ဖြစ်သွားတာမျိုးပါ။ အတွင်းတိမ်က ကျောက်ဖြစ်တာမဟုတ်ပါဘူး။ တစ်ခါတလေကျတော့ ဆေးဝေါဟာရ အခေါ်အဝေါ်ကို လူအများနားလည်အောင် ပြောဆိုရှင်းပြဖို့က ခက်ခဲတော့ ‘အတွင်းတိမ်က ခဲပြီး မာကျောလို့ ကျောက်လိုတောင်ဖြစ်နေပြီ’လို့ ပြောတာကို ကျောက်ဖြစ်သွားပြီလို့ မှားထင်တာ ဖြစ်ပါလိမ့်မယ်။

မေး. ရေတိမ်နဲ့ အတွင်းတိမ် ရောဖြစ်တဲ့အကြောင်းနဲ့ပတ်သက်ပြီး အများပြည်သူကို ထပ်မံ ပညာပေးလိုတာရှိရင် ပြောကြားပေးပါ ဆရာ။

ဖြေ. ရေတိမ်ဆိုရင်အရင်က နီတယ်၊ ကိုက်တယ်၊ မှုန်တယ်ဆိုတဲ့ လက္ခဏာတွေ ပြလေ့ရှိတယ်။ အခုနောက်ပိုင်း ဒီလို နီ၊ ကိုက်၊ မှုန် ဆိုတဲ့ လက္ခဏာတွေက မပြတော့တာမျိုးလည်း ဖြစ်လာတယ်။ လက္ခဏာမပြတဲ့ အခါကျတော့ တဖြည်းဖြည်း မြင်ကွင်းကျဉ်းပြီးမှ ရောက်လာတာမျိုး ဖြစ်လာတယ်။ တလောက ဆရာတို့ဆီကို ထိုင်းက ရေတိမ်ခွဲစိတ်ဆရာဝန်ကြီး ရောက်လာတယ်။ သူကလည်း ပြောတယ်။ သူတို့ဆီမှာ လက္ခဏာမပြတဲ့ ရေတိမ်တွေ ဖြစ်လာတယ်။ ဒါကြောင့် အခုနောက်ပိုင်း ဘယ်သူ့မှာ လက္ခဏာပြသလဲ၊ မပြဘူးလဲဆိုတာ မပြောနိုင်တော့ပါဘူး။ ဒါကြောင့် လက္ခဏာပြရင်လည်း မျက်စိဆေးရုံကိုလာပါ၊ လက္ခဏာမပြရင်လည်း တစ်နှစ်တစ်ခါတော့ မျက်စိဆေးရုံကိုလာပါလို့ မှာရပါတယ်။

လူနာတွေက မျက်စိစမ်းသပ်ဖို့ထက် မျက်မှန်တပ်ဖို့ပဲ အာရုံထားနေကြပါတယ်။ မျက်စိစမ်းသပ်ဖို့ နာရီဝက်လောက် စောင့်နေရတာကိုလည်း သိပ်သဘောမကျကြပါဘူး။ ဒီခေတ်ကြီးကလည်း အလုပ်ချိန်ကလုနေရတော့ မျက်စိကို စနစ်တကျ သေချာစစ်ဆေးဖို့ အချိန်မပေးနိုင်ကြပါဘူး။ တကယ်တော့ မျက်စိကို တစ်နှစ်တစ်ခါ ပုံမှန်စမ်းသပ်စစ်ဆေးဖို့ လိုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top