Healthy Life Ad
International

အိမ်ယာမဲ့ကို ကယ်တင်ခဲ့သူ ဆယ်ကျော်သက်၏ အကြင်နာတရားကို အင်တာနက်သုံးသူ ထောင်ပေါင်းများစွာ အံ့အားသင့်ခဲ့ရ

– မီမိုးမေ (ဆေးဝါးတက္ကသိုလ်)

ရုရှက ၁၈ နှစ်အရွယ် ဗိုင်အိုလက်တာက အထက်တန်းကျောင်းပြီးထားသူဖြစ်ပြီး သူ့ရည်ရွယ်ချက်က ကာယပညာ ဆရာမတစ်ဦးဖြစ်လာဖို့ပါပဲ။

အနာတိုလီကတော့ မိခင်၊ ဇနီးတို့နဲ့အတူ တန်ဖိုးနည်းတိုက်ခန်းထဲမှာ နေထိုင်တဲ့ သာမန်လက်လုပ်လက်စား အဘိုးအိုတစ်ဦးပါ။ သူ့မိခင် ကွယ်လွန်ခဲ့ပြီးနောက် ဇနီးဖြစ်သူလည်း ကွယ်လွန်သွားခဲ့ပါတယ်။ အဲဒီလို စိတ်မကောင်းဖွယ်ရာဖြစ်ရပ်တွေ့ကြုံပြီးနောက် အနာတိုလီရဲ့တူဖြစ်သူက သူနဲ့အတူ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာ ဦးလေးဖြစ်သူကို လမ်းပေါ်နှင်လွှတ်ခဲ့ပါတော့တယ်။ သူ့အနေနဲ့ မိန်းမကောင်းတစ်ယောက်တွေ့နေပြီဖြစ်လို့ အဲဒီမိန်းကလေးနဲ့အတူ မိသားစုဘဝ စတင်ထူထောင်ချင်တဲ့အတွက် ဦးလေးနေဖို့ အခန်းမရှိဘူးလို့ပြောပြီး နှင်ချခဲ့တာပါ။ အနာတိုလီက ရတဲ့အလုပ်ကြမ်းဝင်လုပ်ရင်း ရတဲ့ငွေလေးနဲ့ အလွန်ဟောင်းနွမ်းဆိုးရွားတဲ့ တဲအိုလေးမှာ သုံးနှစ်ကြာနေခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီအိမ်ဟောင်းတွေ ပြင်ဖို့ရှိတာကြောင့် အနာတိုလီမှာ နေစရာမရှိတော့ဘဲ လမ်းပေါ်မှာ နေခဲ့ရပါတော့တယ်။

၂၀၁၈ ဇူလိုင်လမှာ အနာတိုလီ လေဖြတ်ဝေဒနာခံစားခဲ့ရတဲ့အတွက် လူစိမ်းတချို့က ခြုံပုတ်ထဲမှာ လဲကျနေတဲ့ သူ့ကို အကူအညီပေးဖို့ လူနာတင်ယာဉ်ခေါ်ခဲ့ပါတယ်။ ၇ ရက်ကြာ ကုသမှုပေးပြီးနောက် ဆေးရုံက ဆင်းခွင့်ရပြီဖြစ်ကြောင်း ဆရာဝန်က အနာတိုလီကို ပြောခဲ့ပါတယ်။ သူ့မှာ သွားစရာ နေရာမရှိကြောင်း ပြောတဲ့အခါ ဆရာဝန်က “ဒါ ငါတို့ ကိစ္စမဟုတ်ဘူး”လို့ ပြန်ဖြေခဲ့ပါသတဲ့။

နောက်တစ်နေ့မှာ ဗိုင်အိုလက်တာက သူ့သူငယ်ချင်းတွေနဲ့အတူ လမ်းလျှောက်ထွက်တုန်း တစ်ယောက်တည်း နွမ်းလျစွာ ထိုင်နေတဲ့ အနာတိုလီကို တွေ့ခဲ့ပါတယ်။ စကားပြောလိုက်တော့ အနာတိုလီက သူ့အကြောင်းပြောပြခဲ့ပါတယ်။

အနာတိုလီရဲ့ပုံစံက နွမ်းနယ်ချို့တဲ့ပြီး မျှော်လင့်ချက်မဲ့နေတဲ့ အနေအထားဆိုတော့ ဗိုင်အိုလက်တာက အလွန်အမင်းသနားသွားပါတယ်။ ဒါနဲ့ အင်စတာဂရမ်မှာ သူ့အကြောင်းရေးတင်ပြီး အကူအညီပေးနိုင်မလား မေးခဲ့တဲ့အခါ အင်တာနက်သုံးသူ ထောင်ပေါင်းများစွာက ကူညီခဲ့ကြတယ်။ ဒီလိုနဲ့ ဗိုင်အိုလက်တာက အနာတိုလီအတွက် အခန်းတစ်ခုငှားပေးခဲ့ပြီး အဝတ်အစားအသစ်၊ အစားအသောက်၊ ဆေးဝါး၊ ဖုန်း စတဲ့ လိုအပ်တဲ့အရာရာတိုင်း ဝယ်ပေးခဲ့ပါတယ်။

အခုတော့ အနာတိုလီဟာ နွေးထွေးသန့်ရှင်းတဲ့ အခန်းထဲမှာ နေခွင့်ရခဲ့ပြီး ဗိုင်အိုလက်တာကလည်း မကြာခဏလာလည်လေ့ရှိပါတယ်။ အနာတိုလီရဲ့ ကျန်းမာရေးကောင်းမွန်တဲ့အထိ ဆေးစစ်ဆေးမှု၊ ကုသမှုတွေပါ လုပ်ဆောင်ပေးမယ်လို့ ဗိုင်အိုလက်တာကဆိုပါတယ်။ ဆယ်ကျော်သက်အရွယ် ဗိုင်အိုလက်တာအနေနဲ့ လူစိမ်းတစ်ဦးကို အပြည့်အဝ အကူအညီပေးနိုင်ခဲ့တဲ့အတွက် အားလုံးက ဝိုင်းဝန်းကောင်းချီးပေးနေကြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top