Healthy Life Ad
International

စတီးရွိုက်လိမ်းဆေးကြောင့် ၃ နှစ်ကျော်ကြာ မျက်နှာအရေပြားပျက်စီးနေခဲ့ရသူ

၊ ကိုထက် ၊

အသက် ၄၄ နှစ်အရွယ် ကတ်တီဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ခန့်ကတည်းက သူရဲ့ မျက်နှာအသားအရေကိုထိန်းသိမ်းဖို့ စတီးရွိုက်ပါတဲ့ ဆေးတွေကိုသုံးစွဲမိခဲ့ပါတယ်။ စတီးရွိုက်ပါတဲ့လိမ်းဆေးတွေက ချက်ချင်းဆိုသလို မျက်နှာအဖုအပိမ့်တွေကို သက်သာသွားစေတယ်လို့ ထင်ခဲ့မိပေမယ့် တကယ်ကတော့ယာယီပဲ သက်သာစေပြီးနောက် အရေပြားကို ဆိုးရွားစွာ ပျက်စီးစေနိုင်ပါတယ်။

ကတ်တီဟာ နှစ်အတန်ကြာအောင် စတီးရွိုက်ဆေးတွေကို သုံးခဲ့ပြီးနောက် တဖြည်းဖြည်းနဲ့ သူ့မျက်နှာအရေပြားတွေဟာရောင်လာတာ၊ အကွက်တွေဖြစ်လာတာ၊ ကွာကျလာတာတွေဖြစ်ခဲ့ပြီး အက်ဆစ်နဲ့ပတ်ခံထားရသလိုဖြစ်လာခဲ့ပါတယ်။ “တစ်ရက် အိပ်ရာကထချိန်မှာ မျက်နှာက ရောင်ရမ်းနေပါတယ်၊ အရေပြားလည်း ကွာကျနေခဲ့ပါတယ်၊ တဖြည်းဖြည်းပိုဆိုးလာလိုက်တာ နောက်ပိုင်း နှုတ်ခမ်းအရေပြားတွေပါကွာလာပြီး အစားတောင်မစားနိုင်တော့ဘူး”လို့ သူက ပြောပြခဲ့ပါတယ်။

သူဟာ အသက် ၁၉ နှစ်ခန့်ကတည်းက မျက်နှာပေါ်မှာ ဝက်ခြံနဲ့အဖုလေးတွေထွက်လာပြီး ဒါတွေကို အမြန်ဆုံး ပျောက်ကင်းသွားချင်တဲ့အတွက် မိတ်ကပ်အမျိုးမျိုးနဲ့ လိမ်းဆေးအမျိုးမျိုးစမ်းသုံးခဲ့တယ်လို့ဆိုပါတယ်။ စတီးရွိုက်ပါတဲ့ဆေးတွေက ချက်ချင်းပျောက်သွားတာကို သိပြီးနောက်ပိုင်း ရေရှည်သုံးစွဲလာခဲ့မိတယ်လို့သိရပါတယ်။ မျက်နှာအရေပြား ပျက်စီးလာခဲ့သည့်တိုင်အောင် စတီးရွိုက်ကြောင့်လို့ မသိခဲ့မိသေးဘူးလို့လည်း သူက ပြောပြခဲ့ပါသေးတယ်။ နောက်ပိုင်းမှာ အင်တာနက်ပေါ်မှာ နိုင်ငံတကာစတီးရွိုက်စွဲလမ်းခြင်းဆိုင်ရာ အသင်းအဖွဲ့တစ်ခုနဲ့ ဆက်သွယ်မိခဲ့ပြီးနောက်ပိုင်းမှ သူဟာ စတီးရွိုက်လိမ်းဆေးတွေကြောင့်ဆိုတာ တိတိကျကျသိလိုက်ရတာပါ။

“ဒီဆေးတွေက ဝက်ခြံတွေနဲ့ အရေပြားပေါ်က အဖုအပိမ့်တွေကို ချက်ချင်းပျောက်တယ်လို့ပဲထင်ပြီး စတီးရွိုက်ဆေးတွေကို စွဲနေခဲ့တယ်၊ ခဏလောက်ပျောက်သွားပြီးရင် ၂ ဆလောက်ပိုဆိုးတာတွေ ဖြစ်လာမယ်လို့ မသိခဲ့မိဘူးလေ၊ အခုတော့ ကျွန်မကစတီးရွိုက်ဆန့်ကျင်သူတစ်ယောက်ဖြစ်နေပါပြီ”လို့ သူက ပြောပြခဲ့ပါသေးတယ်။

ကတ်တီဟာ အိမ်ထဲကနေတောင် မထွက်ရဲတော့ဘဲ လေးလကျော် အိမ်တွင်းပုန်းနေခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ အရေပြားအထူးကု ဆရာဝန်နဲ့ပြသခဲ့ပြီး ကုသမှုတွေခံယူခဲ့ရပါတယ်။ စတီးရွိုက်ဆေးတွေသုံးစွဲနေမှုကို ရပ်တန့်လိုက်ပေမယ့်လည်း မျက်နှာအရေပြားပျက်စီးမှုတွေက ၃ နှစ်ကျော်လောက်ကြာတဲ့အထိ မပျောက်ကင်းသေးပါဘူး။ ၄ နှစ်ခန့်ကြာမှ ပျက်စီးနေတဲ့ မျက်နှာအရေပြားတွေ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာပြီး အခုလက်ရှိမှာ လုံးဝအကောင်းပကတိနီးပါးဖြစ်နေပြီလို့သိရပါတယ်။

“အစပိုင်း လေးငါးလလောက်က ခံရအခက်ဆုံးအချိန်တွေပါပဲ၊ တချို့တွေက ကျွန်မမျက်နှာ မီးလောင်ထားတာ၊ တချို့ကလည်း အက်ဆစ်အပက်ခံထားရလာတာလို့ မေးကြပါတယ်၊ ကျွန်မကတော့ အိမ်ထဲပဲပုန်းပြီး တစ်ချိန်လုံး အိပ်နေပြီး အချိန်တွေကို ကုန်ဆုံးစေခဲ့ရပါတယ်။ စတီးရွိုက်ကတကယ်ကို ကြောက်ဖို့ကောင်းပါတယ်၊ ဘယ်သူ့ကိုမဆို စတီးရွိုက်ဆေးကို ရေရှည်မသုံးစွဲဖို့ ကျွန်မပြောချင်ပါတယ်”လို့ ကတ်တီက ဆိုခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top