Healthy Life Ad
Life Style

လိင်ပိုင်းဆိုင်ရာနှောင့်ယှက်စော်ကားမှုကိုဘယ်လိုအနိုင်ယူကြမလဲ . . .

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

Local NGO အဖွဲ့အစည်းတစ်ခုမှ CEO တစ်ဦးက လုပ်ငန်းခွင်မှ မိန်းကလေးများအပေါ် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်စော်ကားမှုများ (Sexual harassment) ရှိခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် ပြန့်နှံ့လာခဲ့ရာ လူအများ အံ့သြထိတ်လန့်ခဲ့ ကြသည်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှု (Sexual Harassment)ဆိုသည်မှာ ကိုယ်ထိလက်ရောက်စော်ကားခြင်းသာမက စကားနှင့်ဖြစ်စေ၊ အပြုအမူနှင့်ဖြစ်စေ၊ သူတစ်ပါးကို ထိပါးပြောဆိုခြင်းဖြစ်စေ အကြုံးဝင်သည်။ အထူးသဖြင့် လမ်းသွားလာရင်း ပါးစပ်သရမ်းပြီး မိန်းကလေးများကို ထိပါးပြောဆိုခြင်း၊ မိန်းကလေးတစ်ယောက်တည်းကို နှမချင်း မစာမနာ ပြောခြင်း၊ ဘတ်စ်ကားပေါ်တွင် အပြုအမူနှင့် ထိပါးနှောင့်ယှက်ခြင်းတို့ပါဝင်နေပြီး ထိုအပြုအမူများကို မူမမှန်မှန်းသိသော်လည်း ရှက်ရွံ့စိတ်၊ ကြောက်စိတ်ဖြင့် ငြိမ်ခံနေရသည့် မိန်းကလေးများစွာ ရှိပေလိမ့်မည်။

သို့ဖြစ်ရာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်စော်ကားမှုနှင့်ပတ်သက်၍ တိတိကျကျ သိနားလည်စေရန်Strong Flowers Sexuality Education Sevice မှ ဒေါက်တာသက်စုထွေးကို မေးမြန်းကြည့်ရာ-“ကိုယ်က အလိုမတူတာမျိုး၊ ကိုယ်ကလည်း ဒါက မမှန်ဘူးဆိုတာ သိနေတယ်၊ ရိုးသားတဲ့ စိတ်နဲ့ ပြောနေတယ်ဆိုတာ မဟုတ်မှန်း သိနေတယ်။ ဒီလို ကိစ္စမျိုးဆိုရင် ကိုယ့်ကို ထိပါးနှောင့်ယှက်တယ် ဆိုတာကို အရင်ဆုံး သိဖို့လိုအပ်ပါတယ်။ နောက်တစ်ခုက လိင်အသားပေးစကားလုံးတွေ ပြောလာတာမျိုး၊ လိင်အသားပေးပုံတွေ ပြတာမျိုး၊ စကားအကောင်းပြောနေရင်းနဲ့ ညစ်ညမ်းတဲ့ စကားတွေ ပြောလာတာမျိုး၊ ကိုယ့်ကိုလှတယ်၊ ချောတယ်ဆိုတာထက်ပိုတဲ့စကားတွေ ပြောတာမျိုး . . နောက်ဆုံး လှတယ်၊ ချောတယ်ဆိုတာကလည်း ကိုယ်မကြိုက်ဘူး ဆိုရင် ဒါက ထိပါးနှောင့်ယှက်တဲ့အဆင့် မြောက်ပါတယ်။

ဘယ်လိုထိပါးနှောင့်ယှက်မှုမျိုးကိုမဆို အဓိက ကတော့ ကိုယ်မကြိုက်ဘူးဆိုတာကို အရင်ဆုံး သိအောင် ပြောပြလိုက်ရမှာပေါ့။ အဲဒီကနေပြီးမှ ညစ်ညမ်းတဲ့စကားပြောတဲ့ မီးခိုးရောင်နယ်ပယ် (Grey Area)ဆိုတဲ့ အဆင့်ကို တက်လာတယ်၊ အဲဒီကနေ ကိုယ်ထိလက်ရောက် စော်ကားတယ်၊ ကိုယ့်နာမည်ကိုယူပြီးတော့ မီဒီယာတွေမှာအသုံးချတယ်၊ Cyber Bullying လုပ်တဲ့အထဲမှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားတာမျိုး . . ဒီလိုအဆင့်တွေ ရောက်လာပြီဆိုရင် Black Area လို့ သတ်မှတ်လို့ ရပါတယ်။ ဒါတွေကို ကွဲကွဲပြားပြားသိဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်”ဟု ပြောပြခဲ့သည်။

ဟုတ်ပြီ။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် စော်ကားမှုကို နားလည်သဘောပေါက်သော်လည်း ထိုအဖြစ်အပျက်မျိုး ကိုယ်တိုင်ကြုံတွေ့လာရလျှင် မည်သို့မည်ပုံတုန့်ပြန်ရမည်ကိုမသိသည့် အမျိုးသမီးကြီးငယ်များစွာရှိနေပေလိမ့်မည်။

“မိန်းကလေးတွေအနေနဲ့ ဘယ်လိုတုန့်ပြန်နိုင်မလဲဆိုရင် ဒါကိုကိုယ်မကြိုက်ဘူးဆိုတာကို ကျွန်မတို့က အမူအရာနဲ့ဖြစ်ဖြစ်၊ မျက်လုံးနဲ့ ဖြစ်ဖြစ်၊ အနေအထားက ဒါကို ငါလက်မခံဘူးဆိုတာ သိအောင် ပြပါ၊ နောက်တစ်ချက် လိုအပ်တယ်ဆိုရင် အသံထုတ်ပါ။ ကိုယ့်အနားကို အရမ်းလာကပ်တယ်ဆို ရင် ဘာဖြစ်လို့ကပ်လျှောက်နေတာလဲဆိုတာမျိုး ဖြစ်ဖြစ်ပြောပါ။ ကိုယ်ကသိတယ်လေ . . Good Touch လား၊ Bad Touch လား၊ Good Behaviour လား၊ Bad Behaviour လားဆိုတာ ခံရတဲ့ သူတွေက သိပါတယ်။ တစ်ခါတလေ ဟာသတော့ ဖြစ်နေနိုင်တာပေါ့။ “လူတစ်ယောက်က ခင်ဗျားကို ကြည့်တဲ့ အကြည့်က မကောင်းတဲ့ အကြည့်လို့ ခင်ဗျားက ဘယ်လိုသိတာလဲ”လို့ ဟာသအနေနဲ့ပြောချင် ပြောလိမ့်မယ်။ ဒါပေမဲ့ ခံရတဲ့ အမျိုးသမီးတွေအနေနဲ့ သိပါတယ်။ အမျိုးသမီးလို့ ပြောပေမယ့် အမျိုးသားတွေလည်း ခံရတာတွေရှိပါတယ်။ နောက်ပြီးတောLGBT(လိင်တူချစ်သူ)တွေလည်း ခံရတာရှိပါတယ်။ အဓိက အားနွဲ့တဲ့သူတွေကို အားကောင်းတဲ့သူတွေက မိမိတို့မှာရှိတဲ့ အင်အားကို အသုံးပြုပြီး ထိပါးနှောင့်ယှက်တယ်ဆိုတာ အနိုင်ကျင့်မှုတစ်ခုပဲလို့ ပြောချင်ပါတယ်။

မိန်းကလေးတွေအနေနဲ့ အရင်ဆုံး ကိုယ့်အကြည့်၊ အမူအရာနဲ့ ပြန်တုံ့ပြန်လို့ရပါတယ်။ ကိုယ့်အသံနဲ့တုန့်ပြန်လို့ရပါတယ်။ တစ်ခုခုမဟုတ်တော့ဘူး ဆိုရင် မဟုတ်မဟတ်ပြောနေတာပါ၊ မဟုတ်မဟတ် လုပ်နေတာပါဆိုပြီး ဘေးပတ်ဝန်းကျင်ကို အကူအညီတောင်းလို့ရပါတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် စော်ကားမှုတွေကို နှုတ်ဆိတ်နေဖို့ မလိုပါဘူး”

ဟု Strong Flowers Sexuality Education Sevice မှဒေါက်တာသက်စုထွေးက အကြံပြုထားသည်။

လုပ်ငန်းခွင်တွင် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုကြုံလာလျှင် နှုတ်ဆိတ်မနေဘဲ ကိုယ်နှင့် ရင်းနှီးသည့် မိတ်ဆွေသူငယ်ချင်း၊ မိသားစုဝင်တို့ကို ဖွင့်ပြောပြသင့်သည်။ ထို့ပြင် ရုတ်တရက် ဖြေရှင်းရမည့် ကိစ္စများလည်းရှိသေးသည်။ ထိုအခြေအနေတို့ ကြုံကြိုက်လာလျှင် ဖြေရှင်းနိုင်မည့် နည်းလမ်းကို Myanmar Women Self Defence Center သင်တန်းနည်းပြမစုမေက ယခုလို ပြောပြထားသည်။

“လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကြုံလာပြီဆိုရင် ကျွန်မတို့အမျိုးသမီးတွေက ဒီကိစ္စကို တုန့်ပြန်ဖို့၊ ပြောထွက်ဖို့အတွက် ရှက်ကြတယ်၊ အဓိကအားဖြင့် ကားပေါ်မှာ ဒီကိစ္စကို အကျယ်ကြီးအော်လိုက်ရင် ငါ့ကို လူတွေများ ဝိုင်းကြည့်ပြီး တစ်ခုခုပြောမလားဆိုပြီး ရှက်ကြတယ်။ တကယ်တော့ မဟုတ်ပါဘူး။ တကယ်တမ်းမှာ တကယ်အကြမ်းဖက်သူက ရှက်ရမှာပါ။ ခံရတဲ့သူ အပြစ်မဟုတ်ပါဘူး။ တကယ်တမ်း ပြောထွက်ဖို့ အရေးကြီးပါတယ်။ အမျိုးသမီးထုအားလုံး နည်းနည်းလေး သတ္တိရှိပေးပါ၊ ကျွန်မတို့ ဒီလို ပြောမထွက်ဘူးဆိုရင် ကျွန်မတို့အနိုင်ကျင့်ခံနေရတာတွေ၊ အကြမ်းဖက်ခံနေရတာတွေကို ဘယ်သူမှ သိမှာ မဟုတ်ဘူး။ ဘယ်သူမှ မသိရင် ဘယ်သူမှလည်း အကူအညီပေးလို့ မရပါဘူး။ ဒီတော့ ကိုယ့်မှာ ဖြစ်နေတဲ့ အကြောင်းတွေကို ပြောရဲပါစေ၊ ပြောရဲတဲ့ သတ္တိရှိပါစေ၊ ပြီးတော့ လိမ္မာပါးနပ်စွာနဲ့ တုန့်ပြန်တတ်ပါစေ”

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုခံရသူများတွင် မိန်းကလေးများသာမက ယောကျာ်းလေး၊ လိင်တူချစ်သူစသူတို့လည်းပါဝင်နေပေရာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှု ပပျောက်ရေးအတွက် အမျိုးသားထုတစ်ရပ်လုံး၏ ပူးပေါင်းဆောင်ရွက်မှုကလည်း လွန်စွာ အရေးပါလျက်ရှိပါသည်။

“အမျိုးသားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးတယ်၊ လိုလည်း လိုအပ်ပါတယ်။ ဘယ်လို ဆောင်ရွက်လို့ ရမလဲဆိုတော့ အဓိက သူများတွေကို သွားစတယ်ဆိုရင် ကိုယ့်မှာလည်းညီမလေး ရှိတယ်၊ ကိုယ်သွားစတဲ့ တစ်ယောက်က သူများရဲ့ ညီမလေး အစ်မ ဖြစ်နိုင်တယ်။ ဒီတော့ ကိုယ်ချင်းစာကြည့်ပါလို့ ပြောချင်တယ်။ ကိုယ့်ညီမလေးကို သူများကလာပြီး လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တာမျိုး လုပ်ရင် ကြိုက်သလား၊ ကိုယ့်အစ်မဆိုရင်ကော ကြိုက်သလား . . ဒါကိုပဲ ပြန်တွေးပြီး သူများကို မလုပ်ဖို့လိုတယ်။ နောက်တစ်ချက်က အမျိုးသားအချင်းချင်း စည်းရုံးဖို့ လိုတယ်။ ဒါက မှားတယ်ဆိုတာ ပြောဖို့ လိုတယ်။ “မင်း လုပ်နေတာ မှားနေတယ်”ဆိုတာကို ပြောသင့်တယ်။ အမျိုးသားအချင်းချင်း ဒါက ငါတို့ လုပ်နေကြပါကွာ”ဆိုရင်တော့ ဒီလို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ထိပါးမှုအဆင့်က တက်လာမှာ မဟုတ်ပါဘူး။ အရင်ထက်ဆိုရင်တော့ ဒီကိစ္စမှာ အ မျိုးသားတွေက အရင်ထက်ပိုပြီး ပူးပေါင်းဆောင်ရွက်လာကြတာကို တွေ့ပါတယ်။ ဒါပေမဲ့ ဒီ့ထက်ပို ပြီး ပူးပေါင်းလာရင် ပိုကောင်းမယ်လို့ ထင်ပါတယ်” ဟု Internews မှ Senior Media Trainer မတင်ဇာအောင်က ဆိုသည်။

နောက်ဆုံးအနေဖြင့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် စော်ကားမှုများ ပပျောက်စေရန် ထိရောက်သည့် ဥပဒေများကို တိကျစွာ ချမှတ်ထားသင့်ကြောင်း မတင်ဇာအောင်က ယခုလို ပြောပြထားသည်။

“လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုတွေအတွက် ထိရောက်တဲ့ ဥပဒေအကာအကွယ်တွေလည်း လိုအပ်ပါတယ်။ ဥပဒေကတော့ နည်းနည်းကွဲလိမ့်မယ်။ ကျွန်မတို့ရဲ့ ယဉ်ကျေးမှုအရ ရွှတ်ရွှတ်လို့ ခေါ်တာ ဘာဖြစ်လဲ၊ လာတိုင်ရင် အလုပ်တောင် ရှုပ်သေးတယ်လို့ ပြောလွှတ်မယ်။ အမှန်တကယ်က ရွှတ်ရွှတ်ဆိုပြီး နောက်ပြောင်တာကို တစ်ခုခုနဲ့ အထောက်အထားယူလိုက်တယ်၊ ဒါကို အရေးယူတယ်ဆိုရင် မခက်ပါဘူး။ နောက်တစ်ခုက သက်သေပေါ့။ အဓမ္မပြုကျင့်မှုမှာ သက်သေဆိုတာ မဖြစ်နိုင်တဲ့အတွက် ဆက်လက်စစ်ဆေးမှုအဆင့်ဆင့် လုပ်ရတယ်။ နောက်တစ်ခုက မြန်မာနိုင်ငံက ရဲတွေကိုလည်း Awareness လုပ်ရမယ်လို့ ထင်ပါတယ်။ မိန်းမက လာတိုင်တဲ့အခါ “တိုင်မနေပါနဲ့၊ နင့်ယောကျာ်းက လုပ်တာပဲ”ဆိုတာမျိုး . “ပြီးရင် နင်တို့နင်လင်မယားက ပြန်တည့်သွားမှာပဲ”ဆိုတာမျိုး . .ဒါမဟုတ်ဘူးလို့ ထင်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သိနားလည်မှုမရှိတဲ့ အမျိုးသားတစ်ယောက်က အမျိုးသမီးကို စစ်ဆေးမေးမြန်းတဲ့အခါ အမျိုးသမီးကိုစိတ်အနှောင့်အယှက်ဖြစ်စေတယ်လို့ ထင်ပါတယ်။ ဒါတွေအတွက် ရဲတွေကို သေချာလေ့ကျင့်ပေးထားစေချင်ပါတယ်။ အမျိုးသမီးရဲမေဖြစ်ကောင်းဖြစ်နိုင်တယ်။ ပြီးတော့ Sexual Harrashment ဘာပါဆိုတာကို အတိအကျပြဌာန်းထားတဲ့ ဥပဒေလိုအပ်ပါတယ်။ အခုအထိ ဥပဒေက တိတိကျကျ မထွက်လာသေးတဲ့အတွက် မျှော်လင့်နေပါတယ်”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top