Healthy Life Ad
Life Style

ကိုယ်ဝန်မရနိုင်သေးခြင်း အကြောင်းတရား ၁၀ ခု

– မီမိုးမေ (ဆေးဝါးတက္ကသိုလ်)

(၁) သားဥကြွေချိန်ကို မသိခြင်း

သားဥကြွေတဲ့ ၂၄ နာရီနဲ့ ၇၂ နာရီအတွင်းမှာ ဇနီးမောင်နှံအတူနေရင် ကိုယ်ဝန်ရနိုင်ခြေများပါတယ်။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ သားဥကြွေချိန်ကို သိထားသင့်ပါတယ်။

(၂) အမြန်စာ၊ အဆင်သင့်စာ၊ ဆီကြော်စာ စားလွန်းခြင်း

အမြန်စာ၊ အဆင်သင့်စာ၊ ဆီကြော်စာ၊ စားသောက်ဆိုင်က အစာတွေနဲ့ ဝေးဝေးမှာနေပါ။ ဒီအစာတွေက ကယ်လိုရီပါဝင်မှုများစေတဲ့အပြင် သကြားနဲ့ အဆီတွေတိုးစေပါတယ်။

(၃) အဝလွန်ခြင်း၊ ကိုယ်အလေးချိန်များခြင်း

ကိုယ်အလေးချိန်များတာက မျိုးအောင်နိုင်စွမ်းအပေါ် သက်ရောက်မှုရှိစေတဲ့ အကြောင်းရင်းတစ်ခုပါ။ အဝလွန်နေရင် ကိုယ်အလေးချိန် ၅-၁၀ ပေါင်ခန့် လျော့ကျလေလေ ကိုယ်ဝန်ရနိုင်ခြေ များလေလေဖြစ်ပါတယ်။

(၄) ဆေးလိပ်၊ အရက်သောက်လွန်းခြင်း၊ မူးယစ်ဆေး သုံးစွဲခြင်း

နေထိုင်စားသောက်မှုပုံစံမမှန်တာက မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးသုံးစွဲရင် မျိုးအောင်နိုင်စွမ်း လျော့ကျစေတာကြောင့် လင်ရောမယားပါ ဒါတွေဆင်ခြင်ရပါမယ်။

(၅) သုက်ကောင်ပြဿနာရှိခြင်း

သုက်ကောင်ကျန်းမာရေးကို ထိခိုက်စေတဲ့အချက်တွေက အရက်သောက်တာ၊ ဆေးလိပ်သောက်တာ၊ ကျန်းမာရေးနဲ့မညီတဲ့ အစားအသောက်စားတာ၊ ကိုယ်အလေးချိန်များတာ၊ ဓာတုပစ္စည်းထိတွေ့မှုများတာ စတာတွေဖြစ်ပါတယ်။

(၆) လိင်ဆက်ဆံမှုများလွန်းခြင်း

လိင်ဆက်ဆံမှုများလွန်းတာကလည်း အမျိုးသားတွေအနေနဲ့ သုက်ကောင်ကို ပြန်လည်အားဖြည့်ဖို့ ခက်ခဲသွားတာကြောင့် ကိုယ်ဝန်ရနိုင်ခြေနည်းပါတယ်။

(၇) အသက်ကြီးလွန်းခြင်း

အမျိုးသမီးတွေ အသက်ကြီးလာတဲ့အခါ မျိုးအောင်နိုင်စွမ်း လျော့ကျလာပါတယ်။ အသက် ၃၀ အရွယ်မှာ မျိုးအောင်နိုင်စွမ်း စကျလာပြီး ၃၅ နှစ် ကျော်တာနဲ့ တဖြည်းဖြည်း သိသိသာသာ လျော့ကျလာကာ ကိုယ်ဝန်ရဖို့ ခက်ခဲသွားတတ်ပါတယ်။

(၈) အချိန်စောင့်ရန် လိုအပ်ခြင်း

တချို့ဇနီးမောင်နှံတွေမှာ ကိုယ်ဝန်ရဖို့ အချိန်ယူရပါတယ်။ တစ်လအတွင်း ကိုယ်ဝန်ရနိုင်ခြေရှိတဲ့ အမျိုးသမီးက ၃၀ ရာခိုင်နှုန်း၊ သုံးလအတွင်း ကိုယ်ဝန်ရနိုင်ခြေရှိတဲ့ အမျိုးသမီးက ၆၀ ရာခိုင်နှုန်း၊ ၆လအတွင်း ကိုယ်ဝန်ရနိုင်ခြေရှိတဲ့ အမျိုးသမီးက ၈၀ ရာခိုင်နှုန်းနဲ့ တစ်နှစ်အတွင်း ကိုယ်ဝန်ရနိုင်ခြေရှိတဲ့ အမျိုးသမီးက ၈၅ ရာခိုင်နှုန်း ရှိပါတယ်။

(၉) စိတ်ဖိစီးမှုများလွန်းခြင်း

စိတ်ဖိစီးမှုများတာက ကော်တီစောဟော်မုန်း = ထွက်ရှိစေပြီး သားဥကြွေတာကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် ဖိစီးမှုကို တတ်နိုင်သမျှလျှော့ချပါ၊ အသက်ပြင်းပြင်း ရှူသွင်းပါ၊ အပန်းဖြေအနားယူပါ။

(၁၀) ကျန်းမာရေးပြဿနာရှိခြင်း

အမျိုးသမီး ၁၀ ဦးမှာ တစ်ဦးနှုန်းက သားဥအိမ်မှာ ရေအိတ်ငယ်လေးတွေစုလာတဲ့ ရောဂါစု (PCOS) ဒါမှမဟုတ် သားအိမ်တွင်းအမြှေးပါး ထူထဲခြင်း၊ သားဥအိမ်ဝေဒနာ စတာတွေဖြစ်နေတတ်သလို ဒီဝေဒနာတွေကြောင့် ကလေးရနိုင်ခြေခက်ခဲနေတတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top