Healthy Life Ad
Q & A

ကင်ဆာကာကွယ်ဖို့ရာ အဖြေရှာ

မေး. ကင်ဆာကာကွယ်နိုင်ဖို့ ဘယ်လိုအစားအသောက်တွေကို ရွေးချယ်စားသောက်သင့်ပါသလဲဆရာ။
နီလာထွန်း (FB)

ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ကူးစက်မဟုတ်တဲ့ ရောဂါတွေကို ကာကွယ်နိုင်တဲ့ အစားအသောက်တွေကို စားသောက်ပေးရင် ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ်။ အဲဒါတွေကတော့ လတ်ဆတ်တဲ့သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေကို များများစားသင့်ပါတယ်။ ကင်ဆာမဖြစ်အောင် နေထိုင်စားသောက်မှုပုံစံက ကျန်းမာရေးနဲ့ ညီညွတ်ဖို့လိုပါတယ်။ အမျိုးသမီးတွေအနေနဲ့ ရင်သားကင်ဆာမဖြစ်အောင် အပျိုဖော်ဝင်စအရွယ်ကတည်းက ကိုယ့်ရင်သားကို ကိုယ့်ဘာသာစမ်းသပ်သင့်ပါတယ်။ အပြောင်းအလဲတစ်ခုခုရှိတယ်ဆိုရင် မရှက်ပါနဲ့။ ဆရာဝန်နဲ့တိုင်ပင်ပါ။ သားအိမ်ခေါင်းကင်ဆာကျတော့ တခြားနိုင်ငံတွေမှာ လိင်ဆက်ဆံဖော်များတဲ့ အမျိုးသမီးတွေက အဖြစ်များပေမယ့် ဆရာတို့မြန်မာနိုင်ငံမှာ ကလေးများများ မွေးတဲ့သူတွေအဖြစ်များပါတယ်။ ဒါကြောင့် အသက် ၃၀-၄၀ အရွယ်ဆိုရင် သားအိမ်ခေါင်းအချွဲမြှေးယူပြီး စစ်ဆေးပါ၊ မရှိရင်ကာကွယ်ဆေးထိုးပါလို့ ပြောလိုပါတယ်။

အမျိုးသားတွေမှာ အဖြစ်များတာက အသည်းကင်ဆာပါ။ အသည်းကင်ဆာက အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးနဲ့ အရက်အလွန်အကျွံသောက်တာတွေကြောင့် ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဘီပိုးနဲ့ စီပိုး ရှိ၊ မရှိ စစ်ဆေးပါ။ ဘီပိုးမရှိရင် ကာကွယ်ဆေးထိုးပါ၊ စီပိုးရှိရင် ဆေးကုသမှု ခံယူသင့်ပါတယ်။ အသည်းရောင်အသားဝါ ဘီပိုးရှိသူတွေ အရက်သောက်ရင် ပိုဆိုးပါတယ်။ အမျိုးသမီးတွေမှာ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး မရှိဘဲ အသည်းကင်ဆာဖြစ်နှုန်း မြင့်တက်နေတာကို တွေ့ရပါတယ်။ အဲဒါကတော့ အသည်းအဆီဖုံးရောဂါဖြစ်ရာကနေ ကုသမှုမခံယူတာကြောင့် ဖြစ်ရတာပါ။

အမျိုးသားတွေမှာ အစာအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာနဲ့ အူမကြီးကင်ဆာဖြစ်နှုန်းလည်း မြင့်တက်တာကိုတွေ့ရပါတယ်။ ဝမ်းချုပ်လိုက်၊ ဝမ်းလျှောလိုက်ဖြစ်တာများရင်၊ ကိုယ်အလေးချိန်ကျရင်၊ ဝမ်းထဲသွေးပါရင် အူမကြီးကင်ဆာကို သတိထားသင့်ပါတယ်။ နောက်တစ်ခုက အမျိုးသားတွေဟာ အဆုတ်ကင်ဆာအဖြစ်များပါတယ်။ ဒါက ဆေးလိပ်သောက်တာကြောင့် အဖြစ်များပါတယ်။ ဆေးလိပ်သောက်တာကြောင့် ခံတွင်းကင်ဆာလည်း ဖြစ်နိုင်ခြေရှိပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံ (Healthy Lifestyle)ဟာ ကင်ဆာရောဂါတွေကိုသာမက ကူးစက်မဟုတ်တဲ့ ရောဂါတွေကိုလည်း ကာကွယ်နိုင်ပါတယ်။ ပြီးတော့ လေ့ကျင့်ခန်းကိုလည်း မှန်မှန်လုပ်ပေးဖို့ လိုပါတယ်။ ကင်ဆာအဖြစ် သံသယရှိခဲ့ရင်၊ မျိုးရိုးမှာကင်ဆာရှိပြီး ပြောင်းလဲတဲ့ ဝေဒနာတွေခံစားရရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ အမြန်ဆုံးသွားပြကြပါလို့ ပြောကြားလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top