Healthy Life Ad
Life Style

နောက်ကျောနာခြင်းအကြောင်း သိကောင်းစရာ

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း
မေး ။ ဘာကြောင့် နောက်ကျောနာရပါသလဲ ဆရာ။

ဖြေ ။ အလေးအပင် သယ်မတဲ့အခါ အနေအထား မမှန်တာ၊ အလေးအပင်တွေကို ကုန်းကုန်းကွကွ အနေအထားမျိုးနဲ့ ဆတ်ခနဲဆွဲမတာ၊ ထိခိုက်ဒဏ်ရာရတဲ့အခါ၊ အမြင့်ကနေပြုတ်ကျတဲ့အခါ၊ အချိန်အကြာကြီး မတ်တပ်ရပ်တဲ့အခါ၊ ထိုင်တဲ့အခါ၊ အိပ်ရာအဆင်မပြေတဲ့အခါ၊ အိမ်ရှင်မတွေ မီးပူတိုက် အဝတ်လျှော် အိမ်မှုကိစ္စတွေလုပ်တဲ့အခါ ကုန်းကုန်းကွကွအနေအထားမျိုးနဲ့ အကြာကြီး လုပ်ဆောင်တာစတဲ့ ကိုယ်နေဟန်မမှန်တာတွေကြောင့် နောက်ကျောနာတတ်ပါတယ်။

မေး ။ နောက်ကျောနာခြင်းမဖြစ်အောင် ဘယ်လိုနေထိုင်ပြုမူသင့်ပါသလဲ ဆရာ။

ဖြေ ။

နောက်ကျောနာတဲ့ ဝေဒနာမဖြစ်အောင် အနေအထိုင်အပြုအမူကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။ ဥပမာ အလေးအပင်တစ်ခုခု သယ်မတော့မယ်ဆိုရင် ဒူးလေးကို ကွေးပြီး သယ်မဖို့ လိုပါတယ်။ အလုပ်အကိုင်တွေနဲ့ ဆိုင်ပြီး နောက်ကျောနာတဲ့ ဝေဒနာ အဖြစ်များပါတယ်။

တချို့ကလည်း ပင်ပင်ပန်းပန်း လုပ်ရတယ်၊ တချို့ကလည်း အားကစားလုပ်ရင်း ဖြစ်ရတယ်၊ တချို့ကလည်း အခန့်မသင့်လို့ ဖြစ်ရတယ်။ ထိခိုက်ဒဏ်ရာမရအောင် အမြင့်ကနေ ပြုတ်မကျအောင် သတိထားသွားလာသင့်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ခါးနာတယ်၊ နောက်ကျောနာတယ်ဆိုရင် မပေါ့ဆဘဲနဲ့ သေချာကုသမှု ခံယူသင့်ပါတယ်။

မေး ။ နောက်ကျောနာသွားပြီဆိုရင် ပျောက်ကင်းအောင် ဘယ်လိုကုသမှုခံယူသင့်ပါသလဲ ဆရာ။

ဖြေ ။ နောက်ကျောနာနေပြီဆိုရင် ရောဂါအတိမ်အနက်ပေါ်မူတည်ပြီး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ ကျောရိုးဆစ်က ကျွံကျတာ၊ ချော်သွားတာတွေဖြစ်ပြီး သူ့လမ်းကြောင်းမှာရှိတဲ့ အာရုံကြောတွေကို သွားထိတဲ့အခါ သက်ဆိုင်ရာ အာရုံကြောတွေအလိုက် ခံစားရတတ်ပါတယ်။ အဲဒီအတိမ်အနက်ပေါ်မူတည်ပြီး ရောဂါလက္ခဏာတွေက ကွာခြားသွားပါတယ်။

ပြင်းထန်တဲ့ အခြေအနေဆိုရင် ပျောက်တော့ သိပ်မပျောက်နိုင်တော့ဘူး။ သက်သာအောင်ပဲကုသမှုပေးလို့ရပါတယ်။သူထောက်ပံ့ပေးနေတဲ့ အာရုံကြောတွေဖြစ်တဲ့ ခါးအာရုံကြောထိရင် ခါးနာတယ်၊ ခြေထောက်ကို သွားတဲ့ အာရုံကြောထိရင် ခြေထောက်ထုံတယ်၊ ကောင်းကောင်း လမ်းလျှောက်လို့ မရဘူး၊ ဒီ့ထက် ပြင်းထန်တဲ့သူတွေမှာ အောက်ပိုင်းသေသွားတာတွေ ရှိပါတယ်။ ဒါတွေနဲ့ ဆက်စပ်ပြီး ဆီး၊ ဝမ်းချုပ်သွားတာတွေလည်း ရှိပါတယ်။ ဒီလိုအခြေအနေမျိုးဆိုရင်တော့ ဆေးရုံကို အရေးပေါ်တက်ပြီး ခွဲစိတ်ကုသမှု ခံယူရမှာပဲဖြစ်ပါတယ်။

မေး ။ နောက်ကျောနာခြင်းနဲ့ ပတ်သက်ပြီး ထပ်မံဖြည့်စွက်ပြောကြားလိုတာရှိရင် သိပါရစေ ဆရာ။

ဖြေ ။ နောက်ကျောနာတဲ့ဝေဒနာမဖြစ်အောင် အနေအထိုင်ကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အလုပ်အကိုင်ကြောင့်ပဲဖြစ်ဖြစ်၊ အနေအထိုင်မှားလို့ပဲ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ခါးနာတယ်၊ နောက်ကျောနာတယ်ဆိုရင် ဆရာဝန်နဲ့ ပြပြီး ဆေးသောက်ဖို့ လိုရင် သောက်ဖို့၊ ဓာတ်မှန်ရိုက်ဖို့လိုရင် ရိုက်ဖို့ လိုအပ်ပါတယ်။ အခန့်မသင့်လို့ အာရုံကြောထိသွားပြီဆိုရင် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ခံစားရတတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top