Healthy Life Ad
Life Style

အရေးပေါ် စိတ်ကျန်းမာရေးပြဿနာများ ( ၄ ) “ကိုမုန်တိုင်း”

ဒေါက်တာအုန်းကျော်(စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး – အငြိမ်းစား)

အထွေထွေရောဂါကု ဆေးရုံကြီး၊ အရေးပေါ်အပြင်လူနာကုဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ သူနာပြု ၄၂ ရာခိုင်နှုန်းက လူနာတွေရဲ့ နှုတ်အားနဲ့ အကြမ်းဖက်တာ ခံရတဲ့ အတွေ့အကြုံရှိတယ်။ ၁၂ ရာခိုင်နှုန်းကတော့ ကိုယ်ထိလက်ရောက်အကြမ်းဖက်ခံရတယ်။ အရေးပေါ် ဆေးကုဌာနဝန်ထမ်းတွေကို အကြမ်းဖက်တဲ့ လူနာတွေထဲမှာ ၅၅ ရာခိုင်နှုန်းက အရက်မူးနေတယ်။ ၄၆ ရာခိုင်နှုန်းက မူးယစ်ဆေးတစ်မျိုးမျိုး မူးယစ်နေတယ်။ ၄၅ ရာခိုင်နှုန်းကတော့ စိတ်ကျန်းမာရေးပြဿနာတစ်ခုခု ခံစားနေရပါတယ်။

အကြမ်းဖက်တဲ့ လူနာကို ကြည့်ရှုစစ်ဆေးတဲ့အခါ ကျန်းမာရေးဝန်ထမ်းတွေရဲ့ လုံခြုံရေးကို အလေးထားရပါတယ်။ အကြမ်းဖက်နေတဲ့ လူနာကို ထိန်းချုပ်ဖို့လုပ်နည်းလုပ်ထုံးတွေရှိပါတယ်။ လူနာကိုချဉ်းကပ်တဲ့အခါ ရန်လိုတဲ့ အမူအရာမပြရဘူး။ ညင်ညင်သာသာ ပြောဆိုရမယ်။ နှစ်သိမ့်စကား ပြောရမယ်။ လူနာနဲ့ငြင်းခုန်ရင် ပိုပြီးဆိုးလိမ့်မယ်။

စိတ်ကျန်းမာရေး ပြဿနာခံစားနေရတဲ့ လူနာကို စစ်ဆေးတဲ့အခါ လူနာက အကြမ်းဖက်ဖို့ အလားအလာ ဘယ်လောက်အထိ ရှိနိုင်သလဲဆိုတာကို စုံစမ်းမေးမြန်းရပါတယ်။

အကြမ်းဖက်ဖို့ အလားအလာများတဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို သိရှိထားရမယ်။

(၁) မိသားစုရာဇဝင်- မိသားစုထဲမှာ အရက်စွဲ၊ မူးယစ်ဆေးစွဲသူရှိခြင်း၊ လက်နက်အသုံးပြုပြီး ခိုက်ရန်ဒေါသ ဖြစ်တတ်သူရှိခြင်း၊ တစ်ဦးနဲ့ တစ်ဦး အကြမ်းဖက်တိုက်ခိုက်တဲ့အလေ့အထရှိခြင်း၊ ရိုက်နှက်ပြီး အပြစ်ဒဏ်ပေးတဲ့ အကျင့်ရှိခြင်း၊ စည်းကမ်းတကျကွပ်ကဲထိန်းချုပ်မှု လျော့နည်းခြင်း။

(၂) ကျောင်းသားဘဝ မှတ်တမ်း- ကျောင်းတွင်းမှာ ခိုက်ရန်ဖြစ်ပွားခြင်း၊ ကျောင်းထဲကို လက်နက်ယူဆောင်လာခြင်း၊ ကျောင်းပြေးခြင်း၊ ကျောင်းစည်းကမ်းဖောက်မှုကြောင့် ကျောင်းထုတ်ခံရခြင်း၊ တခြားကျောင်းသားတွေကို ခွန်အားသုံးပြီး အနိုင်ကျင့်ခြင်း။

(၃) ကိုယ်ရေးရာဇဝင်- ငယ်စဉ်က ညှင်းပန်းနှိပ်စက်တာခံရခြင်း၊ အမျက်ဒေါသကြီးခြင်း၊ အကြမ်းဖက်တိုက်ခိုက်မှုရှိခြင်း၊ တိရစ္ဆာန်တွေကို ညှင်းဆဲနှိပ်စက်တတ်ခြင်း၊ အပေါင်းအသင်းမဆံ့ခြင်း၊ လူဆိုးဂိုဏ်းအဖွဲ့ဝင်ဖြစ်ဖူးခြင်း၊ မိမိအမှားအတွက် သူတစ်ပါးကိုသာ အပြစ်ဖို့တတ်ခြင်း၊ အရက်စွဲခြင်း၊ မူးယစ်ဆေးစွဲခြင်း၊ ဆုံးရှုံးနစ်နာမှု၊ ပစ်ပယ်ခံရမှု၊ အရှက်တကွဲဖြစ်မှု၊ သိက္ခာချခံရမှု စတဲ့အတွေ့အကြုံတွေနဲ့ရင်ဆိုင်နေရခြင်း၊ လက်နက်ကိရိယာတွေမှာ စိတ်ဝင်စားမှုရှိခြင်း။

(၄) ပတ်ဝန်းကျင်အခြေအနေ- ဆင်းရဲနွမ်းပါးလွန်းတဲ့ ရပ်ကွက်၊ အချင်းချင်း ရိုင်းပင်းကူညီမှုမရှိတဲ့ ရပ်ကွက်၊ လူဆိုးလူမိုက်ပေါများတဲ့ ရပ်ကွက်စတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ကြီးပြင်းခဲ့ခြင်း။

အခုဖော်ပြခဲ့တဲ့ အချက်အလက်တွေကို အကြမ်းဖက်တတ်သူတွေထဲမှာ တွေ့ရှိရပါတယ်။ ဒါပေမဲ့ အဲဒီလိုကိုယ်ရေးရာဇဝင်တွေ ရှိသူတိုင်း အကြမ်း ဖက်တတ်သူမဟုတ်ပါဘူး။

ဒါကြောင့် လူနာကို စစ်ဆေးတဲ့အခါ လောလောဆယ် အကြမ်းဖက်မယ့်အခြေအနေ ရှိ၊ မရှိကိုလည်း ဦးစားပေးစစ်ဆေးမေးမြန်းရတယ်။ လောလောဆယ် အကြမ်းဖက်ဖို့ အလားအလာများတဲ့ မီးနီပြလက္ခဏာတွေကတော့-

(၁) မကြာခင်က အကြမ်းဖက် တိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်း၊

(၂) အကြမ်းဖက်ရန် နှုတ်အားဖြင့် ခြိမ်းခြောက်နေခြင်း၊

(၃) အကြမ်းဖက်တိုက်ခိုက်ရန် စိတ်ကူးနေခြင်း၊ အစီအစဉ်ရှိခြင်း။ (လူနာက ယင်းစိတ်ကူးတွေကို တစေ့တစောင်းပြောတာရှိမယ်။ ရေးမှတ်ထားတာရှိမယ်။)

(၄) ဂနာမငြိမ်လှုပ်ရှားတက်ကြွနေခြင်း

(၅) အရက်မူးနေခြင်း၊ မူးယစ်ဆေးမူးနေခြင်း၊

(၆) မယုံသင်္ကာစိတ်၊ သံသယစိတ်လွန်ကဲနေခြင်း

(၇) အကြမ်းဖက်တိုက်ခိုက်ဖို့ တိုက်တွန်းအားပေးနေတဲ့ စကားပြောသံများကိုကြားနေခြင်း

(၈) စိတ္တဇရောဂါ၊ စိတ်ကြွရောဂါ၊ ကယောင်ကတမ်း ရောဂါလက္ခဏာများကို ခံစားနေရခြင်းစတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။လောလောလတ်လတ် အကြမ်းဖက်မယ့် အန္တရာယ်ရှိတဲ့ လူနာကို စဉ်းစားလိုက်တော့ ဖလင့်ကို သတိရမိပါတယ်။

_ _ _

နယူးဇီလန်နိုင်ငံ၊ ရောနီပြည်နယ်မှာ စာရေးသူ တာဝန်ထမ်းဆောင်စဉ်က ဖြစ်တယ်။ ဖလင့်က အသက် ၃၀ အရွယ်အိမ်ထောင်ရှင်ဖြစ်တယ်။ ဖလင့် ငယ်စဉ်က အာရုံစိုက်မှု ချို့ယွင်းလှုပ်ရှားမှုလွန်ကဲရောဂါ(ADHD)ဖြစ်ဖူးတယ်လို့သိရတယ်။ အရွယ်ရောက်လာတော့ စိတ်လှုပ်ရှားလွယ်၊ ဒေါသထွက်လွယ်တဲ့ အကျင့်ပါလာတယ်။ ကျောင်းမှာ ခိုက်ရန်ဖြစ်ပွားဖူးတဲ့ မှတ်တမ်းရှိတယ်။ အထက်တန်းကျောင်းအဆင့်မှာ ကျောင်းထွက်ပြီး ဘိလပ်မြေခင်းအလုပ်ကြမ်းသမား လုပ်ပါတယ်။ အရက်နဲ့ မူးယစ်ဆေး မကြာခဏ သုံးစွဲတတ်တယ်။ အရက်မူးရင် သွေးဆိုးတတ်တဲ့အကျင့် ရှိတယ်လို့ သိရတယ်။

လွန်ခဲ့တဲ့ ၂ ရက်လောက်က သူ့ဇနီးဆေးရုံပေါ်မှာ သားဦးလေး မွေးဖွားပါတယ်။ ကလေးကိုယ်အလေးချိန်မပြည့်လို့ ကလေးနဲ့မိခင်ကို ဆေးရုံကဆင်းခွင့်မပေးသေးဘူး။ ဒီနေ့ ဖလင့်ဆေးရုံရောက်လာပြီး သူ့ဇနီးနဲ့ သားငယ်ကို ဆေးရုံက ဆင်းပေးဖို့ တောင်းဆိုနေပါတယ်။ သူနာပြုက အကျိုးအကြောင်း ရှင်းပြပေမယ့် ဖလင့်က လက်မခံဘူး။ သူ့ဇနီးကတောင်းပန်တာကိုလည်း အလေးမထားဘူး။ သူ့သားငယ်ကို အိမ်မှာ သူကိုယ်တိုင်ကြည့်ရှုပေးနိုင်တယ်။ အထူးကုသူနာပြုကို ငှားရမ်းပေးမယ်လို့ပြောတယ်။ ပြောပြောဆိုဆို ဖလင့်က မွေးကင်းစကလေးကုသဆောင်ထဲကို ပြေးဝင်ဖို့ ကြိုးစားတယ်။ သူနာပြုတွေက ဝိုင်းဝန်းတားဆီးတော့ ဖလင့်က နံရံကို လက်သီးနဲ့ ထိုးပါတယ်။ အရေးပေါ် အချက်ပေးခေါင်းလောင်းသံကြားလို့ ဆေးရုံလုံခြုံရေးအမှုထမ်းတွေ ရောက်လာပြီး ဖလင့်ကို ထိန်းချုပ်ထားရတယ်။

ဖလင့်ကို ထိန်းချုပ်ထားတဲ့ အခန်းထဲမှာ ဖလင့် နဲ့အတူ လုံခြုံရေးအမှုထမ်းနှစ်ယောက်၊ သူနာပြုနှစ်ယောက်နဲ့ လက်ထောက်ဆရာဝန် အယ်လီဇဘက်ကို စာရေးသူတွေ့ရှိရတယ်။ လူကို လှုပ်လို့မရအောင် ထိန်းချုပ်ထားပေမယ့် ဖလင့်ပါးစပ်က အငြိမ်မနေဘူး။ ဘေးက ဝန်ထမ်းတွေကို “F” သံပါတဲ့ စကားလုံးတွေနဲ့ဆဲရေးတိုင်းထွာနေတယ်။ “ငါ့ကို ဘာထင်လို့လဲ”၊ “ခင်ဗျားတို့ အလုပ်ပြုတ်သွားမယ်မှတ်”စသဖြင့် ခြိမ်းခြောက်နေပါတယ်။

ဒေါက်တာအယ်လီဇဘတ်က ရှင်းပြပါတယ်။“ဖလင့်ကို ကျွန်မစစ်ဆေးတော့ ဒီနေ့ စိတ်ကြွမူးယစ်ဆေးသောက်ထားတယ်လို့ပြောတယ်။

ဖလင့်စကားပြောတာ မြန်လွန်းတယ်။ ပြောလိုက်တဲ့ စကားတွေကလည်း ရွှန်းရွှန်းဝေနေတာပဲ။ လိုက်လို့မမှီဘူး။ ကြွားဝါတဲ့ လေသံကလည်း ပါသေးတယ်။ ကျွန်မ စစ်ဆေးနေတုန်း ဖလင့်က အငြိမ်မနေဘူး။ မနေ့ညက တစ်ညလုံး မအိပ်ဘူးလို့ ပြောပါတယ်။ အိပ်ချင်စိတ်လည်း မရှိဘူး။ မအိပ်ရလို့ မောပန်းတာလည်း မခံစားရဘူးတဲ့။ သူ့စိတ်ခံစားမှုကို မေးစမ်းကြည့်တော့

ပျော်မှပျော်၊ အရမ်းပျော်နေတယ်လို့ ပြောတယ်။ သူ့ဇနီးနဲ့ သားလေးကို ဆေးရုံက ဆင်းခွင့်မပေးနိုင်သေးဘူးလို့ ပြောတော့ ရယ်မောနေရာက ချက်ချင်းဒေါသထွက်လာပြီး ကျွန်မကို ခြိမ်းခြောက်တယ်။ ဖလင့်အပြုအမူတွေက ပြောင်းလဲလာတာ တစ်ပတ်ကျော်လောက်ရှိပြီလို့ သူ့ဇနီးကပြောပါတယ်။ ဒီနေ့ပိုပြီးဆိုးနေတယ်တဲ့”

“ဖလင့်ရောဂါနဲ့ ပတ်သက်ပြီး ဒေါက်တာအယ်လီဇဘတ် ဘယ်လိုသဘောရသလဲ”

“စိတ်ကြွရောဂါဖြစ်နိုင်တယ်လို့ ကျွန်မ ထင်ပါတယ်။ စိတ်ကြွမူးယစ်ဆေး မူးနေတာလည်း ဖြစ်နိုင်ပါတယ်”

“နှစ်မျိုးစလုံး တစ်ပြိုင်တည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် အခုချိန်မှာ အကြမ်းဖက်ဖို့ အလားအလာများတဲ့ မီးနီပြလက္ခဏာတွေ ရှိနေတယ်။ ဖလင့်က သူ့စိတ်ရောဂါအခြေအနေကို အမှန်အတိုင်း မမြင်နိုင်ဖြစ်နေတယ်။ ဒါကြောင့် ဆေးရုံတင်ထားဖို့ လိုအပ်ပါတယ်။ မုန်တိုင်းပြေပြီး လေငြိမ်သွားတဲ့အထိ ကြည့်ရှုစောင့်ရှောက်ပေးရမယ်”

“ကျွန်မကတော့ ဖလင့်ကိုမြွေဟောက်လို့ပြောချင်တယ်။ အကြမ်းဖက်တိုက်ခိုက်ဖို့ ပါးပျဉ်းထောင်နေသလိုပဲ”

“မှန်ပါတယ် ဒေါက်တာအယ်လီဇဘက်၊ ဒါပေမဲ့ ငြိမ်ငြိမ်လေး ခွေနေပေမယ့် အကြမ်းဖက်တိုက်ခိုက်ဖို့ကြံစည်နေတဲ့ မြေပွေးလို လူနာမျိုးကို ပိုမိုသတိထားရမယ်”

ရှေ့တစ်ပတ်ဆက်လက်ဖတ်ရှုပါရန်

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top