Healthy Life Ad
Life Style

သားအိမ်အတွင်းမြှေးကင်ဆာနဲ့ မိန်းမကိုယ်အမိုးကင်ဆာကုသအောင်မြင်ပြီး သုံးနှစ်အကြာပြန်ဖြစ်တဲ့အဆုတ်ကင်ဆာကို သတ္တိရှိရှိရင်ဆိုင်နေသူ ဒေါ်မိမိမော်

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

မှတ်မှတ်ရရ ထိုနေ့က ၂၀ဝ၈ ခုနှစ် မေလ ၃ ရက်။ မေ၂ ရက်နေ့ညတွင် နာဂစ်မုန်တိုင်းတိုက်ခတ်ထားသဖြင့် ရန်ကုန်မြို့နေရာဒေသအတော်များများ သစ်ပင်များလဲကျ၊ အိမ်ခေါင်မိုးများလန်ထွက်၊ အိမ်အချို့ပျက်စီးထိခိုက်၊ မီးကြိုးများ ဓာတ်တိုင်များ ပျက်ကျ . . စသဖြင့် သဘာဝဘေးအန္တရာယ်က ပေးသော ဘေးထွက်ဆိုးကျိုးများကြောင့် သွားလာ၍ မရတော့။ သို့ဖြစ်၍ ရန်ကုန်မြို့တွင် ကျောင်း၊ သင်တန်း၊ ဈေး၊ အလုပ်များပင် ခေတ္တပိတ်ထားရ၏။ သို့ ဖြစ်ရာ လူအများ ကိုယ့်အိမ်အတွင်းမှာပင် အပျက်အစီးများ ရှင်းလင်းကြ၊ ရေ၊ မီးပြတ်တောက်သည့် အခက်အခဲများ ဖြေရှင်းရန် ကြံဆကြနှင့် အားလုံး ကိုယ်ရော စိတ်ပါရှုပ်ထွေးဗျာများနေကြရသည်။ နာဂစ်ကြောင့် သောက အရောက်ဆုံးလူအများထဲတွင် ဒေါ်မိမိမော်တို့ ဇနီးမောင်နှံလည်း ပါဝင်နေလိမ့်မည်။

“ဘယ်လိုပဲဖြစ်ဖြစ် အဲဒီနေ့မှာ အစ်မ မဖြစ်မနေဆေးရုံတက်ရမယ်လေ။ အစ်မတို့ လင်မယား နှစ်ယောက် ကိုယ်ပိုင်ကားလည်း မရှိတော့ ဆေးရုံသွားဖို့ ကားငှားရတာ အတော်လေး အခက်အခဲကြုံခဲ့ရတယ်။ ငှားလို့ရတော့လည်း ကား CNG ပြတ်တောက်သွားတဲ့အတွက် ဈေးအဆမတန်ကြီးတယ်”နောက်ဆုံးတွင် ဒေါ်မိမိမော်တို့ဇနီးမောင်နှံသည် အခက်အခဲများကြားမှပင် ကြိုတင်ရက်ချိန်းပေးထားသည့် ပုဂ္ဂလိကဆေးရုံတစ်ခုသို့ အထုပ်အပိုးများဖြင့် မဖြစ်ဖြစ်အောင် အရောက်သွားနိုင်ခဲ့၏။ သို့ရာတွင် ဆေးရုံရောက်တော့ နာဂစ်ကြောင့် လူနာအားလုံးဆင်းသွားကြပြီ။ ဆေးရုံခွဲစိတ်ခန်းကလည်း မှန်ကွဲပြီး ပျက်စီးသွားရာ ခွဲစိတ်ကုသရန် အဆင်မပြေတော့။

“ဘာလုပ်ရမှန်းမသိ စိတ်ညစ်နေတုန်း ဆရာ ဦးသိန်းမြင့်သူက သူ့ဖုန်းနံပါတ်ပေးတာ သတိရတာနဲ့ ဆက်သွယ်လိုက်တော့ အစ်မ ပင်လုံဆေးရုံမှာ တက်ခွင့်ရသွားတယ်။ လမ်းမှာလည်း အခက်အခဲအမျိုးမျိုးနဲ့သွားရတာ။ အစ်မကင်ဆာကလည်း အနာတခြား၊ ဆေးတခြားဖြစ်ပြီး ၆ လလောက် နောက်ကျထားတော့ ဆေးရုံကို ဘယ်လောက်ခက်ခဲ၊ ခက်ခဲမရောက်ရောက်အောင် သွားမယ်ဆိုတဲ့ စိတ်နဲ့ အားတင်းသွားခဲ့တယ်”ဟု ဒေါ်မိမိမော်က ကင်ဆာကုသမှုဆိုင်ရာအခက်အခဲများ ဝေမျှခဲ့သည်။

ယခုအခါအလယ်အလတ်အခွန်ထမ်းများ ဆိုင်ရာ အခွန်ရုံး (၂) တွင် ဒုတိယဦးစီးမှူးအဖြစ် တာဝန် ထမ်းဆောင်နေသူ အသက် ၅၁နှစ်အရွယ် ဒေါ်မိမိမော်က သားအိမ်တွင်းမြှေးကင်ဆာ စတင်တွေ့ရှိခဲ့ပုံ အကြောင်းကို ပြန်လည်ပြောပြခဲ့သည်။

“၂၀ဝ၇ ခုနှစ်မှာ ရာသီလာတာလည်း မဟုတ်ဘဲနဲ့ ကြိုးကြားကြိုးကြား သွေးနည်းနည်းဆင်းနေတာ နဲ့ သားဖွားမီးယပ်ပါရဂူတစ်ဦးနဲ့ ပြခဲ့တယ်။ သူက ဆေးပေးလိုက်၊ ချိန်းတဲ့ ရက်ပြန်ပြလိုက်၊ မသက်သာလိုက်၊ ဆေးပြောင်းပေးလိုက်နဲ့ ၁၀ လလောက်ကြာသွားတယ်။ မသက်သာခဲ့ဘူး။ အရင်ကတည်းက အစ်မရာသီလာရင် ကိုက်ခဲနာကျင်တာနဲ့ ဗိုက်အောင့်တာတွေဖြစ်တတ်တော့ ဒီဝေဒနာတွေကိုတော့ အလေးအနက်မထားခဲ့ဘူး။ ဖြစ်ချင်တော့ အစ်မက အသက် ၄၀ ကျော်မှ အိမ်ထောင်ကျတာ၊ အိမ်ထောင်ကျ နောက်ကျတယ်ဆိုပေမယ့် အမျိုးသားက ကလေးလိုချင်တော့ သူငယ်ချင်းတစ်ယောက်က ညွှန်တယ်။ ဆရာ့ဆီ ကလေးလိုချင်လို့သွားပြတာ။ ဆရာကြီးနဲ့ ပြတဲ့နေ့မှာပဲ သေချာစမ်းသပ်ပေးတယ်။ ပုံဆွဲပြီး ရှင်းပြတယ်။ “သမီးရဲ့သားအိမ်ထဲမှာ ဗြုက်လေးတွေထနေတယ်၊ ဒါကြောင့် သားအိမ်ခေါင်းထဲက အချွန်လေးတွေထုတ်ပြီး Biopsy (တစ်သျှူး အသားစယူစစ်ဆေးမှု) လုပ်ကြည့်ဖို့လိုတယ်။ ကင်ဆာမဟုတ်ရင် လောလောဆယ်ခံစားနေရတဲ့ ဝေဒနာတွေကို ကုပြီးသွားပြီ”လို့ ရှင်းပြခဲ့တယ်။ နောက်တစ်နေ့မှာပဲ အီးစီဂျီဆွဲတာ၊ အာထရာဆောင်းရိုက်တာတို့လုပ်ပြီး ဆေးရုံကို တစ်ရက်တက်ရတယ်။ အဲဒီမှာ အဖြေက သားအိမ်အမြှေးပါးကင်ဆာဖြစ်နေတယ်”

လူနာအများစုက ကင်ဆာဟုသိလိုက်လျှင် ခြေမကိုင်မိ၊ လက်မကိုင်မိ၊ ကိုယ့်ခန္ဓာကိုယ်ထဲကင်ဆာရှိနေသည်ကို လက်မခံလိုကြ၊ သို့ဖြစ်ရာ အချို့ဆိုလျှင် ဆေးရုံ၊ ဆေးခန်းရှောင်ပြေးမှုများပင် လုပ်တတ်သည်။

“အစ်မလည်း ကြောက်တာပေါ့။ ဒါပေမဲ့ လူဆို တာ သေမျိုးပဲ . . ကင်ဆာရှိမှန်း သိတော့လည်း အနှေးနဲ့အမြန် ဘယ်အချိန် သေမယ်ဆိုပြီး သိခွင့်ရတာပေါ့ဆိုပြီး ဖြေလိုက်တယ်။ မသေခင် ဘာတွေ ကြိုပြင်ဆင်ရမလဲ၊ လူမှုရေးအလုပ်တွေ ဘာတွေလုပ်သွားဖို့ ရှိသလဲစတာတွေကို ပြင်ဆင်ရင်း ဘုရားတရားအားထုတ်နိုင်တာပေါ့လို့ ကိုယ့်ကိုယ်ကိုယ်ဖြေတွေး တွေးပစ်လိုက်တယ်”ဟု ဒေါ်မိမိမော်ကဆိုသည်။

သို့ဖြစ်ရာ ‘အမြန်ဆုံးခွဲစိတ်ဖို့လိုတယ်’ဆိုသော ဆရာဝန်ကြီး စကားကြားကြားချင်း ရုံးအားရက် တနင်္ဂနွေနေ့တွင် ခွဲစိတ်ရန် သတ်မှတ်ပြီး စနေနေ့ တွင် ဆေးရုံတက်ရန် ဆုံးဖြတ်ခဲ့၏။

“ခွဲစိတ်ရမယ်ဆိုတော့လည်း ဒီလိုခွဲတာက ကိုယ်အသက်ရှင်ဖို့ဆိုတဲ့ စိတ်ကို အမြဲတွေးထားခဲ့တယ်။ အဲဒါကြောင့် ကြောက်စိတ်မဖြစ်ခဲ့ဘူး။ ခွဲခန်းကို ဘီးတပ်ကုလားထိုင်နဲ့ လာခေါ်တာတောင် လမ်းလျှောက်ပြီးပဲ သွားခဲ့တယ်။ ခွဲတဲ့အခါမှာ သွေးပေါင်ကျတာ၊ သွေးတိုးတာ မဖြစ်ခဲ့ဘူး။ အရင်က နှလုံးမကောင်းခဲ့ပေမယ့် ခွဲခန်းမှာ နှလုံးရောဂါထတာဘာညာမဖြစ်ခဲ့ဘူး”ဟု ဒေါ်မိမိမော်က ဆိုသည်။

နာဂစ်မုန်တိုင်း၏ သက်ရောက်မှုကြောင့် သွားရေး၊ လာရေးခက်ခဲလှသဖြင့် ပင်လုံဆေးရုံတွင် ခွဲစိတ်ပြီး ချုပ်ရိုးဖြည်မှပင် ဆေးရုံက ဆင်းခဲ့ရာ ၁၀ ရက်ကြာသွားကြောင်း၊ သို့ရာတွင် ဓာတ်ရောင်ခြည်ကုထုံးနှင့် ကင်ဆာဆေးသွင်းကုထုံးတို့ မလုပ်ခဲ့ရဘဲ သောက်ဆေးတစ်မျိုးတည်းနှင့် သက်သာသွားခဲ့ကြောင်း သိရသည်။

ဒေါ်မိမိမော်အတွက် ကင်ဆာဆိုသည့် ရောဂါက အထူးအဆန်းမဟုတ်ဘဲ မိခင်ဖြစ်သူက အဆုတ်ကင်ဆာ၊ အစ်မဝမ်းကွဲဖြစ်သူက ရင်သားကင်ဆာတို့ ခံစားခဲ့ရဖူးကြောင်း သိရသည်။

သားအိမ်အတွင်းမြှေးကင်ဆာကြောင့် သားအိမ်တင်မက သားဥအိမ်နှစ်ဖက်နှင့် အူအတက်တို့ကိုပါထုတ်ခဲ့ရသည့် ဒေါ်မိမိမော်သည် သုံးလတစ်ကြိမ်၊ ခြောက်လတစ်ကြိမ် စသဖြင့် ဆရာဝန်နှင့် ပြန်လည်ပြသနေခဲ့သော်လည်း အလုပ်တာဝန်အရနေပြည်တော်သို့ ပြောင်းရွှေ့ခဲ့ရသည်။

ဆရာပါမောက္ခဦးသိန်းမြင့်သူအား အလုပ်ထွက်သင့်သလားဟု တိုင်ပင်သည့်အခါ-“အလုပ်မထွက်နဲ့၊ အိမ်မှာ အိပ်လိုက်၊ စားလိုက်၊ ရောဂါအကြောင်း စဉ်းစားလိုက်နဲ့ဆို ကျန်းမာရေး ပိုဆိုးသွားလိမ့်မယ်။ အလုပ်ကို ဆက်လုပ်ပါ၊ အထက်လူကြီးကို အကျိုးအကြောင်းပြောပြပြီး စိတ်နဲ့ကိုယ်ပင်ပန်းစေမယ့် အလုပ်တွေကို ရှောင်ကြဉ်ရမယ်”ဟု မှာလိုက်သည့်အပြင် ကင်ဆာလူနာတစ်ဦးသည်-

အိပ်ရေးဝ၀ အိပ်စက်အနားယူရမည်၊

တရားထိုင်ရမည်၊

အားရှိအောင် စားရမည်၊ နေ့စဉ်အရောင်၊ အမျိုး မတူသော သစ်သီးဝလံ အနည်းဆုံး ငါးမျိုးစား ရမည်၊ အသားရှောင်ပြီး သက်သတ်လွတ်စားရမည်၊

ဆီး၊ ဝမ်းမချုပ်စေရန် ရေများများသောက်ရမည်၊

တစ်နေ့ ခြေလှမ်းသုံးထောင် လှမ်းလျှောက်ရမည်

ဆိုသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဖြစ်ခဲ့သော်လည်း “အလေးအပင်ဆိုရင် တစ်ပိဿာ အလေးကိုတောင် မမပါနဲ့”ဟူသော စကားကိုမူ အားကစားဝါသနာပါသော ဒေါ်မိမိမော် မေ့လျော့သွားလေ၏။ အားကစားဝါသနာပါသဖြင့် နေပြည်တော်တွင် ဌာနအလိုက်အားကစားပြိုင်ပွဲများ၌ ဘော်လီဘောကစားခြင်း၊ စားပွဲတင်တင်းနစ်ကစားခြင်းတို့တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ရုံမက လွန်ဆွဲခြင်းတွင်ပင် ဝင်ရောက်ကစားမိခဲ့ရာ အမျိုးသားဖြစ်သူနှင့်အတူ နေစဉ် ရံဖန်ရံခါသွေးအနည်းငယ်ပါလာတော့သည်။ သို့ဖြစ်ရာ ၂၀၁၂ တွင် ရန်ကုန်သို့ အမြန်ပြန်ပြီး ဆရာဝန်နှင့် တွေ့ဆုံခဲ့သည်။

_ _ _

“အဲဒီမှာ မိန်းမကိုယ်တွင်း စစ်ဆေးမှုလုပ်လိုက်တော့ မိန်းမကိုယ်အမိုးမှာ ကင်ဆာဖြစ်တယ်လို့ အဖြေထွက်တယ်။ အဲဒီတော့ ဆရာဦးသိန်းမြင့်သူက ကုသပေးပြီး ဒေါက်တာဒေါ်မေသွေးကိုဆီ လွှဲလိုက်တာနဲ့ကင်ဆာဆေးသွင်းကုထုံးနဲ့ ဓာတ်ရောင်ခြည်ကုထုံး ၂၅ကြိမ်ခံယူခဲ့ရတယ်။ အစိုးရဆေးရုံမှာ အဏုမြူရောင်ခြည်ပြဖို့တန်းစီရ၊ ဆေးရုံတက်ရလုပ်ခဲ့ရတယ်”ဟု ဒေါ်မိမိမော်က ဒုတိယအကြိမ်ထပ်ဖြစ်သော ကင်ဆာအတွက် ကုသမှုအကြောင်းပြောပြခဲ့သည်။

ထိုအချိန်က မုန်လာဥနီ ၃၀ သား၊ ပန်းသီးတစ်လုံး၊ ခရမ်းချဉ်သီး၊ စပျစ်သီး၊ ပန်းသစ်တော်၊ မာလကာသီး အစရှိသည့် အသီး ၄-၅ မျိုးကို အရည်သတ်သတ်၊ အဖတ်သတ်သတ်ထွက်သော စက်ထဲတွင် ရောကြိတ်ရင်း ရလာသည့် အရည်ကို နေ့စဉ်နေ့တိုင်း သောက်ခဲ့သဖြင့် ကင်ဆာဆေးသွင်းကုထုံးနှင့် ဓာတ်ရောင်ခြည်ကုထုံးတို့ကြောင့် ဖြစ်တတ်သည့် နောက်ဆက်တွဲဆိုးကျိုးမဝင်ခဲ့ခြင်းဖြစ်သည်ဟု ဒေါ်မိမိမော်ယုံကြည်လက်ခံထားသည်။

ကင်ဆာဖြစ်ခြင်းနှင့် ပတ်သက်၍-“အရင်က ကိုရီးယားကင်၊ ဘဲကင်၊ ကြက်ကင်တွေ အရမ်းကြိုက်တော့ ထမင်းမေ့၊ ဟင်းမေ့စားခဲ့တာ၊ အပူအစပ်ဟင်းလျာတွေလည်း အရမ်းစားတယ်။ ဒါတွေက ကင်ဆာ နဲ့ ဆက်နွှယ်မှုရှိတယ်လို့ အစ်မထင်တယ်လေ” ဟု ဒေါ်မိမိမော်က ဆိုသည်။

_ _ _

၂၀၁၃ မှ ၂၀၁၆ အထိ ကျန်းမာရေးကောင်းနေခဲ့သော်လည်း ၂၀၁၆ ခုနှစ် မတ်လဝန်းကျင်တွင် ရုံးလုပ်ငန်း ဘတ်ဂျတ်ပိတ်သည့်ကာလ အလုပ်များရာ အလုပ်ကို ကြိုးစားပမ်းစားလုပ်ကိုင်ခဲ့သည့်အတွက် စိတ်ပင်ပန်းလူပင်ပန်းဖြစ်ခဲ့တော့သည်။

“အဲဒီအချိန် အလုပ်က များတော့ အိမ်ကနေ ထမင်းချိုင့်မထည့်ဖြစ်တာလည်း ရှိတယ်။ အပြင်စာ စားဖြစ်တယ်၊ ခရင်မ်ပါတဲ့ ကိတ်တွေ စားဖြစ်တယ်၊ ရေခဲမုန့်တွေဆို နှစ်ခွက်-သုံးခွက်လောက် ဆင့်စားဖြစ်တယ်။ အဲဒီအချိန် ချောင်းစဆိုးတယ်။ အထက်အရာရှိတွေက “စစ်ကြည့်ဦး”ဆိုပြီး သတိပေးတယ်။ အစ်မကတော့ အချိုတွေ စားမိလို့ ဖြစ်လိမ့်မယ်ဆိုပြီး ခပ်ပေါ့ပေါ့ပဲနေလိုက်တယ်။ ဆရာဝန်ရက်ချိန်းရောက်လို့ သွားပြတဲ့အခါ ဓာတ်မှန်ရိုက်ရတယ်။ ဓာတ်မှန်မှာ Spot လေးတွေ တွေ့တာပေါ့။ ဒါနဲ့ ရန်ကုန်ဆေးရုံကြီးမှာ Pet CT ရိုက်တော့ အဆုတ်ကင်ဆာလို့ သိတာနဲ့ ကင်ဆာဆေး ခြောက်ကြိမ်သွင်းရတယ်။ မသက်သာတာနဲ့ နောက်နှစ်ကြိမ် ထပ်သွင်းရတယ်၊ ဆေးရှစ်ကြိမ်သွင်းပြီး မသက်သာတာနဲ့ ခွဲစိတ်ရတယ်။ ခွဲစိတ်ပြီး တစ်နှစ်လောက်စောင့်ကြည့်ရတယ်။
တစ်နှစ်လောက်ကြာတော့မှ သလိပ်ထဲ သွေးပါတာနဲ့ ဆရာဝန်ဆီ ပြန်ပြဖြစ်တယ်။ မှန်ပြောင်းကြည့်၊ ဓာတ်မှန်ရိုက်ရတယ်။ ဆေးထပ်သွင်းဖို့က ရိုးတွင်းခြင်ဆီခမ်းချင်နေလို့ ဆေးထပ်သွင်းလို့ မရတော့ဘူး။ သောက်ဆေးနဲ့ သင့်/မသင့် အဆင့်ဆင့် စစ်ရတယ်။ အစ်မခန္ဓာကိုယ်က အဲဒီဆေးသောက်လို့ ရတဲ့သူဖြစ်တဲ့အတွက် ဖေဖော်ဝါရီ ၁၁ ရက်နေ့ကနေ အခုချိန်ထိ Erlocip150 ဆေးသောက်နေပါတယ်။ အခုလောလောဆယ်တော့ သက်သာနေပါတယ်”ဟု ဒေါ်မိမိမော်က ဆိုသည်။

ယခုချိန်တွင် ကျန်းမာစွာ သွားလာနိုင်၊ အလုပ်လုပ်နိုင်သည့် ဒေါ်မိမိမော်က အအေးမမိစေရန်၊ ကိုယ်ခံအားမကျစေရန် ဆင်ခြင်ပြီး အသားဓာတ် နည်းနေသဖြင့် အသားနှင့် ပဲအမျိုးမျိုး များများ စားနေရကြောင်း သိရပြီး ဒေါ်မိမိမော်က-

“လူတိုင်းကို ပြောချင်တာက ဝေဒနာ တစ်ခုခု ဖြစ်လာရင် သက်ဆိုင်ရာ အထူးကု ဆရာဝန်နဲ့ ချက်ချင်းသွားပြဖို့ အချိန်ဆွဲမနေသင့်ပါဘူး။ နည်းနည်းလေး သံသယဖြစ်တာနဲ့ ဆရာဝန်နဲ့ ချက်ချင်း ပြလိုက်တာက ကိုယ့်အတွက် အချိန်မှကုသနိုင်တာပေါ့”

ဟု အကြံပြုစကား ပြောကြားခဲ့ပါသည်။

(မှတ်ချက်။ ။ ဓာတ်ပုံများကို ဒေါ်မိမိမော်၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်းဖြစ်ပါသည်။ အယ်ဒီတာ)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top