Healthy Life Ad
Child

အသက် တစ်နှစ်နှင့် ငါးနှစ်ကြားအရွယ် ကလေးများနှင့် အာဟာရ

ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. တစ်နှစ်အထက်၊ ငါးနှစ်အောက်အရွယ် ကလေးတွေအတွက် အာဟာရဓာတ်မျှတစွာ ရရှိဖို့က အရေးကြီးပါလား ဆရာမ။

ဖြေ. တစ်နှစ်အထက်၊ ငါးနှစ်အောက်ကလေးတွေမှာ အာဟာရဓာတ်မျှတအောင် ရရှိဖို့က အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်နှစ်အရွယ်က နည်းနည်းငယ်သေးတဲ့အတွက် ဘာမှသေချာ မလုပ်တတ်ပေမယ့် တစ်နှစ်ခွဲနဲ့ နှစ်နှစ်အရွယ်ရောက်ပြီဆိုရင် ဆော့ကစားတာတွေ၊ အစာစားတာ အချိန်မမှန်တာတွေရှိတဲ့အတွက် အာဟာရမမျှတတဲ့ အခြေအနေတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီအရွယ်မှာ အာဟာရမျှတအောင် စနစ်တကျကျွေးဖို့ လိုအပ်ပါတယ်။

နှစ်နှစ်ခွဲလောက်ရောက်ပြီဆိုရင် ကလေးတွေက သူတို့မြင်တဲ့အရာတွေကို အတုခိုးပါပြီ။ ဒီတော့ ကောင်းမွန်တဲ့အကျင့်တွေ အတုခိုးတတ်အောင် အနေအထိုင်အပြုအမူကို မိဘတွေက လေ့ကျင့်ပေးလို့ ရပါတယ်။ ဥပမာ- ဆရာမတို့မြန်မာလူမျိုးတွေက လက်နဲ့ထမင်းစားကြပါတယ်။ အမေ၊ အဖေတွေက လက်နဲ့ထမင်းစားတာတွေ့ရင် ကလေးကလည်း လက်နဲ့ထမင်းစားမှာပါပဲ . . .

မေး. ဒီအရွယ်မှာ ကလေးတွေကို အလေ့အကျင့်တွေ သင်ကြားပေးတာ ပြုလုပ်နိုင်ပါသလား ဆရာမ။

ဖြေ. နှစ်နှစ်ခွဲလောက်ရောက်ပြီဆိုရင် ကလေးတွေက သူတို့မြင်တဲ့အရာတွေကို အတုခိုးပါပြီ။ ဒီတော့ ကောင်းမွန်တဲ့အကျင့်တွေ အတုခိုးတတ်အောင် အနေအထိုင်အပြုအမူကို မိဘတွေက လေ့ကျင့်ပေးလို့ ရပါတယ်။ ဥပမာ- ဆရာမတို့ မြန်မာလူမျိုးတွေက လက်နဲ့ထမင်းစားကြပါတယ်။ အမေ၊ အဖေတွေက လက်နဲ့ထမင်းစားတာတွေ့ရင် ကလေးကလည်း လက်နဲ့ထမင်းစားမှာပါပဲ။ ကလေးကကြီးလာလို့ အခြေအနေတစ်ခုကို ရောက်သွားမှသာ မသင့်တော်မှန်းသိလို့ ပြင်ရင်ပြင်မှာပါ။ ဒါပေမဲ့ သူ့ကို အချိန်မရွေး ပြန်မေးကြည့်၊ သူက လက်နဲ့စားတာကို ကျေနပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူငယ်ငယ်လေးကတည်းက လက်နဲ့စားလာတာကိုး။ ဒီနေရာမှာ ဆရာမပြောချင်တာက လက်နဲ့စားဖို့ တိုက်တွန်းတာတော့ မဟုတ်ပါဘူး။ ဖြစ်နိုင်ရင်တော့ ဇွန်းနဲ့စားတာ၊ ကလေးတွေကို ငယ်ငယ်ကတည်းက ဇွန်းနဲ့ စကျွေးတာမျိုး ပြုလုပ်ဖို့တော့ လိုအပ်ပါတယ်။ ဒီတော့ ကလေးတစ်နှစ်ကျော်လာတာနဲ့ အာဟာရမျှတအောင် စားသုံးခြင်းနဲ့ ကျန်းမာစွာနေထိုင်ခြင်း စတဲ့ အလေ့အကျင့်ကောင်းတွေရအောင်ပြောင်းလဲပေးဖို့ အရေးကြီးတယ်လို့ ဆရာမတို့က တိုက်တွန်းနေရတာဖြစ်ပါတယ်။

မေး. ကလေးတွေကို ထမင်းဝါးကျွေးတာလည်း ရှိနေပါတယ်။ ဒါကကော ဘယ်လိုအကျိုးသက်ရောက်မှုရှိပါသလဲ ဆရာမ။

ဖြေ. အခုခေတ်က ဝါးကျွေးတာကို လုံးဝအားမပေးပါဘူး။ အဲဒီအကျင့်ကို ဖြတ်ပစ်ရပါမယ်။ အထူးသဖြင့် အဘွားတွေပေါ့နော်။ သူတိုရဲ့ အရင်တုန်းက အလေ့အထတွေအတိုင်း ဝါးကျွေးကြတတ်ပါတယ်။ အဲဒီလိုလူကြီးတွေပြောတတ်တာက ဝါးကျွေးတာက တစ်ယောက်နဲ့တစ်ယောက် မေတ္တာဓာတ်ကူးစက်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲပြောပြာ ဆရာမကတော့ ဝါးကျွေးတာကို အားမပေးပါဘူး။ အဲဒီတော့ ငယ်ငယ်လေးကတည်းက ဇွန်းနဲ့ ကျွေးသင့်ပါတယ်။

မေး. အသက်တစ်နှစ်ကျော်တာနဲ့ အာဟာရမျှတအောင် အရင်ဆုံး ဘာတွေကျွေးသင့်ပါလဲ ဆရာမ။

ဖြေ. အသက်တစ်နှစ်ကျော်လာတာနဲ့ ကလေးက အရမ်းဆော့လာပါပြီ။ တချို့ကလေးတွေဆို စပြီးတောင် ပြေးလာပါပြီ။ နည်းနည်းနောက်ကျတဲ့ကလေးကျမှ တစ်နှစ်နဲ့ သုံးလ၊ လေးလလောက်မှာ ကောင်းကောင်းပြေးပါတယ်။ ပုံမှန်ဆို ကလေးတွေက ခြောက်လမှာ မှောက်ပါတယ်။ သွားငုတ်တုပ် လူငုတ်တုပ်လို့တောင် စကားပုံရှိပါတယ်။ တချို့ကလေးတွေဆို ခြောက်လမှမဟုတ်ပါဘူး။ သုံးလလောက်ဆို ခေါင်းကတထောင်ထောင်ဖြစ်လာပြီး ဆော့နေကြပါပြီ။ အဲဒီတော့ များသောအားဖြင့် တစ်နှစ်လောက်ဆိုတော့ ကောင်းကောင်းဆော့နေကြပါပြီ။ ခြေထောက်နဲ့ ပြေးမဆော့တောင် ကွင်းတစ်ခုခုနဲ့ ဆော့တာမျိုး တွေ့ရပါတယ်။ တစ်နှစ်ကျော်လာတဲ့အခါ လှုပ်ရှားမှုတွေရှိလာတာကြောင့် ကလေးတွေကိုအာဟာရပိုပြီး ကျွေးဖို့လိုအပ်လာပါပြီ။ အမေနို့ကိုဆက်တိုက်ပြီး တခြားအာဟာရတွေလည်း ကျွေးရပါမယ်။ တချို့ကလေးတွေဆို လူကြီးတွေစားတဲ့အစာတွေတောင် ကျွေးလို့ရနေပါပြီ။ တချို့မိဘတွေကလည်း ချဉ်ပေါင်ဟင်းတွေ၊ ဘာတွေ ကလေးကို မကျွေးရဲဘူးဆိုပြီး လာပြောကြပါတယ်။ ဆရာမပြောချင်တာက ကိုယ်စားတဲ့အတိုင်းကျွေးပါ၊ အရမ်းစပ်တဲ့ ငရုတ်သီးတွေ စတာတွေကလွဲပြီး ကျန်တာတွေ ကိုယ်စားတဲ့အတိုင်း ကျွေးလို့ရပါတယ်။ ဒီလိုချိန်မှာ စပြီး အာဟာရတွေ ကျွေးထားတဲ့အတွက်ကြောင့် နောင်တစ်ချိန်မှာ ကလေးက ဉာဏ်ရည်ထက်မြတ်တဲ့ ကလေးဖြစ်လာမှာပါ။

မေး. အသက်ငါးနှစ်အောက်ကလေးတွေမှာ မိခင်နို့ကို ဘယ်အချိန်ထိ တိုက်ကျွေးသင့်ပါသလဲ ဆရာမ။

ဖြေ. ကလေးတွေကို နို့တိုက်တာဟာ အရင်တုန်းကတော့ တစ်နှစ်ဆိုရင် ဖြတ်လိုက်ပါတယ်။ အခုနောက်ပိုင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်လိုက်တာတော့ အသက်နှစ်နှစ်ထိ ကလေးတွေကို မိခင်နို့တိုက်ကျွေးဖို့ ဖြစ်ပါတယ်။ ထမင်းနဲ့ တခြားအာဟာရတွေ စားနေသလို နို့ကိုလည်း အသက်နှစ်နှစ်ပြည့်တဲ့အထိ တိုက်ပေးရပါမယ်။ အလုပ်များတဲ့ အမေတွေကတော့ မနက်အလုပ်သွားတဲ့အခါသွားပြီး ညပြန်လာတဲ့အခါမျိုးမှာ ကလေးကို နို့တိုက်ပေးဖို့ လိုပါတယ်။ ကလေးကို ညစာကျွေးပြီးတဲ့အခါ နို့ဆက်တိုက်ရမှာ ဖြစ်ပါတယ်။ နှစ်နှစ်ကျော်သွားရင်တော့ နွားနို့စတာတွေ အစားထိုးပြီး တိုက်နိုင်ပါတယ်။

မေး. ကော်ဖီ၊ လက်ဖက်ရည်စတာတွေကော တိုက်လို့ရပါသလား ဆရာမ။

ဖြေ. အသက်ငါးနှစ်အောက် ကလေးတွေကို ကော်ဖီ၊ လက်ဖက်ရည် လုံးဝမတိုက်ပါနဲ့။ အသက် နှစ်နှစ်အောက် ကလေးတွေကိုဆိုရင် အဆင်သင့် (Instant)ဆိုတာတွေ လုံးဝမတိုက်သင့်ပါဘူး။ ငါးနှစ်ကျော်မှ တိုက်တာကကိစ္စမရှိပေမယ့် နှစ်နှစ်အောက်ကိုတော့ လုံးဝမတိုက်စေချင်ပါဘူး။ နှစ်နှစ်အောက် ကလေးတွေအားလုံးကို ဖော်မြူလာလုပ်ထားတာပဲ ကျွေးရပါမယ်။ နောက်ပြီး ဆရာမပြောလေ့ရှိတာက အသီးဖျော်ရည်တိုက်မယ်ဆိုရင် တိုက်လို့ရပါတယ်။ တကယ့်လတ်ဆတ်တာကို ကျွေးပါ။ လိမ္မော်သီး ဖျော်ရည်တိုက်မယ်ဆို လိမ္မော်သီးကို ကိုယ်တိုင်ညှစ်ပေးပြီးတိုက်ပါ။ ဘာလို့လဲဆိုတော့ တချို့မိဘတွေက အသီးဖျော်ရည်တိုက်လို့ရပြီဆိုတာနဲ့ စက္ကူဘူးနဲ့လာတဲ့ ရယ်ဒီမိတ်အသီးဖျော်ရည်ကို တိုက်တော့တာပါပဲ။ ဒီလိုမျိုး လုံးဝလုပ်လို့ မရပါဘူး။ သစ်သီးကို ကိုယ်တိုင်ဖျော်ပါ။ မွှေစက် (Blender) ထဲထည့်ပြီးဖျော်တာ၊ ညှစ်တာတွေလုပ်ပြီးမှတိုက်ပါ။ ဒါက အသက်နှစ်နှစ်အောက်တွေအတွက်ပါ။ မိဘတွေသိထားဖို့လိုပါတယ်။

မေး. အသက်ငါးနှစ်အောက်ကလေးတွေ အာဟာရပြည့်ဝအောင်ရရှိဖို့ ဘယ်သူတွေက အရေးကြီးဆုံးပါလဲ ဆရာမ။

ဖြေ. မိဘတွေ အရေးကြီးသလို တစ်ခါတလေ မိဘတွေ အလုပ်သွားနေတဲ့အခါမျိုးမှာ အုပ်ထိန်းသူတွေဖြစ်တဲ့ အဘိုး၊ အဘွားကလည်း အရေးကြီးပါတယ်။ နောက်ပြီး မူကြိုကျောင်းက ဆရာမတွေလည်း အရေးကြီးပါတယ်။ အရင်တုန်းကဆိုရင် ကလေးတွေ အသက်လေးနှစ်လောက်မှာ မူကြိုထားပြီး ငါးနှစ်မှာ ကျောင်းသွားကြပါတယ်။ နောက်ပိုင်းကျတော့ တဖြည်းဖြည်းနဲ့ ကလေးအသက်သုံးနှစ်ဆိုတာနဲ့ မူကြိုပို့ပါတယ်။ အခုနောက်ပိုင်းဆို နှစ်နှစ်နဲ့ ပို့တာတွေတောင်ရှိလာပါပြီ။ အသက်နှစ်နှစ်အရွယ်ကို ထိန်းပေးတဲ့ Day Care ဆိုပြီး စင်တာတွေ ဖွင့်တယ်။ ဒီတော့ အလုပ်များတဲ့ အမေတွေနဲ့နေတဲ့ ကလေးတွေဟာ အသက်နှစ်နှစ်ဆိုရင် ကျောင်းသွားနေရပါပြီ။

မေး. ဘယ်အရွယ်က အစာကို အာဟာရမျှတစွာ စားအောင် ဂရုတစိုက်ကျွေးဖို့ လိုအပ်ပါသလဲ ဆရာမ။

ဖြေ. အသက်နှစ်နှစ်ကျော်ရင်တော့ ကလေးက တော်တော်လေးဆော့တဲ့အတွက် ဒီအရွယ်မှာ အစားအသောက် မစားတော့ပါဘူး။ ဆာလားလို့မေးရင်လည်း မဆာဘူး၊ မစားဘူးဆိုတာကြီးပါပဲ။ ဒီတော့ ဒီအချိန်မှာ ဂရုစိုက်ပြီး ကျွေးရပါမယ်။ မနက်စာ စားပေမယ့် စားပြီးတာနဲ့ ဆော့တော့တာပါပဲ။ နေ့လည်ပိုင်းဆိုရင် ခေါ်ကျွေးလည်း မစားတော့ပါဘူး။ ဘယ်လိုကျွေးကျွေး မစားပါဘူး။ ဘယ်နှနာရီလောက်မှ ဆာလာလဲဆိုတော့ ၃နာရီ၊ ၄ နာရီလောက်မှ ဆာပါတယ်။ တအားဆော့တော့ တကယ်တမ်း ဆာလည်းဆာရော တအားစားတာတွေဖြစ်လာပါတယ်။ ဒီလို အစာစားချိန်မမှန်ဘဲ အဆာလွန်မှ အရမ်းစားတဲ့အတွက် ကလေးတွေဟာ ရှစ်နှစ်၊ ကိုးနှစ်လောက်မှာ အဝလွန်တာတွေ ဖြစ်လာပါတယ်။ ဒါကို Poor Eating Habit လို့ ခေါ်ပါတယ်။ အများအားဖြင့် တစ်နှစ်နဲ့ ငါးနှစ်ကြားမှာ ဒီလိုအချိန်မမှန်စားတာတွေ စဖြစ်တတ်ပါတယ်။ ဒါက အရမ်းစားတဲ့ကလေးပေါ့နော်။ မစားတဲ့ ကလေးကျပြန်တော့လည်း သွေးအားနည်းတဲ့ရောဂါတွေဖြစ်ပြီး ဖြူဖပ်ဖြူရော်ပုံစံတွေ ဖြစ်လာပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top