Healthy Life Ad
Life Style

ဆင်နှင့် သူ၏မိတ်ဆွေများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အထီးကျန်နေရှာတဲ့ ဆင်တစ်ကောင်က တောထဲကို မိတ်ဆွေသူငယ်ချင်းတွေရှာဖို့ ရောက်လာခဲ့ပါတယ်။ မျောက်တစ်ကောင်ကိုတွေ့တာနဲ့ ပျော်ပျော်ကြီး မေးလိုက်တယ်။

“မင်း . .ငါ့ မိတ်ဆွေဖြစ်နိုင်မလား အသင်မျောက်”

မျောက်က ဖြေတယ်။

“မင်းက အကောင်ကြီးလွန်းတယ်။ ငါ့လိုမျိုး သစ်ပင်ပေါ်မှာ လွှဲယမ်းပြီး ဆော့ကစားနိုင်မှ မဟုတ်ဘူး။ ဒီတော့ ဘယ်လိုလုပ်ပြီး ငါက မင်းမိတ်ဆွေဖြစ်နိုင်မှာလဲ”

ခပ်လှမ်းလှမ်း ဆက်လျှောက်လာတော့ ယုန်လေးတစ်ကောင်တွေ့ပြန်ရော။ ယုန်ကို မိတ်ဆွေဖြစ်နိုင်မလားလို့ ဆင်က မေးပြန်တယ်။

“တွင်းထဲကိုဝင်ဖို့ မင်းက ကြီးလွန်းတယ်။ ဒီတော့ မိတ်ဆွေဖြစ်နိုင်မှာ မဟုတ်ဘူး”လို့ ယုန်က ဖြေပြန်တယ်။

အဲဒီနောက် ဖားတစ်ကောင်တွေ့တဲ့အထိ ဆင်ကလျှောက်လာပြီး မိတ်ဆွေဖြစ်နိုင်မလား မေးပြန်တယ်။ ဖားက ဖြေတယ်။

“မင်းက ကြီးပြီး လေးလံလွန်းတယ်။ ငါ့လို ခုန်နိုင်ဖို့မလွယ်ဘူး။ ဝမ်းနည်းပါတယ်ကွာ၊ မင်းက ငါ့မိတ်ဆွေဖြစ်နိုင်မယ် မထင်ဘူး”တဲ့။

ဆင်လည်း မြေခွေးကို တစ်ခါမေးပြန်ရော။ မြေခွေးကလည်း မင်းကကြီးလွန်းတယ်လို့ ပြန်ဖြေတယ်။

နောက်တစ်နေ့ကျတော့ တိရစ္ဆာန်အားလုံးဟာ တောထဲမှာကြောက်လန့်တကြား ထွက်ပြေးကြရတယ်။ ဆင်က ရပ်ပြီး ဘာဖြစ်တာလဲလို့မေးတော့ ကျားတစ်ကောင်က တိရစ္ဆာန်အားလုံးကို လိုက်တိုက်ခိုက်နေလို့ ထွက်ပြေးရတာ ဖြစ်တယ်လို့ ပြန်ဖြေတယ်။

ဆင်လည်း အားနည်းတဲ့ တခြားတိရစ္ဆာန်အားလုံးကို ကယ်တင်ချင်စိတ်ရှိတော့ ကျားဆီကို သွားတွေ့ခဲ့တယ်။

“ကျေးဇူးပြုပြီး ငါ့မိတ်ဆွေတွေအားလုံးကို ဒီအတိုင်းထားလိုက်ပါကွာ၊ သူတို့ကို မစားပါနဲ့”

ကျားက စကားနားမထောင်ဘဲ ဆင်ကို ကိုယ့်ဘာသာနေဖို့ပြောခဲ့တယ်။ ဆင်လည်း ဒီပြဿနာကို ဖြေရှင်းဖို့ တခြားနည်းလမ်းမရှိတော့ဘူးဆိုတာ သိသွားတာနဲ့ ကျားကို ကန်ပစ်လိုက်တဲ့အခါ ကျားကကြောက်လန့်တကြား အဝေးကို ထွက်ပြေးသွားပါတော့တယ်။

ဆင်ပြန်ရောက်လာချိန်မှာ တိရစ္ဆာန်အားလုံးဟာ ဆင်က သူတို့အသက်တွေကို ကယ်တင်လိုက်တဲ့အကြောင်း သဘောပေါက်နားလည် ကျေးဇူးတင်သွားတယ်။
“မင်းက ငါတို့မိတ်ဆွေဖြစ်ဖို့ အနေတော်အရွယ်အစားပါပဲကွာ”လို့ အားလုံးက ပြောကြပါသတဲ့။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top