Healthy Life Ad
Child

သင့်ကလေး အစာမျိုးစုံ စားတတ်အောင်

ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်(အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

ကလေးတွေ အစားအစာမျိုးစုံ စားတတ်အောင် ကျွေးပေးရပါမယ်။ ကလေးတွေက တစ်ခုတည်းကို အမြဲတမ်းကျွေးနေလို့မရပါဘူး။ ဥပမာ-ကြက်ပေါင်းကျွေးတယ်ဆိုပါတော့။ ကြက်ပေါင်းပဲ အမြဲတမ်းကျွေးလို့ ဘယ်ကလေးမှမစားပါဘူး။ ဒီတော့ အရသာမျိုးစုံဖြစ်အောင် လုပ်ပေးရပါမယ်။ ဒီတစ်ခါ ပေါင်းရင်၊ နောက်တစ်ခါဆိုချက်မယ်၊ ပြုတ်မယ်၊ အရသာကို တစ်မျိုးနဲ့ တစ်မျိုး မတူအောင် လုပ်ပေးရပါမယ်။ သစ်သီးတွေကို ဒီအတိုင်းကျွေးတာမစားဘူး ဆိုရင် တုတ်လေးနဲ့ ထိုးပေးတာမျိုး၊ ဥပမာ ဖရဲသီး၊ ပန်းသီး၊ နာနတ်သီး၊ စပျစ်သီးစတာတွေကို တုတ်ထိုးလေးလုပ်ပြီး ကျွေးတာမျိုးက ကလေးကို စားချင်စိတ် ပိုဖြစ်စေပါတယ်။

ကလေးကို ဖြည်းဖြည်း၊ နည်းနည်းနဲ့ မကြာခဏ ကျွေးသင့်

ကလေးတွေကို ဖြည်းဖြည်း၊ နည်းနည်းနဲ့ ခဏခဏကျွေးရပါမယ်။ သူတို့လေးတွေရဲ့ အစာအိမ် အရွယ်ပမာဏက သူတို့ရဲ့လက်သီးဆုပ်အရွယ်လောက်ပဲ ရှိတာကြောင့် အစာတွေ အများကြီး စွတ်ကျွေးနေလို့တော့ မရပါဘူး။ တချို့ကလေးတွေက ပိန်တော့ အမေတွေ၊ အဘွားတွေက အားမရကြပါဘူး။ အဲဒီတော့ ကလေးကို အစာတွေ အများကြီး ကျွေးပါတယ်။ သူတို့ ခန္ဓာကိုယ် အလေးချိန်နဲ့ သင့်တင့်မျှတတဲ့ ပမာဏကို စနစ်တကျ ကျွေးပေးရင် လုံလောက်ပါပြီ။

ကလေးတွေကိုအစာကျွေးသင့်သည့် အချိန်

ကလေးတွေကို အချိန်နဲ့ ကိုက်ပြီးကျွေးပါ။ ထမင်းအချိန် ထမင်းကျွေးပြီး မုန့်စားချိန်မုန့်ကျွေးပါ။ ထမင်းစားချိန်နည်းမှ မုန့်ကျွေးတာမျိုး မလုပ်သင့်ပါဘူး။ မနက်မှာ မနက်စာ ကျွေးမယ်၊ ၁၀ နာရီမှာ အဆာပြေစာတစ်ခု ကျွေးမယ်၊ နေ့လယ် ၁၂ နာရီဆို နေ့လယ်စာကျွေးမယ်၊ ၂ နာရီမှာ တစ်ခါကျွေးမယ်၊ ည ၆နာရီမှာ ညနေစာ ကျွေးမယ်။ ၈ နာရီမှာမုန့်ကျွေးမယ်။ အနည်းဆုံး တစ်နေ့ကိုခြောက်ကြိမ်ကနေ ရှစ်ကြိမ်ပြည့်အောင် ကျွေးသင့်ပါတယ်။ ကလေးမအိပ်မချင်း၊ နောက်ဆုံး ည ၁၀နာရီမှာ နွားနို့တိုက်တာမျိုးပြုလုပ်နိုင်ပါတယ်။ ကလေးနည်းနည်းငယ်သေးရင် တစ်နေ့ ဆယ်ကြိမ်အထိ ကျွေးနိုင်ပါတယ်။ တချို့ကလေးတွေကျတော့ ဆာတဲ့အချိန်မှာပြောပါတယ်။ စားချင်ရင် စားမယ်ဆိုပြီး ပြောပါတယ်။ တချို့ကျတော့ စားမယ်လို့ လုံးဝ မပြောတာရှိပါတယ်။ ဒီတော့ အချိန်သေချာ သတ်မှတ်ထားပြီး ကျွေးပေးသင့်ပါတယ်။ အသက် နည်းနည်းကြီးလာရင်တော့ နည်းနည်းလေး ပိုစားတာမျိုးရှိပါတယ်။

ကလေးကို သူ့ဘာသာ စားတတ်အောင် သင်ပေး

အကောင်းဆုံးက ကလေးကို သူ့ဘာသာသူ စားတတ်အောင်လုပ်ဖို့ ဖြစ်ပါတယ်။ ကိုယ်က ပြင်ဆင်ထားပေးပြီး သူတို့ကိုယ်တိုင်စားတတ်အောင် သင်ပေးရပါမယ်။ သတိထားရမှာတစ်ခုက သူတို့ ကိုယ်တိုင်စားမယ်ဆိုရင် လက်ဆေးတတ်တဲ့အကျင့် လုပ်ပေးဖို့ပါ။ ဒီငါးနှစ်အောက်အရွယ်ဆိုတာ အလေ့အကျင့်ကောင်းတွေသင်ပေးဖို့ အကောင်းဆုံးဖြစ်တာကြောင့်

တစ်နှစ်ကျော်တာနဲ့ လက်ဆေးတဲ့အလေ့အကျင့်ကို သင်ပေးသင့်ပါတယ်။ သူတို့ ကိုယ်တိုင် စားစား၊ ကိုယ်ကပဲကျွေးကျွေး၊ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် တစ်ရက်ကိုအနည်းဆုံး လေးကြိမ်လက်ဆေးတတ်အောင် သင်ပေးရပါမယ်။ ငယ်ငယ်ကတည်းက လက်မဆေးတဲ့ ကလေးက ကြီးလာရင်လည်း လက်မဆေးပါဘူး။ ဒီတော့ ငယ်ငယ်ကတည်းက အကျင့်ဖြစ်သွားအောင် ပြုလုပ်ပေးဖို့က လူကြီးတွေရဲ့တာဝန်ဖြစ်ပါတယ်။ ကလေးက ဆော့နေရင်လည်းခေါ်ပြီး လက်ဆေးပေးပါ။ ညအိပ်ခါနီးလည်း လက်ဆေးဖို့မမေ့သင့်ပါဘူး။ ကိုယ်က ငါးနှစ်လောက်ပဲ ကျင့်ပေးဖို့လိုပါတယ်။ ငါးနှစ်ကျော်သွားရင် သူတို့ဘာသာ လုပ်တတ်ကိုင်တတ်သွားမှာပါ။

မိဘတွေအတွက် အကြံပြုချက်

အခုခေတ်က ကလေးမွေးရင် တစ်ယောက်ပဲ မွေးကြပါတယ်။ တချို့တွေက နှစ်ယောက်ပေါ့။တစ်ယောက်တည်း မွေးထားတာနဲ့စာရင် နှစ်ယောက် မွေးတာက ပိုကောင်းပါတယ်။ နှစ်ယောက်ဆိုတော့ ကလေးတစ်ယောက်နဲ့တစ်ယောက် ချစ်ခင်စိတ်၊ မျှဝေသုံးစွဲတဲ့စိတ်တွေရရှိမှာ ဖြစ်ပါတယ်။ နောက်ပြီး မူကြိုကျောင်းသွားတဲ့အခါ ထမင်းကျွေးရင် ကလေးတွေကို တူတူ ထိုင်ခိုင်းပြီး ကျွေးပါ။ ဒါမှ တစ်ယောက် နဲ့တစ်ယောက် ရင်နှီးမှုရရှိပြီး အချင်းချင်း မျှဝေတတ်တဲ့စိတ်၊ ညှိယူတတ်တဲ့စိတ်လည်း ရှိသွားမှာ ဖြစ်ပါတယ်။

တစ်ကိုယ်ရေကျန်းမာရေးနဲ့ ပတ်သက်တာကတော့ ကလေးတွေကို ခြောက်လကျော်တာနဲ့ သွားတိုက်ပေးရပါမယ်။ သူတို့ ကိုယ်တိုင်သွားတိုက်တတ်သွားတဲ့အခါမှာလည်း ဒီအတိုင်း မလွှတ်ထားပါနဲ့။ နည်းစနစ်မှန်မှန် တိုက်နေတာဟုတ်၊ မဟုတ် ကိုယ်က စောင့်ကြည့်ပေးရပါမယ်။ သွားတွေ ကောင်းမကောင်း သွားဆရာဝန်ထံ ပုံမှန်စစ်ဆေးပေးရပါမယ်။ သွားပိုးစားတာမဖြစ်အောင် တစ်နှစ်ကျော်လောက်ကတည်းက အချိုကျွေးတာကို လျှော့ပါ။

နောက်ပြီး ကလေးတွေရဲ့ လိုအချက်ကို သိရပါမယ်။ ကလေးတွေက ဘာလိုအပ်နေသလဲ။ ဥပမာ ကလေးက အစားအသောက်နဲ့ ဓာတ်မတည့်တာလား၊ ကလေးက ဖြူဖျော့နေလား စတာတွေကို ကလေးအုပ်ထိန်းသူတွေအနေနဲ့ သိထားရပါမယ်။

အစားအစာ ကျွေးတဲ့အခါ အရသာမမြည်းဘဲနဲ့ ကလေးကို ဘယ်တော့မှ မကျွေးပါနဲ့။ ဘာလို့လဲဆိုတော့ အမေတွေက ကလေးတွေစားဖို့ နယ်ကျွေးတဲ့အခါ စားကောင်းမယ်ထင်ပြီး ရှိတဲ့ ဟင်းတွေ၊ ထမင်းတွေ အကုန်နယ်တော့တာပါပဲ။ ကိုယ်စားရတာအဆင်ပြေမှ ကိုယ့်ကလေးကို ကျွေးပါ။ သပ်သပ်ရပ်ရပ် ပြင်ဆင်ပေးတာ၊ အရောင်စုံအောင် စီစဉ်ပေးတာမျိုး ပြုလုပ်ပါ။

နောက်တစ်ခုက အပူချိန်ပါ။ ကလေးတွေကို သိပ်အေးတဲ့အစာ၊ သိပ်ပူလွန်းတဲ့ အစားအစာလည်း မကျွေးပါနဲ့။ ရေခဲသေတ္တာကထုတ်ပြီးပြီးချင်း ကျွေးတာမျိုး၊ ချက်ပြီးတာနဲ့ ကျွေးတာမျိုးမလုပ်သင့်ပါဘူး။

စွတ်ပြုတ်တွေ လုပ်ကျွေးတဲ့အခါမှာလည်း လတ်ဆတ်တဲ့သဘာဝပစ္စည်းကိုပဲသုံးပါ။ ရယ်ဒီမိတ်ပစ္စည်းတွေလုံးဝမသုံးရပါဘူး။ ဆီဆို ဝက်ဆီနဲ့ လုံးဝ ပြန်မချက်ပါနဲ့။

မိဘတွေအနေနဲ့ ကလေးတွေကို နည်းစနစ်တကျ သင်ကြားပေးပြီး ကျန်းမာသန်စွမ်း၊ ဉာဏ်ရည် ထက်မြက်ကာ ရောဂါကင်းကင်း ကြီးပြင်းလာအောင် ဂရုတစိုက်စောင့်ရှောက်ပေးပါလို့အကြံပြုချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top