Healthy Life Ad
International

မျိုးရိုးရောဂါသယ်ဆောင်လာသူ အမြွှာညီအစ်ကိုအား ကိုယ်ဝန်ဆောင်စဉ်မှာတင် ကုသမှုပေးခဲ့ရာ အောင်မြင်

၊ ကိုထက် ၊

ဂျာမနီမှာနေထိုင်တဲ့ ကော်ရီနာရဲ့ ပထမဦးဆုံးသားကြီးဟာ မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ ရောဂါတစ်မျိုးကို မွေးရာပါခံစားခဲ့ရသူဖြစ်ပါတယ်။ ကလေးဟာ မွေးရာပါ ချွေးထွက်စေတဲ့ အစိတ်အပိုင်းနဲ့ သွားဖွံ့ဖြိုးမှုဆိုင်ရာတွေမှာ ချို့ယွင်းချက်တွေပါရှိခဲ့ပါတယ်။ ကလေးက ချွေးလုံးဝမထွက်တဲ့အတွက် ခန္ဓာကိုယ်အပူချိန်ဟာ အလွန်မြင့်မားနေပြီး အသက်အန္တရာယ်ကိုပါ စိုးရိမ်နေရတယ်လို့ သိရပါတယ်။ သွားတွေကလည်း ဖွံ့ဖြိုးမှုမရှိဘဲ အနည်းငယ်သာ ရှိပါတယ်။

ကော်ရီနာ ဒုတိယကိုယ်ဝန်ဆောင်စဉ်မှာလည်း ပထမသားလိုဖြစ်နေမှာကို စိုးရိမ်ခဲ့ပါတယ်။ စစ်ဆေးမှုပြုလုပ်ပြီးနောက် ကော်ရီနာရဲ့ ကိုယ်ဝန်ဟာ အမြွှာလေးဖြစ်နေတယ်ဆိုတာကို သိရုံသာမက နှစ်ယောက်လုံးမှာ ပထမသားကဲ့သို့ မျိုးရိုးဗီဇပါဝင်နေတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။ အလွန်စိုးရိမ်နေတဲ့ ကော်ရီလာဟာ သားကြီးဂျိုရှုကို ကုသမှုပေးနေတဲ့ မျိုးရိုးဗီဇဆိုင်ရာ ကျွမ်းကျင်ဆရာဝန်ကြီးတွေနဲ့ တွေ့ဆုံပြီး တိုင်ပင်ခဲ့ပါတယ်။

ဆရာဝန်တွေနဲ့ တိုင်ပင်ပြီးနောက် ကော်ရီနာဟာ ကိုယ်ဝန်ဆောင်စဉ်မှာတင် အမြွှာကလေးနှစ်ယောက်ကို ဗီဇကုထုံးပြုလုပ်ဖို့ သဘောတူခဲ့ပါတယ်။ ဒီရောဂါလက္ခဏာဟာ အသက် ၂နှစ်ကျော်ခန့်မှ စတင်တာဖြစ်တဲ့အတွက် အမြွှာညီအစ်ကို မာတင်နဲ့ လီနစ်ကိုမွေးပြီးနောက် အားလုံးက စောင့်ကြည့်နေကြရပါတယ်။ ကုသမှုကို ဒေါက်တာရှဲနစ်ဒါက ဦးဆောင်ခဲ့ပြီး အောင်မြင်မှုရရှိခဲ့ပါတယ်။ အမြွှာညီအကိုနှစ်ယောက်ဟာ နွေရာသီရဲ့ နေသာတဲ့နေ့တစ်နေ့မှာ ကားနောက်ခန်းထဲက ကလေးထိုင်ခုံလေးမှာ ချွေးတွေထွက်နေတာကို စတင်တွေ့ရှိခဲ့ကြပါတယ်။

သာမန်လူတစ်ယောက်ရဲ့ ချွေးထွက်စေတဲ့ ဂလင်းတွေဟာ ကိုယ်ဝန်ဆောင်ပြီး ၂၀ပတ်က နေ ၃၀ပတ်ကြားမှာ ဖွံ့ဖြိုးပါတယ်။ ချွေးတွေဟာ ခန္ဓာကိုယ်ရဲ့ အပူဓာတ်ကိုထိန်းညှိပေးရာမှာ အလွန် အရေးပါလှပါတယ်။ ဒီလိုချွေးမထွက်တဲ့ ဝေဒနာ ခံစားနေရသူတွေအတွက် ကုထုံး အခုထိမတွေ့ရှိသေးပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင်စဉ် ကလေး စတင်ဖွံ့ဖြိုးနေချိန်မှာ ကုသမှုပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဆရာဝန်တွေဟာ ဖွံ့ဖြိုးမှုကိုပြောင်းလဲမှုဖြစ်စေမယ့် ဆေးနှစ်မျိုးကို ကိုယ်ဝန် ၂၆ ပတ်နဲ့ ၃၁ ပတ်တွေမှာ အမြွှာကလေးတွေထံကို ထိုးသွင်းပေးခဲ့တယ်လို့သိရပါတယ်။

အမြွှာကလေးနှစ်ယောက်ကို ၂ လစော မွေးခဲ့ပေမယ့် ကလေးနှစ်ယောက်လုံးဟာ ကံကောင်းစွာနဲ့ ကျန်းမာခဲ့ပြီး စမ်းသပ်မှုတွေလည်း အောင်မြင်ခဲ့ပါတယ်။ “အမြွှာလေးနှစ်ယောက်ကတော့ နေရောင်အောက်မှာ ပြေးလွှာဆော့ကစားနိုင်ပါပြီ၊ သွားတွေကတော့ ပုံမှန်အတိုင်း မဖွံ့ဖြိုးသေးတာတွေ့ရပေမယ့် သူတို့အစ်ကိုအကြီးလောက် အခြေအနေ မဆိုးတာကိုတွေ့ရပါတယ်၊ မာတင်နဲ့ လီနစ်တို့ကတော့ ပထမဦးဆုံးအောင်မြင်တဲ့ ကိုယ်ဝန်ဆောင်စဉ် ဗီဇကုထုံးပြုလုပ်ခြင်းခံရတဲ့ သူတွေပါပဲ”လို့ ကုသမှုဦး ဆောင်သူဒေါက်တာရှဲနစ်ဒါကပြောပြခဲ့ပါတယ်။

ဒီအောင်မြင်မူဟာ များစွာသော မျိုးရိုးဗီဇကြောင့်ဖြစ်တဲ့ ရောဂါတွေကို ကုသလာနိုင်တော့မယ့် လမ်းစပဲဖြစ်ပြီး ကမ္ဘာပေါ်က မွေးကင်းစကလေး ၆ ရာခိုင်နှုန်းခန့်ဟာ ဒီလိုရောဂါ ဝေဒနာတွေဖြစ်ပွားနေပါတယ်လို့လည်း သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top