Healthy Life Ad
International

မျိုးရိုးကြောင့် မေးရိုးမညီသူကို ပြန်လည်ပြုပြင် ကုသနိုင်ခဲ့

၊ ကိုထက် ၊

ရဘီကာဟာမစ်တန်ဟာ ငယ်သွားတွေကျိုးပြီး နောက်ပိုင်း ပုံမှန်မဟုတ်ဘဲ ပြောင်းလဲမှုတွေဖြစ်ခဲ့ပါတယ်။ ငယ်သွားတွေ ကျိုးပြီးနောက် နောက်ထပ်သွားအသစ်တွေ ကောင်းစွာမပြန်မပေါက်တဲ့အပြင် မေးရိုးကလည်း အရှေ့ကို ပိုထွက်လာခဲ့ပါတယ်။ သူရဲ့ အဖေကလည်း သွားမကောင်းသူတစ်ယောက်ဖြစ်ပြီး အဖေရဲ့ မျိုးရိုးဗီဇကြောင့် ဒီလိုဖြစ်တယ်လို့ ကောက်ချက်ချထားကြပါတယ်။

ကြည့်ရဆိုးတဲ့ သွင်ပြင်ဖြစ်နေခဲ့လို့ ငယ်စဉ်က ကျောင်းတွေမှာ အနိုင်ကျင့်သူတွေက လှောင်ပြောင်ကျီစယ်တာတွေ အများအပြားခံခဲ့ရသူဖြစ်ပါတယ်။ အစာကိုလည်း ကောင်းကောင်းမစားနိုင်တဲ့အပြင် စိတ်ထိခိုက်မှုလည်း ရှိခဲ့ပါတယ်။ သူဟာ အစာပျော့ပျော့တွေသာစားခဲ့ရပါတယ်။ အစားအစာတွေကိုဖဲ့ပြီး သေးသေးလေးတွေဖြစ်မှ စားနိုင်ခဲ့ပါတယ်။

ဒီဒုက္ခတွေ ကင်းလွတ်စေဖို့အတွက် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှာ ခွဲစိတ်ပြုပြင်မှုတွေ စတင်ပြုလုပ်ခဲ့ပါတယ်။ သူရဲ့ အပေါ်ဖက်မေးရိုးကို ရှေ့သို့ ၇ မီလီမီတာတိုးပေးခဲ့ပြီး အောက်မေးရိုးကိုတော့ နောက်သို့ ၈ မီလီမီတာလျှော့ပေးခဲ့ရပါတယ်။ ခွဲစိတ်မှုကအောင်မြင်တယ်ဆိုရင်တောင်မှ အနာမကျက်ခင်အထိ အလွန်နာကျင်မယ်လို့ ဆရာဝန်တွေကပြောခဲ့ပါတယ်။ စုပေါင်းခွဲစိတ်မှုကြာချိန်ဟာ လေးနာရီကျော်ကြာမြင့်ခဲ့ပါတယ်။ ဒီအတောအတွင်းမှာ သူဟာ သွေးအများအပြားဆုံးရှုံးခဲ့ပြီး နာကျင်မှုဒဏ်ကြောင့် ရက်ပေါင်းများစွာလည်း ငိုကြွေးနေခဲ့တယ်လို့ သိရပါတယ်။

“ကျွန်မပတ်ဝန်းကျင်က လူတွေက နားလည်မှုမရှိကြပါဘူး၊ ကျောင်းမှာဆို မိန်းကလေးတွေက နာမည်ပြောင်ပေးပြီး ခေါ်ကြတယ်၊ ကောင်လေးတွေက ခဲတွေနဲ့ပေါက်ပြီး မျက်နှာက ဘာဖြစ်နေတာလဲဆိုပြီး လှောင်ကြသေးတယ်၊ တချို့ဆို ပိုက်ဆံနဲ့ပေါက်ပြီး မျက်နှာကိုသွားပြင်လိုက်စမ်းပါဆိုပြီး ပြောကြတယ်၊ ဒီလိုဆိုးဝါးတဲ့ဘဝကို ပြန်တောင်မစဉ်းစား ချင်ပါဘူး”လို့ သူက ပြန်လည်ပြောပြခဲ့ပါတယ်။

“ဒီလို ဘဝမျိုးနဲ့ ရှင်သန်ရပ်တည်ဖို့ အရမ်းခက်ခဲခဲ့ပါတယ်၊ နောက်ပိုင်းတော့ ကိုယ့်စိတ်ပျော်ရွှင်ဖို့ ကိုယ်သာအရေးကြီးတယ်၊ သူများတွေပြောတာကို မေ့ထားဖို့လိုတယ်လို့တွေးလိုက်တယ်၊ ခပ်တည်တည်ပဲ သွားလာနေထိုင်လိုက်တယ်၊ ဒါပေမဲ့ စိတ်ထဲမှာတော့ ကိုယ့်ကိုယ်ကိုယ်ရုပ်ဆိုးနေတယ်၊ လူတွေ မမြင်ကွယ်ရာမှာ လှောင်နေကြဦးမယ်လို့ပဲ ခံစားနေရတယ်”လို့ သူက ပြောပြပါသေးတယ်။

သူ့ကို စိတ်ခွန်အားတွေဖြည့်ပေးမယ့် ချစ်သူတစ်ယောက်ရရှိခဲ့ပါတယ်။ သူရဲ့ကောင်လေးက ခွဲစိတ်ပြုပြင်မှု မလုပ်ခင်ထဲက အစစအရာရာကူညီမှုတွေပေးခဲ့ပါတယ်။ အရေးအကြီးဆုံးဖြစ်တဲ့ စိတ်ဓာတ်ခွန်အားတွေအများကြီး ရရှိစေခဲ့တယ်လို့ ရဘီကာက ဆိုပါတယ်။ ခွဲစိတ်မှုတွေက နာကျင်လွန်းလို့ ဘာလို့ ဒီခွဲစိတ်မှုတွေလုပ်ဖို့ ငါဆုံးဖြတ်ခဲ့မိတာလဲလို့ နောင်တရခဲ့သေးတယ်လို့ သူမကပြောပြခဲ့ပါတယ်။

“လူတွေကို ကျွန်မရဲ့ အရင်ပုံနဲ့ အခုပုံတွေကို ထုတ်ပြပြီး ကျွန်မအကြောင်းကို ပြောပြရင် လူတွေက ယုံတောင်မယုံနိုင်ဘူးဖြစ်နေပါတယ်၊ ဒီလိုအခြေ အနေရောက်အောင် ကူညီခဲ့တဲ့ ဆရာဝန်တွေ သူနာပြုတွေကို အရမ်းကျေးဇူးတင်မိပါတယ်၊ ကျွန်မရုပ်ဆိုးနေစဉ်ကတည်းက ကျွန်မကို လှတယ်လို့ အားပေးခဲ့တဲ့ ချစ်သူကိုလည်း ကျေးဇူးတင်ပါတယ်” လို့ သူက ပြောပြခဲ့ပါတယ်။

အခုဆိုရင် ဟာမစ်တန်ဟာ ဆေးခန်းတစ်ခုမှာ အကူသူနာပြုအနေနဲ့လုပ်ကိုင်နေပြီး သူမဘဝနဲ့ အတွေ့အကြုံတွေပြောပြပြီး လိုအပ်သူတွေကို အားပေးကူညီမှုတွေပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top