Healthy Life Ad
Life Style

အသည်းရောဂါ၏ ရှေးဦးလက္ခဏာများ

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ပြောပြပေးပါ ဆရာ။

ဖြေ ။ အသည်းက ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံးအင်္ဂါတစ်ခုထဲမှာ ပါဝင်သလို ခန္ဓာကိုယ်အတွင်းအင်္ဂါတွေထဲမှာ လည်း အကြီးဆုံး အင်္ဂါတစ်ခု ဖြစ်ပါတယ်။ အသည်း လုပ်ငန်းဆောင်တာတွေက အတော်လေး များပါတယ်။ အသည်းထဲမှာ စွမ်းအင်တွေ သိုလှောင်တာပဲဖြစ်ဖြစ်၊ အစာတွေ ခြေဖျက်တာပဲဖြစ်ဖြစ် တခြားသော ခန္ဓာကိုယ်ဆိုင်ရာ ဇီဝကမ္မဖြစ်စဉ်အတော်များများကို အသည်းကနေ လုပ်ဆောင်ပေးရတာ ဖြစ်ပါတယ်။

မေး ။ အသည်းက ဘယ်လိုအကြောင်းတွေကြောင့် ထိခိုက်မှု ဖြစ်နိုင်ပါသလဲ ဆရာ။

ဖြေ ။

အသည်းက ထိခိုက်မှုဖြစ်ခဲ့တယ်ဆိုရင် တတ်နိုင်သလောက် ပြန်ကောင်းအောင် လုပ်နိုင်တဲ့ စွမ်းအားတွေ ရှိပါတယ်။ ဒါပေမဲ့လည်း တချို့လူတွေက အသည်းနဲ့ မတည့်တဲ့ အစားအသောက်တွေကို မှီဝဲ စားသောက်ဖန်များလာတာကြောင့် အသည်းပျက်စီးမှုတွေ ဖြစ်လာရပါတယ်။

အသည်းရောဂါက အထူးသဖြင့် အရက်အလွန်အကျွံသောက်တာ၊ ဘီပိုး၊ စီပိုးလို ဗိုင်းရပ်စ်ပိုးတွေဝင်တာနဲ့ တခြားအကြောင်းအရာတွေများစွာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆေးဝါးတွေဖြစ်တဲ့ ပါရာစီတမောကို အလွန်အကျွံသောက်သုံးတာ၊ တက်ထရာဆိုက်ကလင်းကို စွဲသောက်တာ၊ တီဘီရောဂါပျောက်ဆေးတွေကို ကြာရှည်သောက်တာ စတဲ့ အကြောင်းတွေကလည်း အသည်းထိခိုက်စေတာကြောင့် ဆေးတွေကို ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ပဲ သောက်သင့်ပါတယ်။

မေး ။ အသည်း ထိခိုက်ပြီဆိုရင် ရှေးဦးစွာ ဘယ်လို လက္ခဏာတွေ ဖြစ်ပေါ် ခံစားရတတ်ပါသလဲ ဆရာ။

ဖြေ ။ အသည်း ထိခိုက်ပြီဆိုရင် အရင်ဆုံး ဖြစ်တတ်တာက အရေပြား ဒါမှမဟုတ် မျက်လုံးမှာ အရောင် ပြောင်းသွားတတ်ပါတယ်။ အသားဝါလာတယ်။ မျက်လုံးတွေ ဝါလာတယ်။

ဒါဆိုရင် သတိထားဖို့လိုပါတယ်။ နောက်တစ်ချက်က အရေပြား အလွန်အမင်းယားယံတာပါ။ ဒါဆိုရင်လည်း သတိထားဖို့ လိုပါတယ်။ ဆီးတွေ၊ ဝမ်းတွေအရောင် ပြောင်းသွားတတ်ပါတယ်။ ဒါကိုလည်း သတိထားရပါမယ်။

ဝမ်းဗိုက်ပုံစံ ပြောင်းလဲသွားတတ်ပါတယ်။ တချို့ဆိုရင် ရေဖျဉ်းဆွဲတယ်။ ဒါကလည်း သတိထားရမယ့်အချက်ပါ။ တချို့တွေမှာ ခြေထောက်တွေ ဖောလာတတ်ပါတယ်။

ဒီလိုလက္ခဏာတွေ ပြလာပြီဆိုရင် အသည်း ရောဂါကြောင့်လား၊ တခြားဘာရောဂါဝေဒနာကြောင့်လဲဆိုတာ အခြေခံအကြောင်းရင်းကို ရှာဖို့လိုပါတယ်။ တကယ်လို့ ကိုယ်က အရက်တွေသောက်နေတယ်၊ အစားအသောက်ကို စားချင်သလို စားတတ်တယ် ဆိုရင်တော့ အသည်းကျန်းမာရေးထိခိုက်နေပြီလား ဆိုတာကို အထူးစစ်ဆေးမှု ခံယူဖို့လိုအပ်နေပါပြီ။ အသည်းရောဂါရှိသူ တချို့ကျတော့လည်း ဘာလက္ခဏာမှမပြတာလည်း ရှိပါတယ်။

မေး ။ အသည်းထိခိုက်မှုမဖြစ်စေဖို့ ဘယ်လို ကာကွယ် သင့်ပါသလဲ ဆရာ။

ဖြေ ။ အသည်းရဲ့လုပ်ငန်းဆောင်တာကို ထိခိုက်စေတဲ့ အကြောင်းတွေထဲမှာ ရောဂါပိုး၊ ကင်ဆာ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက် စတာတွေအပြင် တခြားအကြောင်းအရာတွေလည်း ပါဝင်နေပါတယ်။ အထူးသဖြင့် ကာကွယ်လို့ ရတဲ့ အရာတွေဆိုရင်ကာကွယ်ထားသင့်ပါတယ်။ ဥပမာ အသည်းရောင် အသားဝါ ဘီပိုးအတွက် ကာကွယ်ဆေး ထိုးနှံထားပေးသင့်ပါတယ်။ အရက်အလွန်အကျွံသောက်တတ်တဲ့ သူတွေကလည်း အရက်ကို တတ်နိုင်သမျှ လျှော့သောက်သင့်ပါတယ်။ ဖြစ်နိုင်ရင်တော့ အရက်ကို ဖြတ်စေချင်ပါတယ်။

တကယ်လို့များ ကိုယ့်မှာ အသားဝါလာတယ်၊ မျက်ဝန်းအရောင်တွေ ပြောင်းသွားတယ်၊ ယားတယ်၊ ရေဖျင်းစွဲတယ်၊ အကြောင်းရင်း မယ်မယ်ရရ မရှိဘဲ မောပန်းနွမ်းနယ်နေတယ် . .ဒီလို လက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်ပြသပြီး စစ်ဆေးမှု ခံယူသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top