Healthy Life Ad
Child

ကလေးများတွင် တွေ့ရတတ်သည့် မူမမှန် သွားနှင့် ခံတွင်းဆိုင်ရာ အလေ့အထများ

ဒေါက်တာထွန်းထွန်းလင်း သွားနှင့် ခံတွင်းဘက်ဆိုင်ရာ ဆရာဝန်

အပြုအမူတစ်ခုကို ထပ်တလဲလဲ လုပ်ဆောင်နေတာကို အလေ့အထလို့ခေါ်ပါတယ်။ သူများလုပ်လို့ လိုက်လုပ်တဲ့ အလေ့အထနဲ့ မွေးရာပါ စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ ပြုလုပ်တဲ့ အလေ့အထဆိုပြီး နှစ်မျိုးရှိပါတယ်။ သွားနဲ့ ခံတွင်းကို ထိခိုက်စေတဲ့ မူမမှန်အလေ့အထတွေကတော့-

(၁) လက်မစုပ်ခြင်း
ကလေးငယ်တွေမှာ အတွေ့ရအများဆုံး အလေ့အထတစ်ခုဖြစ်တယ်။

သွားမပေါက်သေးတဲ့အချိန်မှာ ကလေးတွေ လက်မစုပ်လေ့ရှိရာ ကလေးအသက် ၆ လ ငယ်သွားတွေ စပေါက်ချိန်မှာ ယင်းအလေ့အထ ရပ်သွားလေ့ရှိပါတယ်။ တချို့ကလေးတွေမှာ လက်မစုပ်တဲ့ အလေ့အထက အသက် ၄ နှစ်အချိန်မှာ အပြီးရပ်တန့်သွားပါတယ်။

အသက် ၆ နှစ် အထက်မှာ လူကြီးသွားတွေ စတင်ပေါက်လာရာ ယင်းအလေ့အထ ဆက်လက်ရှိနေရင် လူကြီးသွားတွေ ရှေ့သို့ခေါလာခြင်း၊ သွားကျဲခြင်း၊ အောက်ရှေ့သွားတွေ အထဲဝင်ခြင်း၊ အပေါ်မေးရိုးကျဉ်းပြီး အောက်မေးရိုး ကျယ်လာခြင်း၊ အပေါ်ရှေ့သွားနဲ့ အောက်ရှေ့ သွားတွေမထိဘဲ ဟနေခြင်း၊ စကားမပီသခြင်းတို့ ကိုဖြစ်စေနိုင်ပါတယ်။

လက်မစုပ်တဲ့အကျင့်ရပ်စေဖို့ ကလေးလက်မကို ဆေးခါးရည် ဒါမှမဟုတ် ပူဒီနာ(ပူစီနံ)သုတ် လိမ်းထားခြင်း၊ လက်အိတ်စွပ်ထားခြင်း၊ တံတောင်ကွေးမရအောင် အဝတ်စနဲ့ပတ်ထားခြင်း၊ ပါးစပ်အတွင်း ကိရိယာတစ်ခု (Palatal Crib)တပ်ထားခြင်းဖြင့် ပြုလုပ်နိုင်ပါတယ်။

(၂) လျှာထုတ်သော အလေ့အထ
ကလေးအတော်များများမှာ တွေ့ရပေမယ့်လည်း အသက်ကြီးလာရင် ပျောက်သွားတတ်ပါတယ်။ လျှာကြီးလို့သော်လည်းကောင်း၊ အာရုံကြောဆိုင်ရာ ရောဂါကြောင့်သော်လည်းကောင်း၊ ရှေ့အပေါ်နဲ့ အောက်သွားမထိလို့ အစာမျို၊ စကားပြောတဲ့အခါ လေမလုံတာကြောင့်လည်းကောင်း လျှာထုတ်တဲ့အလေ့အထ ဖြစ်ပေါ်လာရပါတယ်။ ဒါကြောင့် သွားခေါခြင်း၊ သွားကျဲခြင်းတို့ ဖြစ်လာနိုင်ပါတယ်။

(၃) ပါးစပ်ဖြင့် အသက်ရှူခြင်း
နှာခေါင်းနဲ့ အသက်ရှူရတာ အဆင်မပြေ၊ အသက်ရှူမဝတာကြောင့် ပါးစပ်နဲ့ အသက်ရှူရာမှ အလေ့အထဖြစ်လာရပါတယ်။ မွေးရာပါ နှာခေါင်းအကန့်လွဲနေခြင်း၊ နှာခေါင်းအတွင်းသား ထွက်နေခြင်း၊ နှာစေးနေခြင်း၊ ဓာတ်မတည့်မှု ဖြစ်ခြင်းတို့ကြောင့် ပါးစပ်နဲ့ အသက်ရှူကြရပါတယ်။

ပါးစပ်နဲ့ အသက်ရှူတဲ့ ကလေးတွေမှာ-

သွေးအတွင်း သာမန်ထက် ၂၀ ရာခိုင်နှုန်း ကာဗွန်ဒိုင်အောက်ဆိုက် ပိုများပြီး ၂၀ ရာခိုင်နှုန်း အောက်ဆီဂျင် ပိုနည်းနေခြင်း၊

မေးရိုးတွေ သေးခြင်း၊ အပေါ်နှုတ်ခမ်းတိုခြင်း၊ သွားခေါခြင်း၊ သွားတွေ နေရာမမှန်ခြင်း၊

နှုတ်ခမ်းနဲ့ ခံတွင်းခြောက်ခြင်း၊ အစာရေမျိုရောင်ခြင်း၊ သွားပိုးစားခြင်း၊ နားစည်ရောင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

နှာခေါင်းပြဿနာကြောင့် ပါးစပ်နဲ့ အသက်ရှူရင် နား၊ နှာခေါင်း၊ လည်ချောင်းဆရာဝန်နဲ့ ပြသသင့်ပြီး ပုံမမှန်တဲ့ သွားတွေကို သွားနဲ့ ခံတွင်း ဆရာဝန်နဲ့ ပြသကုသမှုခံယူသင့်ပါတယ်။

(၄) လက်သည်းကိုက်ခြင်း၊ ခဲတံ / ဘောပင်ကိုက်ခြင်း
အသက်အရွယ် မရင့်ကျက်သေးလို့သော်လည်းကောင်း၊ လက်မစုပ်တဲ့ အလေ့အကျင့်မှ တစ်ဆင့်ပြောင်းလာခြင်းကြောင့်လည်းကောင်း ဖြစ်နိုင်ပါတယ်။

(၅) နှုတ်ခမ်းကိုက်ခြင်း

အပေါ်သွားတွေ အောက်သို့ သာမန်ထက် ရှည်ထွက်နေခြင်း၊

လက်မစုပ်တဲ့ အလေ့အထရှိခြင်း၊

ဖိအားများနေခြင်းတို့ကြောင့် နှုတ်ခမ်းကိုက်တဲ့အလေ့အထ ဖြစ်လာရပါတယ်။

နှုတ်ခမ်းကိုက်တာကြောင့် နှုတ်ခမ်းမှာ အနာဖြစ်ပေါ်ခြင်း၊ အပေါ်သွားတွေ ကျဲလာခြင်း၊ ခေါ လာခြင်းတို့ဖြစ်နိုင်ပါတယ်။ သွားနဲ့ ခံတွင်းဆရာဝန်နဲ့ပြသကာ လိုအပ်တဲ့ ကိရိယာကို ခံတွင်းထဲ တပ်ဆင်ပြီး ကာကွယ်နိုင်ပါတယ်။

(၆) အံကြိတ်ခြင်း
ဖိအားများခြင်း၊ ငယ်သွားနဲ့ကြီးသွားလဲနေချိန်၊ ဝမ်းဗိုက်အတွင်း သန်ကောင်များ ရှိနေခြင်း၊ အာဟာရချို့တဲ့ခြင်း၊ ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း၊ ဓာတ်မတည့်မှုဖြစ်ခြင်းတို့ကြောင့် အံကြိတ်စေနိုင်ပါတယ်။ အံကြိတ်တာကြောင့် သွားမျက်နှာပြင်တွေပြုန်းတီးခြင်း၊ မေးရိုးအဆစ်တွေ နာကျင်ခြင်း၊ သွားဖုံးသားတွေ ပျက်စီးခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ သွားနဲ့ခံတွင်း ဆရာဝန်နဲ့ပြသကာ လိုအပ်တဲ့ကုသမှုကို ခံယူသင့်ပါတယ်။

(၇) မိမိကိုယ်မိမိ နာကျင်အောင် ပြုလုပ်ခြင်း
ကိုယ့်ကိုယ်ကိုယ် နာကျင်အောင် ပြုလုပ်ခြင်း (Self-multilation)က စိတ်ရောဂါနဲ့ပတ်သက်တဲ့အတွက် စိတ်ကျန်းမာရေးဆရာဝန်နဲ့ ပြသကာ ကုသမှုခံယူသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top