Healthy Life Ad
Q & A

ကိုလက်စထော(Cholestrol)

ဒေါက်တာတင့်ဆွေ

မေး ။ ဆရာရှင့် သမီးမေမေက medical checkup လုပ်တာ သွေးထဲမှာ အဆီများနေတယ်လို့ သိရပါတယ်။ ဗဟုသုတအနေနဲ့ ဆောင်ရန်၊ ရှောင်ရန်လေးများ ဖတ်ထားချင်လို့ ဘယ်ခေါင်းစဉ်အောက်မှ ရှာဖတ်ရမလဲ သိချင်လို့ပါဆရာ။

ဖြေ ။ ကိုလက်စထောများနေရင် နှလုံးအတက်ခ်ရစေနိုင်တယ်။ နှလုံးသွေးကြောကျဉ်းလို့ ရင်ဘတ်နာတာ ရစေနိုင်တယ်။ အဆီစားများရင် အဲတာကို သွေးလွှတ်ကြောနံရံမှာလာစုနေလို့ အဲလိုရောဂါတွေဖြစ် စေနိုင်တယ်။ ကိုယ်အလေးချိန်များရင် ပိုဖြစ်တယ်။ ကိုယ်လက်လှုပ်ရှားမှုနည်းရင် ပိုဖြစ်တယ်။ မျိုးရိုးအရပါလာတာကိုတော့ ရှောင်မရပါ။ များသူတွေဟာ အရွယ်ရောက်ချိန်ကတည်းကစဖြစ်တယ်။ ယောကျာ်း တွေမှာ HDL အမျိုးသမီးတွေထက်နည်းတယ်။ အမျိုးသမီးတွေမှာ အသက်ရလာရင် LDL တက်လာတယ်။ အမျိုးသမီးအသက်မကြီးသူတွေမှာ ရွယ်တူ ယောကျာ်းတွေထက် LDL နည်းတယ်။ ဒါပေမဲ့ ၅၅ ကျော်ရင် ရွယ်တူယောကျာ်းတွေထက် များလာတယ်။

ပြည့်ဝဆီနည်းတဲ့အစားအသောက်နဲ့ ကိုလက်စထောနည်းတဲ့အစားအသောက် + ကိုယ်လက်လှုပ်ရှားမှု + ကိုယ်အလေးချိန် လိုအပ်ရင် လျှော့ချတာတွေနဲ့ လူကောင်းလိုနေနိုင်တယ်။ တချို့ကတော့ ဆေးလိုမယ်။

ဘာမှမခံစားရလို့ အသက် ၂၀ကျော်သူ ကျား-မတိုင်းစစ်သင့်တယ်။ ကောင်းနေရင်လည်း ၅ နှစ်တခါ စစ်သင့်တယ်။ Lipid profile (lipoprotein profile) လို့ ခေါ်တယ်။ ယောကျာ်းဆို ၃၅ နှစ်ကျော်ရင်၊ မိန်းမဆိုရင် ၄၅ နှစ်ကျော်ရင် ပိုပြီးခပ်စိပ်စိပ် စစ်သင့်သေးတယ်။ စစ်ရင် –

၁. LDL (low-density lipoprotein cholesterol) = ဆိုးတဲ့ ကိုလက်စထော၊

၂. HDL (high-density lipoprotein cholesterol) =ကောင်းတဲ့ကိုလက်စထော။

၃. Triglycerides ထရွိုင်ဂလစ်စထွိုက်နဲ့

၄. Total Cholesterol ကိုလက်စထော စုစုပေါင်းတွေကိုသိရမယ်။

၁. LDL Cholesterolကိုလက်စထောအဆိုး၊

• Less than 100 mg/dL = အကောင်းဆုံး၊

• 130 – 159 mg/dL = အကောင်း-အဆိုးကြား၊

• 160 – 189 mg/dL = မြင့်နေ၊

• 190 mg/dL and above = အတော်မြင့်နေ။

၂. HDL Cholesterol ကိုလက်စထောအကောင်း

• 60 mg/dL နဲ့ အထက် ရှိသင့်တယ်၊

• ယောကျာ်းတွေမှာ 40 mg/dL ထက်နည်း ပြီး၊

• မိန်းမတွေမှာ 50 mg/dL ထက်နည်းနေရင် နှလုံးရောဂါဖြစ်လာမှာစိုးရတယ်၊

• 60mg/dLထက်များရင် နှလုံးရောဂါကို ကာကွယ်ရာကျတယ်။

၃. Triglycerides ထရွိုင်ဂလစ်စထွိုက်စ်

• 150 mg/dLထက်နည်းတာပုံမှန်၊

• 150 – 199 mg/dL နဲနဲများတယ်၊

• 200 – 499 mg/dL များတယ်၊

• 500 mg/dL or higher အလွန်များတယ်။

၄. Total Cholesterol ကိုလက်စထော စုစုပေါင်း

• 200 mg/dLထက်နည်းနေတာ ကောင်းတယ်၊

• 200 – 239 mg/dL နဲနဲများတယ်၊

• 240 mg/dL နဲ့အထက်များတယ်။

ကိုလက်စထောများနေရင် ဘာလုပ်ရမလဲ
တကယ်လို့ နှလုံးရောဂါ၊ သွေးကြောရောဂါရှိနေ ရင် LDL ကို ၇၀ ထက် နည်းနေအောင် လုပ်သင့်တယ်။ ဆီးချိုနဲ့ တခြားရောဂါရှိနေသူတွေက LDL ၁၀ဝ ထက်နည်းနေသင့်တယ်။ နှလုံးရောဂါ၊ စထုပ်ခ်ခေါ် လေဖြတ်တာ၊ အဖျားပိုင်း သွေးကြောရောဂါတွေ ဖြစ်လာနိုင်တဲ့အန္တရာယ်ရှိတယ်။ (၁) တသက်လုံးလူနေမှုပုံစံကိုပြောင်းပါ။ (၂) လိုအပ်ရင် ဆေးသောက်ပါ။ လူနေမှုပုံစံကောင်းဆိုတာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။ ကိုယ်အလေးချိန်ထိန်းနေပါ။ ဆေးလိပ် မသောက်ပါနဲ့။

ကျန်းမာရေးနဲ့ ညီညွတ်တာသာစားပါ။

မပြည့်ဝဆီ (Unsaturated fats) နဲ့ Cholesterol နည်းတာတွေသာစားပါ။

အသီးအနှံနဲ့သစ်သီးတွေ စားပါ။

ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဆီရွေးစားသုံးပါ။ နှမ်းဆီ၊ သံလွင်ဆီ၊ ပန်းနှမ်းဆီ၊ မြေပဲဆီ၊ ကင်နိုလာ ဆီတွေ သုံးပါ။

ဖိုက်ဘာများတဲ့ အစားအစာစားပေးပါ။ ဘာလီ၊ အုတ်စပါး၊ ပန်းသီး၊

အစေ့အဆံတွေစားပါ။ မြေပဲ၊ သစ်ကြားသီး၊ ဗာဒံစေ့၊

ပဲသီးစားပါ။ ပဲအမျိုးမျိုးစားပါ။

အသားတွေကရတဲ့ အဆီကဆိုးတယ်ဆိုပေမဲ့ အားလုံးတော့ မဟုတ်ဘူး။

မြင်ရတဲ့အဆီတွေ ဖယ်ထုတ်ထားတာ ရွေးပါ။ ကြော်မယ့်အစား ပြုတ်ပါ။

ကြက်သားနဲ့ ကြက်ဆင်သားတွေက ငန်းသားနဲ့ ဘဲသားအဆီထက် သက်သာတယ်။ အရေခွံမစားပါနဲ့။

ပြုပြင်ထားတဲအသားတွေ ဥပမာ- ဝက်အူတောင့်၊ ဟော့ဒေါ့ခ်တွေမှာအဆီနဲ့ ဆားများတယ်။ ရှောင်ပါ။

ကလီစာကို တခါတလေမှသာစားပါ။

မာဂျရင်းက ထောပတ်ထက် အသင့်စားလို့ရတယ်။

Statins ကို အများဆုံးသုံးတယ်။ ဆေးကြောင့် ဗိုက်နာ၊ လေပွ၊ ဗိုက်နာ၊ ဗိုက်အောင့်၊ ဝမ်းချုပ်၊ အသဲထိခိုက်၊ ကြွက်သားတွေ နာ-အားယုတ်တာ တွေဖြစ်စေနိုင်တယ်။ Atorvastatin (Lipitor) နဲ့ Rosuva-statin (Crestor) တွေက ပိုပြင်းတယ်။ Fluvastatin (Lescol) က သိပ်မပြင်းဘူး။

Fibrates ဆေးက Triglyceride ကျစေတယ်။ ဒီဆေးကြောင့် ဝမ်းပျက်၊ ဗိုက်နာ၊ သည်းခြေ ကျောက်တည်၊ သွေးအားနည်း၊ သွေးကျဲဆေးတွေကို ပိုအားပေးတာတွေ ဖြစ်စေနိုင်တယ်။ gemfibrozil, (Lo-pid) နဲ့ fenofibrate (Tricor, Fibricor) တွေ ဖြစ်တယ်။

Resins (bile acid sequestrants)ဆေးက အသဲကနေ ကိုလက်စထောကိုပိုအသုံးချစေမယ်။ ဒီဆေးကြောင့် ဝမ်းပျက်-ဝမ်းချုပ်၊ ဗိုက်မငြိမ်၊ ခေါင်းမူး၊ လေပွ၊ ရင်ပြည့်၊ ရင်ပူတာတွေ ဖြစ်စေနိုင်တယ်။

Niacin ဆေးက Triglyceride ကိုနည်းစေပြီး၊ HDL cholesterol ကိုများစေမယ်။ အသဲထိခိုက်၊ ဗိုက်နာ၊ အရေပြားနီမြန်း၊ ယားယံ၊ ဆီးချိုတက်တာတွေ ဖြစ်စေနိုင်တယ်။

ကိုလက်စထောကျဆေးတွေမှာ ဘေးထွက်ဆိုးကျိုးတွေရှိတယ်။ အိပ်ချင်၊ အိပ်ရေးပျက်၊ ခေါင်းကိုက်၊ ပျို့၊ အန်တာတွေ ဖြစ်တတ်တယ်။ ဆေးတွေ တမျိုးကနေ နောက်တမျိုး ပြောင်းပေးရတာလဲရှိတယ်။

ကိုလက်စထောများနေသူတွေကို ဆေးကုရတာတစ်ယောက်နဲ့ တစ်ယောက် မတူပါ။ လူတိုင်းက ကိုလက်စထောကို ထုတ်ပေးနေပြီး ဒါကိုအသုံးပြုနေကြတယ်။ နှစ်နေရာလုံးမှာ မတူကြပါ။ ယောကျာ်းတွေနဲ့ မိန်းမတွေကို ဆေးကုရတာမတူဘူး။ (ကိုလက်စထော)များနေလို့ ချက်ချင်းစိတ်မပျက်ပါနဲ့ အမေရိကားမှာ ကိုယ်လိုလူမျိုးသန်း ၁၀ဝ ရှိနေတယ်။ ဒီလူတွေက Total cholesterol 200 mg/dL ထက် များနေကြတယ်။ သူတို့ကိုဆေးကုတဲ့အခါ နှစ်ယောက်ထပ်တူတယ်ဆိုတာတောင်ရှားတယ်။ ဟော်တယ်တွေ၊ အနောက်နိုင်ငံတွေမှာ မနက်စာအဖြစ်စားသုံးလေ့များတဲ့ ဝက်ပေါင်ခြောက်က အဆီတွေများလို့ ဆိုးစေတယ်။ ချောကလက်ကိတ်မုံ့ကလဲ အတူတူဘဲ။ အရက်ထဲမှာလဲ ကယ်လိုရီနဲ့သကြားဓါတ်မနည်းလှဘူး။ Triglyceride levels များစေနိုင်တယ်။

ဆီးချိုရောဂါရှိနေရင်လည်း Triglyceride levels များနေနိုင်တယ်။ ကိုယ်အလေးချိန်လျှော့ချပါ၊ ကိုယ်လက်လေ့ကျင့်ခန်း ပိုလုပ်ပါ၊ ဖိုက်ဘာများ များပါတဲ့ ပဲသီး၊ ဟင်းသီးဟင်းရွက်တွေနဲ့ သိပ်ဖြူဆွတ်အောင်ချွတ်မထားတဲ့ အစေ့အဆံတွေ စားသုံးပါ။

HDL ခေါ် ကောင်းတဲ့ကိုလက်စထောက ၆၀ နဲ့ အထက်ရှိနေရင် နှလုံးရောဂါကို ကာကွယ်ရာကျတယ်။ ဒီအမျိုးအစား နည်းနေတာဟာ မကောင်းပါ။ ယောကျာ်းတွေဆိုရင် 40 mg/dL ထက်နည်းနေရင်၊ မိန်းမတွေဆိုရင် 50 mg/dL ထက် နည်းနေရင် မကောင်းပါ။ အုန်းသီးဆံ၊ အုန်းရည်တွေမှာဆိုးတဲ့ကိုလက်စထောပါနေမဲ့ Saturated fat တွေပါတယ်။ သစ်ကြားသီးကို အသင့်အတင့်စားပေးပါ။ သူ့ထဲမှာ ဖိုင်ဘာ နဲ့ အိုမီဂါ ၃ တွေပါလို့ဖြစ်တယ်။ Junk-food ဆိုင်ကနေ အလွယ်ဝယ်ရတဲ့ ခေတ်ပေါ်အစားအစာ၊ သွားရည်စာတွေမှာ ဆားနဲ့ ကိုလက်စထော များတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top