Healthy Life Ad
Life Style

လက်ချောင်းလေးများ ကျိုးခြင်း

ပါမောက္ခဦးနေဝင်း (အရိုးအထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)
မေး ။ လက်ချောင်းလေးတွေ ကျိုးရင် စိုးရိမ်ရပါသလား ဆရာ။

ဖြေ ။ လက်ချောင်းလေးတွေ ကျိုးရင် စိုးရိမ်ရပါတယ်။ လက်ချောင်းလေးတွေက သိပ်ကို ဆန်းကြယ်ပါတယ်။ လက်မပဲ ကွေးကွေး၊ လက်ညှိုးပဲ ကွေးကွေး.. ဘယ်လက်ချောင်းကိုပဲ ကွေးကွေး သူတို့ရဲ့ ဦးတည်ရာက လက်ဖဝါးအောက်နားအလယ်မှာ ဖြစ်ပါတယ်။ အဲဒီနေရာလေးကိုပဲ ဦးတည်နေတယ်။ တကယ်လို့ လက်ချောင်းတစ်ချောင်း ကျိုးလိုက်လို့ အရိုးက ပုံမကျ ပန်းမကျ ပြန်ဆက်သွားရင် လက်ကွေးတဲ့အခါ လက်တစ်ချောင်းနဲ့ တစ်ချောင်း ထပ်ကုန်ပါတယ်။ လက်က လိမ်ပြီး ထပ်ကုန်တာမျိုး ဖြစ်တတ်တဲ့အတွက် ဒီအရိုးကျိုးတဲ့အခါ တတ်နိုင်သမျှ ပုံမှန် အနေအထားရောက်အောင် ပြန်ပြီး ထိန်းပေးရပါတယ်။ တစ်ခါတလေကျရင် လက်ကျိုးပြီး အဆစ်တွေ ဘာတွေပါ ထိနေရင်၊ လက်ကို မခွဲဘဲ ပုံမှန်အနေအထား ရောက်အောင် မထိန်းနိုင်တဲ့ အခြေအနေမျိုးဆိုရင် လက်အနေအထား ပုံမှန်ရဖို့ ခွဲစိတ်ပြီး ပစ္စည်းတွေ ထည့်ရတာတွေ ရှိပါတယ်။

မေး ။ လူ့ခန္ဓာကိုယ်မှာ လက်ချောင်းတွေရဲ့ အသုံးဝင်ပုံကို သိပါရစေ ဆရာ။
ဖြေ ။ လက်ချောင်းတွေက အတော်အရေးကြီးပါတယ်။ လူ့ခန္ဓာကိုယ်မှာ လက်က အတော်အသုံးဝင်ပါတယ်။ လက်ရဲ့ထိတွေ့တဲ့ အာရုံခံစားမှုက တခြားအစိတ်အပိုင်းတွေထက် ပိုသာပါတယ်။ အလုပ်လုပ်တဲ့အခါ အများအားဖြင့် မျက်စိနဲ့ကြည့်စရာမလိုဘဲ လက်က သူ့ဘာသာလုပ်သွားတာများပါတယ်။ လက်ရဲ့အထိအတွေ့၊ အာရုံခံစားမှုနဲ့ပဲ တော်ရုံတန်ရုံ အလုပ်တွေကိုလုပ်လို့ရပါတယ်။ ဥပမာ လုံချည်ဝတ်မယ်ဆိုရင် လုံချည်ကို ငုံ့ကြည့်နေစရာတောင် မလိုဘူး၊ လက်က သူ့ဘာသာ ခံစားမှုနဲ့ လုပ်သွားတာများပါတယ်။ လက်မှာ ဖိအားနဲ့ဆိုင်တဲ့ ခံစားမှုလည်းရှိပါတယ်။ ဥပမာ- ကြက်ဥကို ကိုင်ရင် ဘယ်လောက်ဖိအားနဲ့ကိုင်မှာလဲ၊ ဖန်ခွက်ကို ကိုင်ရင် ဘယ်လောက် ဖိအားသုံးမှာလဲ၊ ခဲလုံးတစ်လုံးကို ဘယ်လောက်အားနဲ့ဖိပြီး ကိုင်မှာလဲစသဖြင့် လက်က သူ့ဘာသာသိပါတယ်။ လက်ရဲ့ ခံစားမှုက အတော်ရှုပ်ထွေးနက်နဲပါတယ်။ ပခုံးကစပြီး လက်မောင်းတစ်ခုလုံးက လက်ချောင်းတွေ အသုံးဝင်အောင်ဖန်တီးထားတာ ဖြစ်ပါတယ်။ နိစ္စဓူဝအလုပ်တွေလုပ်တဲ့အခါ တစ်ကိုယ်လုံး မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေအနက် လက်တွေ လောက် အသုံးကျတာ၊ ပါဝင်မှုများတာ မရှိပါဘူး။ စားတယ်၊ သောက်တယ်၊ အဝတ်အစားဝတ်တာ၊ အလုပ်လုပ်တာတွေမှာ လက်ရဲ့ပါဝင်မှုက အခရာကျပါတယ်။ ဆရာတို့လို ခွဲစိတ်ဆရာဝန်တွေဆိုရင် လက်တစ်ခုခုဖြစ်ရင် ဘယ်လိုမှကို အလုပ်လုပ်လို့ မရတော့ပါဘူး။ လက်မှာနည်းနည်းထိခိုက်ရင်၊ လက်က ကွေးလို့မရရင် ဘာမှလုပ်လို့ မရတော့ပါဘူး။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ လက်လောက် ပါဝင်မှုများတာ၊ အသုံးကျတာ မရှိသလောက်ပါပဲ။ လက်က သိမ်မွေ့နက်နဲတဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။

မေး ။ လက်ချောင်းလေးတွေ ကျိုးရင် သူ့အလိုလို ပြန်ဆက်နိုင်ပါသလားဆရာ။
ဖြေ ။

လက်ချောင်းလေးတွေက ကျိုးသွားရင် သူ့အလိုလိုပြန်ဆက်နိုင်ပါတယ်။ ဒါပေမဲ့ ပြဿနာက လက်ချောင်းတွေက တည့်တည့်ဆက်တာလား၊ လိမ်လိမ်ဆက်တာလား၊ ကောက်ကောက်ဆက်တာလား၊ ကွေး ပြီး ဆက်တာလားဆိုတဲ့ ပြဿနာရှိပါတယ်။ ခန္ဓာကိုယ်မှာကျိုးတဲ့ အရိုးအတော်များများက သူ့ဘာသာ ပြန်ဆက်တာများပါတယ်။

မဆက်တဲ့ အရိုးဆိုတာရှိပေမယ့် ရှားပါတယ်။ လက်ကျိုးတဲ့အခါ နာတယ်၊ ရောင်တယ်၊ ဒီထက် ပိုဆိုးဆိုးရွားရွားကျိုးရင် လက်က ပုံပျက်သွားပါတယ်။ လက်က ပုံပျက်ပြီး ပြန်ဆက်သွားတဲ့အခါ ကြာသွားရင် ပုံမှန်ပြန်ရအောင် လုပ်ဖို့ ခက်ခဲသွားပါတယ်။

မေး ။ လက်ကျိုးတဲ့အခါ ကျပ်စည်းတာလည်း ကြားဖူးပါတယ်။ အဲဒီအကြောင်းကိုလည်း ပြောပြပေးပါလား ဆရာ။
ဖြေ ။ ကျပ်စည်းတယ်ဆိုတာ အရင်တုန်းက လုပ်တဲ့နည်းဖြစ်ပါတယ်။ ဟိုးအရင်တုန်းက ဒီနည်းကို တစ်ကမ္ဘာလုံးက လုပ်ခဲ့ပေမယ့် ဒီခေတ်အခါမှာတော့ ခေတ်မီတဲ့ တိုင်းပြည်တွေမှာ မလုပ်တော့ပါဘူး။ နံပါတ်တစ်က အရိုးကျိုးရင် အဆစ်တွေပါပါသလား၊ ဘယ်လိုပုံစံနဲ့ ကျိုးတာလဲ စတာကို သိသင့်ပါတယ်။ အရိုး ကျိုးတာချင်း တူရင်တောင် ပုံစံချင်း မတူပါဘူး။ အရိုးက စောင်းပြီး ကျိုးတာလား၊ လိမ်ပြီး ကျိုးတာလား၊ ဘယ်နားမှာ ကျိုးတာလဲ၊ အဆစ်နဲ့ ကပ်ပြီး ကျိုးတာလား၊ အလယ်တည့်တည့်မှာ ကျိုးတာလား၊ အဆစ်ထဲဝင်သွားသလား၊ အဆစ်ရဲ့မျက်နှာပြင်ရော ဘယ်လောက်ထိခိုက်သွားသလဲ စတဲ့ Fracture Geomatory ကို အရင်ဆုံးသိအောင်လုပ်ရပါတယ်။ သိပြီဆိုမှ ဒီအရိုးကျိုးတဲ့ပုံစံကို ဘယ်လိုကုရင် အကောင်းဆုံးအဖြေထွက်မလဲဆိုတာကို စဉ်းစားပေးရပါတယ်။ အရိုးကျိုးပြီဆိုတာနဲ့ ဘယ်လိုပုံစံလဲဆိုတာသတိမထားဘဲ လာတိုင်းကျပ်စည်းတာ၊ ကျောက်ပတ်တီးစည်းတာတွေက မကောင်းပါဘူး။ အရိုးကျိုးတိုင်း အကုန်လုံးခွဲတာလည်းမဟုတ်သေးပါဘူး။ အရိုးကျိုးတဲ့ သဘောတရားပေါ်မူတည်ပြီး အကောင်းဆုံးနည်းကိုစဉ်းစားကုသရပါတယ်။ လက်ကျိုးလို့ ကျောက်ပတ်တီးစည်းတာ၊ ကျပ်စည်းတာတွေက အကြာကြီးလုပ်လို့လည်း မရပါဘူး။အကြာကြီး စည်းလိုက်ရင် လက်ချောင်းတွေက ခိုင်သွားပြီး လှုပ်ရှားလို့မရတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် လက်ချောင်းတွေကို အမြန်ဆုံးလှုပ်ရှားနိုင်အောင်စီစဉ်ပေးရပါတယ်။ လက်ချောင်းတွေက အဆုံးအထိ ကွေးမှ အလုပ်အကုန် လုံးလုပ်လို့ရပါတယ်။

လက်မထိပ်နဲ့ကျန်တဲ့ လက်ချောင်းထိပ်တွေက ထိတွေ့နေတဲ့ အနေအထားရှိနေရပါတယ်။ လက်မတွေထိခိုက်လို့ လက်မကကွေးလို့မရရင် အလုပ်အကုန်လုံးလုပ်လို့ မရတာမျိုးဖြစ်တတ်ပါတယ်။ လက်မ ရဲ့ အသုံးဝင်ပုံက ကျန်တဲ့ လက်လေးချောင်းနဲ့ ညီမျှပါတယ်။ ဒါကြောင့် လက်ချောင်းလေးတွေကျိုးရင် မပေါ့ဆသင့်ပါဘူး။ အဆစ်တွေပါ ထိခိုက်သွားတာ၊ မီးလောင်တာတွေဖြစ်ရင် လက်က ဆန့်လို့မရတော့တာမျိုးဖြစ်တတ်တယ်။ တချို့လူတွေကလက်ချောင်းပုံပျက်ပြီး ကွေးနေတာ ၁၀နှစ်-၁၅နှစ်ကြာမှ လာပြတာမျိုးရှိတယ်။ အဲဒီအခါကျမှ လက်ချောင်းတွေကို ပုံမှန်ပြန်ဖြစ်အောင်လုပ်ပေးပါလို့ ပြောတတ်ကြတယ်။ အဲဒီအခါ အဆစ်တွေခဲနေပြီဖြစ်တဲ့အတွက် ပုံမှန်ပြန်ရအောင်လုပ်ဖို့ သိပ်ကိုခက်ခဲသွားပါပြီ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top