Healthy Life Ad
Life Style

အိမ်သုံးဆေး သုံးစွဲခြင်းနှင့် ပတ်သက်၍

ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. အိမ်သုံးဆေးတွေကို ဆောင်ထားသင့်ပါသလား ဆရာ။

ဖြေ. အဓိကကတော့ အိမ်သုံးဆေးတွေကို အိမ်မှာ ဆောင်ထားလို့ရပါတယ်။ ခရီးသွားရင် ယူသွားလို့ရပါတယ်။ ဒါပေမဲ့ အဲဒီအိမ်သုံးဆေးတွေအကုန်လုံးက နိုင်ငံတကာအပြင် ဒီနိုင်ငံက အစိုးရနဲ့ ဆေးဝါးကျွမ်းကျင်သူတွေက အန္တရာယ်မရှိဘူးလို့ သတ်မှတ်ထားတဲ့ ဆေးတွေကိုပဲ ဆောင်ထားသင့်တာဖြစ်ပါတယ်။ ဥပမာ ဈေးကွက်ထဲမှာအလွယ်ဝယ်ယူနိုင်တဲ့ ဖျားရင်သောက်တဲ့ ပါရာစီတမော၊ နှာစေးရင်သောက်တဲ့ စီထရင်း၊ ဗိုက်အောင့်ရင် သောက်တဲ့ဆေးတွေ၊ ဗီတာမင်အားဆေးတွေ၊ ကယ်လ်ဆီယမ်ဆေးတွေကို Over the counter လို့ခေါ်ပါတယ်။ ဒီဆေးတွေကိုတော့ အိမ်မှာဆောင်ထားလို့ရပါတယ်။

မေး. အိမ်တစ်အိမ်မှာ ဘယ်လိုအိမ်သုံးဆေးတွေကို ဆောင်ထားသင့်ပါသလဲ ဆရာ။

ဖြေ. အိမ်တစ်အိမ်မှာ အချိန်အခါမရွေး ဖျားနိုင်တဲ့အတွက် ပါရာစီတမောဆောင်ထားလို့ရပါတယ်။ ချောင်းဆိုးပျောက်ဆေး၊ နှာစေးပျောက်ဆေးတွေကိုလည်း ဆောင်ထားလို့ရပါတယ်။ အဓိက အိမ်မှာဆောင်ရမှာကတော့ ပတ်တီးတို့၊ ဂွမ်းတို့၊ ပလာစတာ၊ အရက်ပြန်၊ အနာထည့်တဲ့ဆေးတွေ ဖြစ်ပါတယ်။ မိသားစုအားလုံးအတွက် အိမ်သုံးဆေးအဖြစ် ဆောင်ထားသင့်တာက ဗိုက်အောင့်ပျောက်ဆေးတွေ ဖြစ်ပါတယ်။ ဒီဆေးတွေက ဗိုက်အောင့်နေတဲ့အချိန်မှာ ဆရာဝန်ဆီလည်းမသွားနိုင်တဲ့အချိန်ဆို သောက်လို့ရပါတယ်။ ပြဿနာမရှိပါဘူး။

နောက်တစ်ခုက အဖျားကျဆေးတွေ ဆောင်ထားနိုင်ပါတယ်။ ပြီးတော့ ဝမ်းလျှောတာဖြစ်နိုင်တဲ့အတွက် ဓာတ်ဆားတွေ ဆောင်ထားသင့်တယ်။ ဝမ်းပိတ်ဆေးတွေလည်း ဆောင်ထားလို့ရပါတယ်။ နှာစေးတာ၊ ဓာတ်မတည့်မှုကြောင့် အဖုအပိမ့်ထွက် တတ်တာတွေအတွက် ဘာမီတွန်ဆောင်ထားလို့ ရပါတယ်။ အဲဒီလိုအိမ်သုံးဆေးတွေ အားလုံးကို ဆောင်ထားလို့ရပါတယ်။ ဒါပေမဲ့ လူတွေက အဲဒီအိမ်သုံးဆေးတွေကို ဘယ်လိုသုံးရမလဲဆိုတာကိုလည်း သိဖို့လိုပါတယ်။

ကိုယ့်ရောဂါက အိမ်သုံးဆေးနဲ့ မသက်သာဘူးဆိုရင်တော့ မပျင်းဘဲနဲ့ ဆရာဝန်ထံသွားပြဖို့ သင့်ပါတယ်။ ဗိုက်အောင့်တယ်ဆိုပြီးတော့ လေဆေးတွေသောက်တယ်။ ဒါပေမဲ့ မသက်သာခဲ့ဘူးဆိုရင် ဆရာဝန်ထံ သွားပြသင့်ပါတယ်။ တကယ်တမ်းတော့ . . .

မေး. အိမ်သုံးဆေးတွေကို ဘယ်လိုသုံးသင့်ပါသလဲ ဆရာ။

ဖြေ. အိမ်သုံးဆေးဘူးခွံတွေပေါ်မှာ ဆေးအညွှန်းတွေ အကုန်ပါပြီးသားပါ။ အဲဒါကို လူတွေက ဖတ်ကြတယ်ဆိုတာ ရှားပါတယ်။ နောက်တစ်ခုခက်တာက အင်္ဂလိပ်လိုရေးထားတဲ့အတွက်ကြောင့် ဖတ်မနေတော့တဲ့သူတွေလည်း ရှိပါတယ်။ တချို့က ဆေးအသုံးအနှုန်းဝေါဟာရတွေကို မသိတဲ့အတွက် ဖတ်ပေမယ့်လည်း နားမလည်တာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။ အနည်းဆုံးတော့ ဒီဆေးက တစ်နေ့ကို နှစ်ကြိမ်-သုံးကြိမ်ထက် ပိုမသောက်သင့်ဘူးဆိုတာ မျိုးကိုတော့ အကြမ်းဖျင်းသိသင့်ပါတယ်။

ကိုယ့်ရောဂါက အိမ်သုံးဆေးနဲ့ မသက်သာဘူးဆိုရင်တော့ မပျင်းဘဲနဲ့ ဆရာဝန်ထံသွားပြဖို့ သင့်ပါတယ်။ ဗိုက်အောင့်တယ်ဆိုပြီးတော့ လေဆေးတွေသောက်တယ်။ ဒါပေမဲ့ မသက်သာခဲ့ဘူးဆိုရင် ဆရာဝန်ထံသွားပြသင့်ပါတယ်။ တကယ်တမ်းတော့ အစာအိမ်ကဖြစ်နေတာဆိုရင် အဲဒီလေဆေးတွေကြောင့် အစာအိမ်သွေးကြောပေါက်တာတွေ ဖြစ်တတ်ပါတယ်။ အဲဒီလိုတွေဖြစ်နိုင်တဲ့အတွက် အိမ်သုံးဆေးကိုလည်း တန်ရုံသင့်ရုံသာသုံးပြီး မသက်သာခဲ့ရင် ဆရာဝန်ပြတာပိုကောင်းပါတယ်။ အရင်က ဗိုက်အောင့်တာ လေဆေးသောက်လို့ ပျောက်သွားတယ်ဆိုပေမယ့် ဒီတစ်ခေါက်က လေကြောင့် ဗိုက်အောင့်တာ ဟုတ်၊ မဟုတ်လည်း သေချာမသိနိုင်ပါဘူး။

ဒါကြောင့် ဒီဆေးတွေက အရေးပေါ်အခြေအနေတွေအတွက် ဆောင်ထားလို့ရပါတယ်။ အိမ်သုံးဆေးဝါးအနေနဲ့ ဆောင်ထားလို့ရပါတယ်။ ဆေးညွှန်းကိုတော့ သိဖို့လိုပါတယ်။ လိုတာထက် ပိုမသောက်မိဖို့လည်း အရေးကြီးပါတယ်။ သောက်လို့မှမသက်သာရင် ဆရာဝန်ပြပါ။ ဒီလိုမှမဟုတ်ရင်တော့ ဆိုးကျိုးတွေလည်း အများကြီး ရှိလာနိုင်ပါတယ်။ သတိထားရမှာကတော့ အိမ်သုံးဆေးတွေကို ကိုယ်ဝန်ဆောင်တွေကိုတော့ မတိုက်သင့်ပါဘူး။ အသက်အရမ်းငယ်တဲ့ ကလေးတွေ၊ အသက်ကြီးတဲ့ အဘိုးကြီး၊ အဘွားကြီးအရွယ်တွေကို တိုက်ရင်လည်း သတိထားဖို့လိုပါတယ်။

မေး. အိမ်သုံးဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို သိပါရစေ ဆရာ။

ဖြေ. ဆေးတိုင်း၊ ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုး ရှိပါတယ်။ ပါရာစီတမောဆိုလည်း ဆိုးကျိုးရှိတာပဲ။ ဒါကြောင့် ပါရာစီတမောဆိုရင်လည်း သတ်မှတ်ထား တဲ့ ပမာဏပဲသောက်သင့်ပါတယ်။ ဥပမာ ဖျားတယ်ဆိုရင် တစ်နေ့ကို ပါရာစီတမော တစ်ဂရမ် သောက်ရမယ်ဆိုရင် အဲဒီလောက်ပဲ သောက်သင့်ပြီး အဲဒီထက် ပိုမသောက်သင့်ပါဘူး။ အဖျားကျဖို့အတွက် ၆နာရီခြား ဒါမှမဟုတ် ၈ နာရီခြားပြီးမှ ထပ်သောက်ရပါမယ်။ အနာသက်သာချင်ရင် တစ်ဂရမ်ကို ၈ နာရီခြားပြီးတော့သောက်ရပါမယ်။ အလွန်ဆုံး ရှစ်လုံးထက် ပိုမသောက်ရပါဘူး။ အဲဒါတွေကို တောက်လျှောက်သောက်နေရင်မကောင်းပါဘူး။

ဘာမီတွန်ဆိုလည်း နှာချီတိုင်းသောက်နေလို့ မရပါဘူး။ တစ်နေ့ကို နှစ်ကြိမ်၊ သုံးကြိမ်ထက် ပိုမသောက်ရပါဘူး။ ဒါ့အပြင် ဘာမီတွန်က အိပ်ငိုက်တတ်တဲ့အတွက်ကြောင့် ကားမောင်းတဲ့အချိန်တွေမှာ မသောက်သင့်ပါဘူး။ ဒီလိုဆေးတွေမှာ သတိပေးအညွှန်းတွေ အကုန်ရေးထားပြီးသားပါပဲ။ ဒါပေမဲ့လည်း လူတွေက မဖတ်ကြပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top