Healthy Life Ad
International

ရှားပါးဝေဒနာကြောင့် တစ်နေ့ ၁၉ နာရီခန့် အိပ်စက်နေရသူ

၊ ကိုထက် ၊

အသက် ၂၇နှစ်ရှိပြီဖြစ်တဲ့ ခရစ်စတန်ဟာ သူရဲ့ ရှားပါးဝေဒနာတစ်မျိုးကြောင့် နေ့စဉ်အချိန် ၁၉ နာရီခန့်ကို အိပ်စက်နေခြင်းဖြင့် ကုန်ဆုံးနေရသူဖြစ်ပါတယ်။ သူဟာ ကျောင်းဆရာမတစ်ဦး ဖြစ်ပြီး နယူးယောက်မြို့မှာနေထိုင်ပါတယ်။ လွန်ခဲ့တဲ့ ၆နှစ်ခန့်မှစပြီး သူရဲ့အရေပြားတွေ ကွဲအက်လာခဲ့ပါတယ်။ အမြဲလိုလို ချမ်းနေပြီး မောပမ်းနေတဲ့အတွက် မကြာခဏအိပ်စက်အနားယူခဲ့ရပါတယ်။

သူဟာ မရေမတွက်နိုင်လောက်အောင် ဆရာဝန်ပေါင်းများစွာနဲ့ ပြသခဲ့ပေမယ့် ဘာရောဂါ ဖြစ်နေတယ်ဆိုတာကို ဆရာဝန်တွေက မဖြေနိုင်ခဲ့ကြပါဘူး။ ၂၀၁၃ ခုနှစ်ရောက်ချိန်ကျမှ သူ့မှာ ကိုယ်ခံအားစလွဲရောဂါတစ်မျိုးဖြစ်နေတယ်ဆိုတာကို တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဒီရောဂါဟာ လူတစ်သောင်းမှာ ၁၅ယောက်ခန့် ဖြစ်နိုင်ခြေရှိတယ်လို့ သိရပါတယ်။

သူရဲ့အရေပြားဟာ အက်ကွဲ ကြွေကျတာတွေဖြစ်နေပြီး အလွန်ထိခိုက်လွယ်လာပါတယ်။ ရာသီဥတု ပူနွေးနေတဲ့အချိန်မှာတော့ အေးနေတယ်လို့ ခံစားနေရပြီး ထုံကျင်နေတယ်လို့ သိရပါတယ်။ သူရဲ့ပင်ပန်းမှုတွေကို အားဖြည့်ဖို့အတွက် နေ့စဉ်တစ်ရက်ကို ၁၉ နာရီအိပ်စက်နေရတယ်လို့သိရပါတယ်။ မနက်အိပ်ရာထပြီးကတည်းက အလုပ်နည်းနည်းလုပ်လိုက် တစ်နာရီလောက် ပြန်အိပ်လိုက်နဲ့ တစ်နေကုန်ဖြတ်သန်းဖို့ အားထုတ်ရတယ်”လို့ သူက ဆိုပါတယ်။

သူရဲ့ဝေဒနာတွေသက်သာဖို့ ဆရာဝန်တွေက အစားအသောက်နေထိုင်မှု ပုံစံတွေပြောင်းတာ၊ တရားထိုင်တာ စတာတွေ အကြံပြုခဲ့ပေမယ့် ထိရောက်မှုမရှိခဲ့ပါဘူး။ ကိုယ်ခံအားစံလွဲရောဂါ ဆိုတာဟာ သာမန်လူတစ်ယောက်နဲ့ မတူဘဲ ထူးခြားတဲ့ အခြေအနေတစ်မျိုးမျိုးဖြစ်နေတာမျိုးဖြစ်တဲ့အတွက် ပတ်ဝန်းကျင်ကလူတွေရဲ့ နားလည်မှု နဲ့ကူညီမှုရဖို့ ခက်ခဲတယ်လို့ သူကပြောပါတယ်။

အားမရှိသလိုဖြစ်နေတာကို အားပြန်ဖြည့်ဖို့အတွက် သူဟာ အားကစားခန်းမမှာ လေ့ကျင့်ခန်း ပြုလုပ်ဖို့စိတ်ကူးခဲ့ပါတယ်။ “ဖြစ်ကာစကတော့ ဒီရောဂါက ကျွန်မစိတ်ကိုရော ခန္ဓာကိုယ်ကိုရော အပြည့်အဝထိန်းချုပ်ထားတယ်၊ အခုတော့ ကိုယ်ကပြန်ပြီး ရောဂါအခြေအနေကို ပြန်ထိန်းချုပ်နိုင်လာပါပြီ၊ အားကစားခန်းမမှာလေ့ကျင့်တာက ပိုပင်ပန်းနိုင်တယ်လို့ ထင်ခဲ့ပေမယ့် အခုတော့ ဝေဒနာတွေကို ပိုခံနိုင်ရည်ရှိလာပြီး အားအင်တွေရလာတယ်”လို့ သူက ပြောပြခဲ့ပါတယ်။ သူဟာ တစ်ပတ်ကို နှစ်ကြိမ်ကနေ လေးကြိမ်ထိ အားကစားခန်းမသွားဖို့ စီစဉ်ထားပါတယ်။ သူဟာ အပြေးလေ့ကျင့်ရတာကို အကြိုက်ဆုံးဖြစ်ပြီး အလေးမလေ့ကျင့်ခန်းတွေလည်း ပြုလုပ်တယ်လို့ သိရပါတယ်။

ခရစ်စတန်ဟာ အခုဆိုရင် သူရဲ့လေ့ကျင့်ခန်းတွေကိုပြုလုပ်ရင်း အခြေအနေတူ တခြားဝေဒနာသည်တွေကိုလည်း အားပေးကူညီတာတွေ လုပ်ဆောင်လျက်ရှိပါတယ်။ “ကိုယ်တိုင်လည်း ဒီလို အခြေအနေကို ကျော်ဖြတ်လာနိုင်ခဲ့တာကို ဂုဏ်ယူမိပါတယ်၊ စိတ်ရော ကိုယ်ပါ အားနည်းလာစေတဲ့ ဒီလိုဝေဒနာရှင်တွေကို ကူညီနိုင်တာကိုလည်းဝမ်းသာမိပါတယ်”လို့ သူက ပြောပြခဲ့ပါတယ်။

(Ref;DM)
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top