Healthy Life Ad
Life Style

အမျိုးသားတို့ စိတ်ဓာတ်ကျပြီဆိုလျှင်

၊ ငွေကြယ်စင်ယံ ၊

အမျိုးသမီးတွေပဲ စိတ်ဓာတ်ကျတယ်ဆိုတဲ့ အထင်မှားတစ်ခုရှိပါတယ်။ တကယ်တော့ အမျိုးသားတွေကလည်း အမျိုးသမီးတွေနည်းတူ စိတ်ဓာတ်ကျတတ်ပေမယ့် စိတ်ဓာတ်ကျတဲ့အခါ ဖြစ်ပေါ်တတ်တဲ့ လက္ခဏာတွေက အများအားဖြင့် အမျိုးသမီးတွေနဲ့မတူတတ်ပါဘူး။ အမျိုးသားတွေ စိတ်ဓာတ်ကျတဲ့အခါ ဖြစ်ပေါ်ခံစားရတတ်တဲ့ လက္ခဏာတွေကို သိရှိနားလည်ထားမှသာ ဘေးပတ်ဝန်းကျင်က ဖြစ်စေ၊ သူကိုယ်တိုင်ဖြစ်စေ ဆေးကုသမှုကို စောစော စီးစီးခံယူနိုင်မှာ ဖြစ်ပါတယ်။

– အာရုံစူးစိုက်နိုင်စွမ်းအခက်အခဲဖြစ်ခြင်း

အလုပ်မှာ အာရုံစူးစိုက်နိုင်စွမ်း အခက်အခဲဖြစ်နေသလား။ ဒါမှမဟုတ် အဆိုးမြင်အတွေးတွေကို ပိုတွေးတောမိနေသလား။ စိတ်ဓာတ်ကျတဲ့လူတွေက အာရုံစူးစိုက်နိုင်စွမ်း အခက်အခဲရှိပြီး အလုပ် ဒါမှမဟုတ် ကျောင်းမှာ စွမ်းဆောင်နိုင်စွမ်း လျော့ကျတတ်ပါတယ်။ စိတ်ဓာတ်ကျတာက လူတွေရဲ့ရှင်းရှင်းလင်းလင်းတွေးခေါ်နိုင်စွမ်း၊ ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်းနဲ့ အလုပ်ကိစ္စတွေကို ဆောင်ရွက်နိုင်စွမ်း စတာတွေမှာ အဟန့်အတားဖြစ်စေတတ်ပါတယ်။

– ဒေါသထွက်လွယ်ခြင်း၊ စိတ်တိုလွယ်ခြင်း

စိတ်ဓာတ်ကျတဲ့အခါ အမျိုးသားတွေမှာအဖြစ်များတဲ့ လက္ခဏာတစ်ခုက ဒေါသထွက်လွယ်တာ ဒါမှမဟုတ် စိတ်တိုလွယ်တာပဲဖြစ်ပါတယ်။ အမျိုးသမီးတွေကစိတ်တိုရင် ငိုယိုလိုက်ပေမယ့် အမျိုးသားတွေကတော့ ဒေါသထွက်တာနဲ့ ဖြေရှင်းပစ်တတ်ပါတယ်။ ဒီအချိန်မှာ မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေရဲ့ အားပေးထောက်ပံ့မှု အလုံအလောက်ရတဲ့အခါ အခြေအနေက ပြောင်းလဲသွားပါလိမ့်မယ်။

– မူးယစ်ဆေးဝါး မကြာခဏသုံးစွဲခြင်း

အမျိုးသားတွေက စိတ်ဓာတ်ကျတဲ့အခါ အရက်နဲ့ မူးယစ်ဆေးဝါးတွေ သုံးစွဲတဲ့နည်းနဲ့ ဖုံးကွယ်ပစ်တတ်ပါတယ်။ အရက်သောက်တာကြောင့် စိတ်ဓာတ်ကျတာ မပျောက်သွားပါဘူး။ ပိုဆိုးလာနိုင်ပါသေးတယ်။ အရက်က စိတ်ဖိစီးမှုဟော်မုန်းကို ယာယီချိုးနှိမ်ပေးပေမယ့် နောက်ပိုင်းမှာ စိတ်ဓာတ်ကျတာကို ပိုဆိုးစေနိုင်ပါတယ်။

– လိင်ဆန္ဒ လျော့ကျခြင်း

စိတ်ဓာတ်ကျတာက လိင်ဆန္ဒလျော့ပါးတာ၊ ပန်းသေပန်းညှိုးတာ စတာတွေနဲ့ ဆက်စပ်မှုရှိပါတယ်။ အကြောင်းကတော့ စိတ်ဓာတ်ကျသူတွေက စွမ်းအင်လျော့ပါးပြီး ပုံမှန်အလုပ်ကိစ္စတွေကိုတောင် လုပ်ချင်စိတ်မရှိတာကြောင့်ပါ။

– နာတာရှည် နာကျင်မှုနှင့် အစာခြေစနစ်ပြဿနာ ခံစားရခြင်း

ဟားဗတ်ဆေးကျောင်းလေ့လာမှုတစ်ခုအရ နာကျင်မှု အထူးသဖြင့် နာတာရှည် နာကျင်ကိုက်ခဲမှုဝေဒနာဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာဖြစ်ရုံသာမက ရုပ်ပိုင်းဆိုင်ရာ ပြဿနာလည်းဖြစ်ပါတယ်။ နာတာရှည်နာကျင်မှုဖြစ်တဲ့ အမျိုးသားတွေက ပုံမှန်လူတွေထက် စိတ်ဓာတ်ကျနိုင်ခြေ သုံးဆပိုများပါတယ်။ အမျိုးသားကျန်းမာရေးဆိုင်ရာ လေ့လာမှုတစ်ခုအရ စိတ်ဓာတ်ကျတာဟာ အစာခြေစနစ်ဆိုင်ရာ ဝေဒနာတွေနဲ့လည်း ဆက်စပ်မှုရှိတယ်လို့ သိရပါတယ်။

– အိပ်စက်ပုံ ဟန်ချက်မညီခြင်း

အိပ်စက်ချိန်များလွန်းတာနဲ့ အိပ်စက်ချိန် နည်းလွန်းတာဟာ စိတ်ဓာတ်ကျတဲ့ ဝေဒနာရဲ့ အခြေခံအချက်တစ်ခု ဖြစ်ပါတယ်။ စိတ်ဓာတ်ကျတဲ့ လူတွေက နံနက်ခင်းမှာ စောစောနိုးနေတတ်ပြီး ညဘက်ဆိုရင် တော်တော်နဲ့ အိပ်မပျော်နိုင်ကြပါဘူး။

– အလွန်အမင်း မောပန်းနွမ်းနယ်ခြင်း

အမျိုးသားတွေ စိတ်ဓာတ်ကျတဲ့အခါ မောပမ်းတာ၊ နုံးချည့်တာ စတဲ့ ဝေဒနာတွေလည်း ခံစားရတတ်ပါတယ်။ ဒါ့အပြင် အာရုံစူးစိုက်နိုင်စွမ်း လျော့ကျနေတတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top