Healthy Life Ad
Life Style

ကိုယ်ဝန်ရှိစဉ် သိခဲ့တဲ့ ကင်ဆာကို ကုသရင်း သမီးလေးကိုပါ မိခင်မေတ္တာအပြည့်ဖြင့် မွေးဖွားအောင်မြင်ခဲ့သူ မနန်းဝါဝါထို

– ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

၂၀၁၇ ဇူလိုင်လတွင် ရင်သားကင်ဆာရောဂါရှိကြောင်း စတင်သိရှိခဲ့ရသည့် မန္တလေးမြို့တွင် နေထိုင်ရင်း မန္တလေးတက္ကသိုလ်၊ မနုဿဗေဒဌာန၊ သရုပ်ပြဆရာမတစ်ဦးဖြစ်သည့် အသက် ၃၂နှစ်အရွယ် မနန်းဝါဝါထို၏ အဖြစ်အပျက်က ဆန်းကြယ်လှသည်။

“ပထမကလေးနို့တိုက်တုန်းက ရင်သားမှာ အကျိတ်သေးသေးလေး ရှိနေတာကို သတိထားမိတယ်။ ဒါပေမဲ့ ပေါ့ပေါ့ပဲနေပြီး ဆေးခန်းမပြဖြစ်ဘူး။ သမီးဦးအသက်တစ်နှစ်နဲ့ ရှစ်လအရွယ်ရှိတော့ ကိုယ်ဝန်ထပ်ရှိလာတယ်။ အဲဒီအချိန်မှာ ဆေးထိုးပြီး ကိုယ်ဝန်တားထားတော့ ရာသီမလာဘူး။ ဒီကြားထဲ နောက်ထပ်ကလေး ကိုယ်ဝန်ရှိလာတယ်။ ကိုယ်ဝန်နှစ်လကျော်မှာ ခေါင်းတွေမူးပြီး အားနည်းတယ်၊ ဒါနဲ့ မန္တလေးက မြတ်သုခဆေးရုံတက်လိုက်တဲ့အချိန်မှာ အကျိတ်တွေကုတဲ့ ဆရာဝန်က Round လှည့်တယ်။

တစ်ခါတည်း ပြချင်လို့၊ ခွဲလို့ရရင်လည်း ဆေးရုံတက်လက်စနဲ့ ခွဲထုတ်ချင်လို့ ဆိုပြီး ဆရာဝန်ကြီးကို ပြလိုက်တယ်။ ဆရာဝန်ကြီးက စမ်းကြည့်တဲ့အခါမှာ “မခွဲသေးလည်း ရသေးတယ်”လို့ ပြောပါတယ်။ ကျွန်မကလည်း ဆေးရုံတက်လက်စနဲ့ တစ်ခါတည်းပြီးသွားအောင် ခွဲလိုက်မယ်လို့ ဆုံးဖြတ်ပြီး ရင်သားအကျိတ်လေးကိုပဲ ခွဲထုတ်လိုက်တယ်”ဟု မနန်းဝါဝါထိုက သူ၏ ရင်သားကင်ဆာခရီးလမ်းအစကို ပြန်လည်ပြောပြခဲ့သည်။

ရင်သားအကျိတ် အသားစယူစစ်ဆေးလိုက်ရာ ရိုးရိုးအကျိတ်မဟုတ်ဘဲ ကင်ဆာအကျိတ်ဖြစ်နေကြောင်း အံ့အားသင့်စွာ တွေ့ရှိခဲ့ရသည်။ “ရင်သားကင်ဆာက အဆင့်(၂)လို့ သိလိုက်ရတဲ့အချိန်မှာ စိတ်ဓာတ်ကျသွားတယ်။ ခွဲစိတ်ဆရာဝန်ကလည်း ကလေးမယူတော့ဖို့ ပြောတယ်။ “ကလေးကို နောက်မှပြန်ယူရင်ရတယ်၊ ကင်ဆာကိုပဲ အရေးတကြီးကုရမယ်”လို့ အကြံပေးပါတယ်။ အိုဂျီကလည်း လူကြီးကိုပဲကယ်မယ်လို့ ပြောတယ်။ ဒါနဲ့ မန္တလေး အထွေထွေဆေးရုံကြီးကို ရင်သားဖြတ်ထုတ်ဖို့ လွှဲလိုက်ပါတယ်” ဒုတိယကိုယ်ဝန်လွယ်ရင်း မနန်းဝါဝါထိုသည် မန္တလေးအထွေထွေဆေးရုံကြီးတွင် ရင်သားဖြတ်ထုတ်ခဲ့ပြီးနောက် မန္တလေးဗဟိုအမျိုးသမီးဆေးရုံကြီးသို့ ပြန်လည်လွှဲပြောင်းခြင်း ခံခဲ့ရသည်။

ဗဟိုအမျိုးသမီးဆေးရုံကြီးကို တက်ခိုင်းတာက ကိုယ်ဝန်ဖျက်ချဖို့ပါ။ ဒါပေမဲ့ ကျွန်မကတော့ ကိုယ်ဝန်လုံးဝမဖျက်ချင်ပါဘူး။ ဆေးရုံကြီးရောက်တော့ အထက်အထိ စာတင်ကြတယ်။ ဘုတ်ထိုင်ပြီး ဆုံးဖြတ်ကြတော့မယ်။ ကျွန်မကတော့ အဲဒီအချိန်မှာ အရမ်းကို ခံစားရတယ်။ ဒီကလေးလေးကို ယူချင်တယ်၊ လုံးဝ ဖျက်မချချင်ဘူး။ အမျိုးသားနဲ့နှစ်ယောက်အတူ ဒီကလေး ယူလို့ရပါစေဆိုပြီး ဆုတောင်းကြတယ်။

“ဗဟိုအမျိုးသမီးဆေးရုံကြီးကို တက်ခိုင်းတာက ကိုယ်ဝန်ဖျက်ချဖို့ပါ။ ဒါပေမဲ့ ကျွန်မကတော့ ကိုယ်ဝန်လုံးဝမဖျက်ချင်ပါဘူး။ ဆေးရုံကြီးရောက်တော့ အထက်အထိ စာတင်ကြတယ်။ ဘုတ်ထိုင်ပြီး ဆုံးဖြတ်ကြတော့မယ်။ ကျွန်မကတော့ အဲဒီအချိန်မှာ အရမ်းကို ခံစားရတယ်။ ‘ဒီကလေးလေးကို ယူချင်တယ်၊ လုံးဝဖျက်မချချင်ဘူး။ အမျိုးသားနဲ့နှစ်ယောက်အတူ ဒီကလေးယူလို့ရပါစေဆိုပြီး ဆုတောင်းကြတယ်။ ဗိုက်ကလေးကို ပွတ်ပြီး “ကလေးရေ . . ကလေးကို မေမေကယ်မယ်နော်၊ မေမေ့ကိုလည်း ကလေးကကယ်ပါ”လို့ ပြောတယ်။ ကင်ဆာနဲ့ကိုယ်ဝန် ဘယ်လိုရှိသလဲဆိုပြီး အင်တာနက်မှာ လျှောက်ရှာကြတယ်။ နိုင်ငံခြားမှာ မွေးနေပြီ၊ မွေးလို့ရတယ်ဆိုတာတွေကိုတွေ့တော့ အားတက်မိတယ်။

ဒီအချိန်မှာ ကင်ဆာအထူးကုဆရာဝန် ဒေါက်တာအောင်ဆန်းဦးဆီ ကင်ဆာဆေးသွင်းဖို့ ပြခိုင်းတော့ ဆရာဝန်ကြီးက “ကလေးလိုချင်လား”လို့ မေးတယ်၊ “လိုချင်တာပေါ့ ဆရာကြီးရယ်၊ လုံးဝ ဖျက်မချချင်ပါဘူး။ နိုင်ငံခြားမှာတော့ မွေးလို့ရတယ်လို့ သိရတယ်။ ကျွန်မကော မွေးလို့မရဘူးလား”လို့ ပြောလိုက်တော့ ဆရာကြီးက “ကလေးယူလို့ရနေပြီ။ ၈၀ ရာခိုင်နှုန်းက လုံးဝအကောင်းပဲ၊ ကလေးကို အချင်းကနေ ကာကွယ်ထားတယ်၊ ဘယ်ကလေးမဆို ၂၀ ရာခိုင်နှုန်းကတော့ မိဘနဲ့ ကလေးရဲ့ကံတရားပဲ”လို့ ပြောတယ်။ အဲဒီမှာ ပျော်ပြီး ပြန်လာတယ်။ ဗဟို အမျိုးသမီးဆေးရုံက ဆရာမကြီးတွေကိုလည်း အဲဒီအတိုင်း ပြောထားတယ်။ ဘုတ်ထိုင်တဲ့အချိန်မှာ ကင်ဆာဆရာဝန်ကြီးက “ကလေးယူလို့ရတယ်၊ မိခင်ကလည်းကလေးယူချင်ပါတယ်တဲ့”ဆိုပြီး မှတ်ချက်ပေးလိုက်တော့ အားလုံးက လက်ခံသွားတော့တယ်။ သားဖွားမီးယပ်ဆရာဝန်တွေရဲ့ စိတ်ထဲမှာ ကင်ဆာဖြစ်ရင် ဆေးတွေကပြင်းတယ်၊ ကလေးယူလို့ မရဘူး၊ မသန်စွမ်းကလေးတွေ ထွက်နိုင်တယ်လို့ ထင်နေကြတာ”ဟု မနန်းဝါဝါထိုက သူ့အဖြစ်အပျက်ကို ပြောပြခဲ့သည်။

ဒီအချိန်မှာ ကိုယ်ဝန်အားဆေးကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သောက်ရတယ်။ ထမင်းဟင်းကို ဦးစားပေးပြီးစားတယ်၊ အသားငါး၊ အသီးအနှံတွေကို ပုံမှန်စားတယ်။ ကင်ဆာဆေးသွင်းတော့ ပျို့တာ၊ အန်တာတွေလည်းမဖြစ်ဘူး . . .

ကိုယ်ဝန်ဆောင်ရင်းနှင့်ပင် မနန်းဝါဝါထိုသည် ရင်သားကင်ဆာအတွက် ကင်ဆာဆေးသွင်းကုထုံးကို ခုနှစ်ကြိမ်တိုင် ခံယူခဲ့သော်လည်း မည်သည့်ဘေးထွက်ဆိုးကျိုးကိုမှ ပြင်းပြင်းထန်ထန် မခံခဲ့ရပေ။ “ဒီအချိန်မှာ ကိုယ်ဝန်အားဆေးကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သောက်ရတယ်။ ထမင်းဟင်းကို ဦးစားပေးပြီးစားတယ်၊ အသားငါး၊ အသီးအနှံတွေကို ပုံမှန်စားတယ်။ ကင်ဆာဆေးသွင်းတော့ပျို့တာ၊ အန်တာတွေလည်းမဖြစ်ဘူး။ ကျွန်မကတော့ ကိုယ်ဝန်ဆောင်အားဆေးတွေကြောင့်များ မဖြစ်တာလားလို့ထင်တယ်။ အားလုံးကလည်း ဘာဘေးထွက်ဆိုးကျိုးမှ မခံစားရလို့ အံ့အားသင့်ကြတယ်။

ဆရာဝန်တွေကလည်း အသေးစိတ် စစ်ဆေးပေးပြီး စောင့်ရှောက်ပေးတယ်။ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာသက်သက်မြင့်က ဗိုက်အနေအထားကြီးလာသလား၊ မကြီးဘူးလား အမြဲတမ်းတိုင်းတာ စစ်ဆေးပေးတယ်။ အဲဒီအချိန်မှာ ဗိုက်ကသေချာမထွက်ဘူး။ မွေးခါနီးတစ်လလောက် အလိုကျမှ ဗိုက်ကထွက်တော့တယ်။ မွေးတဲ့အချိန်မှာ သွေးသွန်တာ၊ သွေးအားနည်းတာတွေ ဘာမှမဖြစ်ဘူး။ သွေးသွင်းရတာလည်းမရှိဘူး။ သမီးလေးကလည်း အကောင်းလေးအတိုင်း မွေးလာတော့ ဆေးရုံတစ်ရုံလုံးက ဆရာဝန်တွေဆိုတာ အရမ်းကို ပျော်ရွှင်သွားကြတာ”

ကိုယ်အလေးချိန် ၆ ပေါင် ၈ အောင်စရှိသည့် ဒုတိယသမီးလေးကို အောင်မြင်ကျန်းမာစွာ မွေးဖွားနိုင်ခဲ့သည့် မနန်းဝါဝါထိုသည် ကလေးမွေးပြီးချိန်တွင် နောက်ဆုံးကျန်နေသေးသည့် ကင်ဆာဆေးသွင်း ကုထုံးတစ်ကြိမ်ကို အောင်မြင်စွာ သွင်းခဲ့ကာ ကလေးအသက် တစ်လကျော်အရွယ်တွင် နေပြည်တော် ဇမ္ဗူသီရိဆေးရုံသို့ သွားရောက်၍ ဓာတ်ရောင်ခြည်ကုသမှုကို ခံယူခဲ့ရကြောင်း သိရသည်။

“ကင်ဆာကုရင်း ကလေးမွေးလို့ရတယ်ဆိုတာ ဆရာဝန်ကြီးတွေက ကျွန်မအဖြစ်အပျက်ကို နမူနာပြပြီး ဆရာဝန်အငယ်တွေကို စာသင်ပေးကြတယ်။ ဓာတ်ရောင်ခြည်အထူးကု ဆရာဝန်ကြီးတွေကလည်း အံ့အားသင့်ကြတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဇမ္ဗူသီရိဆေးရုံကို ကိုယ်ဝန်နဲ့ ကင်ဆာတွဲဖြစ်ပြီး ရောက်လာတဲ့သူရှိတော့ ကိုယ်ဝန်မဖျက်ခိုင်းတော့ဘဲ ကလေးယူလို့ရတယ်လို့ ကျွန်မကိုပြပြီး ပြောကြတယ်”ဟု မနန်းဝါဝါထိုက ဆိုသည်။ ကင်ဆာမျိုးရိုးမရှိဘဲ သူ့ကျမှ ကင်ဆာဖြစ်ခဲ့သော မနန်းဝါဝါထိုက ယခင်က ဝက်သားကို အလွန်အမင်းစားခြင်း၊ တားဆေးထိုးခြင်းတို့ကြောင့် ရင်သားကင်ဆာဖြစ်သည်ဟု ထင်မြင်ယူဆကြောင်း ပြောသည်။

“အရင်က ဝက်သားအရမ်းစားတာလည်း ပါလိမ့်မယ်။ အခုတော့ ဝက်သားရှောင်လိုက်ပြီ။ စီပီကြက်မစားတော့ပါဘူး။ အစားသောက်တွေ အရေးကြီးလိမ့်မယ်။ အခုတော့ သားကြောဖြတ်လိုက်ပြီလေ။ အဲဒီအချိန်မှာ နယ်မှာအလုပ်လုပ်နေတဲ့ အမျိုးသားကပဲ အနီးကပ်ပြုစုစောင့်ရှောက်ပေးခဲ့တယ်။ ဆွေမျိုးမိတ်ဆွေအပေါင်းအသင်းတွေကလည်း အားပေးကူညီခဲ့ကြတယ်။ ကင်ဆာက ရေရှည်ကုရတာဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ငွေကတော့ ကုန်တာပဲလေ။ အဲဒီကုန်တဲ့ငွေကို မကြောင့်မကြဘဲနဲ့ စိတ်ချမ်းချမ်းသာသာ ဘုရားတရားလုပ်ရင်း ဆေးကုနိုင်ခဲ့တဲ့အတွက် ကင်ဆာကို ကျော်လွှားနိုင်ခဲ့တယ်လို့ထင်ပါတယ်။ “မကြောက်နဲ့”၊ “ဘုရားတရားလုပ်ရင်း စိတ်အေးလက်အေးဆေးကု”ဆိုပြီး အားပေးစကားတွေနဲ့ အဖက်ဖက်က အားပေးကူညီခဲ့ကြတဲ့အတွက် အောင်မြင်စွာကျော်လွှားနိုင်ခဲ့တာပါ”

ယခုအခါ မနန်းဝါဝါထိုသည် ခင်ပွန်းသည် ဦးစိုင်းသူရ၊ နှစ်နှစ်ကျော်အရွယ် သမီးကြီး မနန်းမွန်ခမ်း၊ ၉ လအရွယ်သမီးလေး မနန်းဆိုင်ခမ်းတို့နှင့်အတူ ကျန်းမာပျော်ရွှင်စွာနေထိုင်လျက်ရှိပြီး အခြားကင်ဆာဝေဒနာရှင်၊ အထူးသဖြင့် သူ့ကဲ့သို့ ကိုယ်ဝန်နှင့် ကင်ဆာတွဲရှိလာသူ ဝေဒနာရှင်တို့အား သူ့အတွေ့အကြုံကို အခြေခံ၍ ယခုလို အကြံပြုအားပေးစကားပြောကြားထားပါသည်။

“ကင်ဆာဆိုတာဖြစ်လာရင် ရင်ဆိုင်ရမှာပဲ၊ ငွေမရှိလို့ မကုနိုင်ဘူးလို့လည်း မဖြစ်စေချင်ပါဘူး။ အခုဆိုကူညီပေးမယ့် ပရဟိတအသင်းတွေ၊ ဖောင်ဒေးရှင်းတွေရှိပါတယ်။ ပြီးတော့ ကိုယ်ဝန်ရှိနေရင်လည်း မဖျက်ချပါနဲ့။ မိခင်မေတ္တာ၊ မိခင်စိတ်နဲ့ ကလေးကို ကယ်ပါ၊ ဒါဆိုရင် ကလေးက ကိုယ့်ကို ပြန်ကယ်တင်သွားပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်မိခင်ဖြစ်သွားပြီဆိုတော့ ကလေးကိုတော့ ငါရအောင်ကယ်မယ်၊ ကိုယ်ကတော့ ကင်ဆာဝေဒနာရှင်ဆိုတော့ ကိုယ်သေချင်သေပါစေ၊ ကလေးကိုရအောင် ကယ်မယ်ဆိုတဲ့ စိတ်နဲ့မွေးလိုက်တော့ နှစ်ယောက်စလုံး ကျန်းမာသွားတာပါပဲ”ဟု မနန်းဝါဝါထိုက သူ့အတွေ့အကြုံကို အခြေခံ၍ အားပေးစကား ပြောကြားလိုက်ပါသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top