Healthy Life Ad
International

မတ်တပ်ရပ်ခြင်းက ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်

၊ ကိုထက် ၊

ဒီနေ့ခေတ်မှာ အရွယ်ရောက်လူဦးရေရဲ့ ၅၆ ရာခိုင်နှုန်းနဲ့ ၈၆ ရာခိုင်နှုန်းအကြားဟာ အထိုင်များတဲ့ နေထိုင်မှုပုံစံရှိနေတယ်လို့ လေ့လာမှုအရ သိရပါတယ်။ အထိုင်များတာကြောင့် နှလုံးရောဂါနဲ့ ဆီးချိုရောဂါဖြစ်နိုင်ခြေတိုးစေတယ်လို့ လေ့လာမှုအရ သိပြီးဖြစ်ပါတယ်။ မတ်တပ်မရပ်ဘဲ ကြာကြာထိုင်တာကြောင့် ခြေသလုံးကြွက်သားတွေ တည်ငြိမ်နေပါတယ်။ ဒီကြွက်သားတွေက တစ်ကိုယ်လုံးအနှံ့ စီးဆင်းနေတဲ့ သကြားဓာတ်နဲ့ အဆီဓာတ်တွေကို ထိထိရောက်ရောက် အသုံးပြုနိုင်စွမ်း မရှိတော့ပါဘူး။ ဒီနည်းနဲ့ ကိုယ်အလေးချိန်မြင့်တက်တာ၊ ဆီးချိုရောဂါလို ဇီဝကမ္မဆိုင်ရာရောဂါဖြစ်တာတို့ကို ဦးတည်ဖြစ်ပွားစေတာပါ။

တစ်ချိန်တည်းမှာပဲ အထိုင်များတာက သွေးလွှတ်ကြောထဲ သွေးစီးဆင်းမှုလျော့ကျတာကြောင့် သွေးကြောနံရံတွေမှာ ထိခိုက်မှုဖြစ်စေနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဒီထိခိုက်မှုက နှလုံးရောဂါနဲ့ ခန္ဓာကိုယ်အစွန်အဖျားရှိ သွေးလွှတ်ကြောဆိုင်ရာ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ခြေထောက်ကြွက်သားတွေက အချိန်ကြာကြာငြိမ်နေတာကြောင့် သွေးပြန်ကြောတွေထဲမှာ သွေးစုဆောင်းမှုဖြစ်လာပြီး သွေးခဲဖြစ်နှုန်းမြင့်တက်လာပါတော့တယ်။ ဒါကြောင့် မတ်တပ်ရပ်တာနဲ့ လှုပ်ရှားမှုလုပ်ဆောင်တာတွေက ဒီဖြစ်စဉ်ကို ရပ်တန့်သွားစေတဲ့အတွက် မကြာခဏ မတ်တပ်ရပ်ပေးဖို့ လေ့လာသူတွေက အကြံပြုထားပါတယ်။

တစ်နေ့တာအတွင်း အချိန်ကြာကြာ ထိုင်တာကြောင့် ခါးအတိုင်းအတာ တုတ်တာ၊ ခန္ဓာကိုယ်နဲ့ အရပ်အညွှန်းကိန်း (BMI) မြင့်တက်တာ၊ သွေးထဲမကောင်းတဲ့ အဆီများတာ၊ သွေးတွင်း သကြားဓာတ်မြင့်တက်တာတို့ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာအတွင်း ထိုင်ချိန် ၂၀-၃၀ မိနစ်ကြာတိုင်း ၂-၅မိနစ်ခန့် မတ်တပ်ရပ်ဖို့နဲ့ လမ်းလျှောက်ပေးဖို့လေ့လာသူတွေက အကြံပြုထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top