Healthy Life Ad
Health Tips

ဓာတ်မတည့်မှုများ ပျောက်ကင်းသက်သာသွားစေမည့် အိမ်တွင်းကုထုံး ၁၁ သွယ်

မီမိုးမေ (ဆေးဝါးတက္ကသိုလ်)

ကမ္ဘာ့လူဦးရေရဲ့ ၁၀-၃၀ ရာခိုင်နှုန်းဟာ ရာသီအလိုက်ဖြစ်တဲ့ ဓာတ်မတည့်မှုနဲ့ ဓာတ်မတည့်မှုကြောင့် နှာစေးအအေးမိဝေဒနာခံစားနေရတယ်လို့ သိရပါတယ်။ လူအများစု စိတ်အနှောင့်အယှက်ဖြစ်နေရတဲ့ ဓာတ်မတည့်မှုဖြစ်ရတဲ့ အခြေအနေတွေကို အမြန်ဆုံးသက်သာစေဖို့ ဘယ်လိုလုပ်ဆောင်သင့်သလဲဆိုတာ မျှဝေလိုက်ပါတယ်။

(၁) နှာခေါင်းကို ဆားရေနှင့်ဆေးကြောပါ
နှာချေတာ၊ နှာပိတ်တာ စတဲ့ ဓာတ်မတည့်မှုကြောင့်ဖြစ်ရတဲ့ ဝေဒနာတွေအတွက် ဆားရေနဲ့ ဆေးသင့်ပါတယ်။ ရေနွေးကရားငယ်ကိုသုံးပြီး ဆားရေခပ်ပေးရင် နှာခေါင်းပိတ်တာနဲ့ ခေါင်းကိုက်တာတွေကို အမြန်သက်သာစေပါတယ်။

(၂) လေထုသန့်စင်ကိရိယာတပ်ဆင်ပါ
အခန်းတွင်းဝင်လာတဲ့ ဖုန်မှုန့်၊ အညစ်အကြေး၊ ပန်းဝတ်မှုန်၊ တိရစ္ဆာန်မစင်စတဲ့ အန္တရာယ်ရှိတဲ့အမှုန် အမွှားတွေကို စစ်ထုတ်နိုင်မယ့် လေထုသန့်စင်ကိရိယာကိုတပ်ဆင်ပေးပါ။ အခန်းတွင်း လေထုအရည်အသွေးကို သန့်စင်စေပြီး သင့်ကို ကျန်းမာစေမှာပါ။

(၃) မရှိမဖြစ်ဆီ ရှူပါ
မရှိမဖြစ်ဆီတွေက ရောင်ရမ်းမှုကို တွန်းလှန်ပေးပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ ဘက်တီးရီးယားပိုး၊ ကပ်ပါးပိုးနဲ့ ဓာတ်မတည့်မှုဖြစ်စေတဲ့ အဆိပ်အတောက်ပိုးမွှားတွေကို တွန်းလှန်ပေးနိုင်စေဖို့ ယူကလစ်ဆီ၊ ပင်စိမ်းဆီ၊ လက်ဖက်ဆီတို့ကို နှာခေါင်းအောက်မှာတို့လိမ်းပေးပါ။ ဒါမှမဟုတ် ဆူနေတဲ့ရေနွေးထဲ တစ်စက်-နှစ်စက် ထည့်ပြီး ရေနွေးငွေ့ရှူပေးပါ။

(၄) ဒိန်ချဉ်သောက်ပါ
ဒိန်ချဉ်က ဓာတ်မတည့်မှုလက္ခဏာတွေကို သဘာဝအတိုင်း ဖယ်ရှားပေးတဲ့အစာပါ။ အကျိုးပြုဘက်တီးရီးယားပါတဲ့ ဒိန်ချဉ်ကို များများစားပေးပါ။

(၅) အိုမီဂါ၃ဖက်တီးအက်စစ်ပါသည့် အစာများစားပါ
ဆယ်လ်မွန်ငါး၊ ကမာ၊ ဆာဒင်းငါးနဲ့မက်ကရယ်ငါးတွေလို အစာတွေမှာ အိုမီဂါ၃ဖက်တီး အက်စစ်ပါဝင်မှုများတာကြောင့် ဦးနှောက်ဖွံ့ဖြိုးမှု အားကောင်းစေပြီး ဓာတ်မတည့်မှုနဲ့ ပန်းနာရင်ကျပ်ရောဂါ ကုသမှုမှာ သက်သာစေပါတယ်။ ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုကို လျော့ကျစေပြီး အဆုတ်လုပ်ငန်းဆောင်တာတွေကို ပုံမှန်အတိုင်းကောင်းမွန်စေတာကြောင့် ဖြစ်ရတာပါ။

(၆) အိမ်သန့်ရှင်းရေးလုပ်ရာတွင် သတိထားပါ
အိမ်သန့်ရှင်းရေးလုပ်တာက ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်မှုဖြစ်တတ်သူတွေအတွက် လွယ်ကူတဲ့ အလုပ်မဟုတ်ပါဘူး။ ဓာတ်မတည့်ဖြစ်တတ်သူက အိမ်သန့်ရှင်းရေးမလုပ်ဘဲ တခြားသူက လုပ်ပေးရင် အကောင်းဆုံးပါ။ မဖြစ်မနေ ကိုယ်တိုင်လုပ်ရမယ် ဆိုရင် နှာခေါင်းစည်းတပ်ပြီး သန့်ရှင်းပေးပါ။

(၇) အပ်စိုက်ကုထုံး သုံးပါ
လေ့လာမှုအရ ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်သူတွေဟာ အပ်စိုက်ကုထုံး ခံယူရင်ဓာတ်မတည့်တဲ့ ဝေဒနာတွေသိသိသာသာ လျော့ပါးသက်သာသွားတယ်လို့ သိရပါတယ်။

(၈) အိမ်တွင်း လေ့ကျင့်ခန်းလုပ်ပါ
ဓာတ်မတည့်ဖြစ်တတ်သူတွေ လေ့ကျင့်ခန်းလုပ်တဲ့အခါ နှလုံးရောဂါအန္တရာယ်ကို လျော့ကျစေပါတယ်။ ဒါပေမဲ့ အိမ်ပြင်ပမှာ လေ့ကျင့်ခန်းလုပ်တဲ့အခါ နှာခေါင်းသွေးကြောတွေ ရောင်ရမ်းလာတတ်ပါတယ်။ ဒါကြောင့် အိမ်တွင်းမှာ လေ့ကျင့်ခန်းလုပ်တာနဲ့ ယောဂကျင့်တာတွေကို လုပ်ဆောင်ပေးပါ။ အသက်ရှူသွင်းရာမှာ အာရုံစိုက်နိုင်စွမ်း ပိုကောင်းစေပြီး နှာခေါင်းပိတ်တာ သက်သာသွားပါလိမ့်မယ်။

(၉) ဗီတာမင်စီ မှီဝဲပါ
လေ့လာမှုအရ ဗီတာမင်စီပါဝင်မှုများတဲ့ ပန်းဂေါ်ဖီစိမ်း၊ စတော်ဘယ်ရီသီး၊ ငရုတ်ပွသီး စတာတွေကို မှီဝဲရင် ဓာတ်မတည့်တဲ့ ဝေဒနာလက္ခဏာတွေ သိသိသာသာ လျော့ပါးစေတယ်လို့ သိရပါတယ်။ ဗီတာမင်စီက သဘာဝဟစ္စတာမင်းတားအစွမ်းရှိပါတယ်။ တစ်နေ့မှာ ဗီတာမင်စီ ၅၀ဝ မီလီဂရမ်မှ ၁၀ဝ၀ မီလီဂရမ်မှီဝဲပေးရင် ဓာတ်မတည့်တဲ့ ဝေဒနာတွေကို သိသိသာသာ လျော့ပါးသွားစေပါတယ်။

(၁၀) ရေနွေးကြမ်းသောက်ပါ
ရေနွေးကြမ်းသောက်တာကြောင့် ဓာတ်မတည့်တဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။ ပူစီနံရွက်ခတ်ထားတဲ့ ရေနွေးကြမ်း ဒါမှမဟုတ် ချင်း (ဂျင်း) ထောင်းထည့်ထားတဲ့ ရေနွေးကြမ်းကို တစ်နေ့ ၂-၃ ကြိမ်ခန့် သောက်ပေးပါ။

အကြံပြုချက်
ဘီယာ၊ ဝိုင်နဲ့အရက်တွေမှာ ဟစ္စတာမင်းပါဝင်တဲ့အတွက် တတ်နိုင်သမျှဆင်ခြင်ပါ။ လေ့လာမှုတွေအရ တစ်နေ့ ဝိုင်နှစ်ခွက်ကျော်သောက်သူတွေဟာ ဓာတ်မတည့်တဲ့ ဝေဒနာလက္ခဏာတွေကို နှစ်ဆပိုပြင်းပြင်းခံရတယ်လို့ သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top