Healthy Life Ad
Health Tips

ပန်းနာရင်ကျပ်ရောဂါကို သက်သာစေမည့် အစားအစာ ၁၅ မျိုး

မီမိုးမေ (ဆေးဝါးတက္ကသိုလ်)

လေ့ကျင့်ခန်းလုပ်တာကြောင့် ပန်းနာရင်ကျပ်ရောဂါရှိသူတွေက ပိုမိုမောပန်းရတတ်ပါတယ်။ အဲဒီလိုမဖြစ်စေဖို့ ပန်းနာရင်ကျပ်ရောဂါ ရှိသူတို့ လေ့ကျင့်ခန်းမလုပ်မီစားသင့်တဲ့ အစားအစာ ၁၅ မျိုးရှိပါတယ်။

ကန်ဇွန်းဥ၊ ခရမ်းချဉ်သီး၊ ဖရဲသီး၊ သင်္ဘောသီး၊ ဆလတ်ရွက်၊ မုန်လာဥနီ၊ ဟင်းနုနယ်ရွက်

ဘာကြောင့်လဲ – အင်တီအောက်ဆီးဒင့်များစွာ ပါဝင်လို့ပါ။

ပန်းနာရင်ကျပ်ရောဂါရှိသူတွေဟာမကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေ ပိုထွက်လာပြီး အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းကို ကျဉ်းမြောင်းစေပါတယ်။ ပိုဆိုးတာက ဒီမကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို ချေဖျက်ပေးနိုင်တဲ့ အင်တီအောက်ဆီးဒင့်တွေဟာလည်း ပန်းနာရင်ကျပ်ရောဂါရှိသူတွေမှာ လျော့နည်းနေတတ်ပါတယ်။

အစ္စရေးလေ့လာမှုတစ်ရပ်အရ တစ်ပတ်မှာ ဘီတာကယ်ရိုတင်းပမာဏ ၆၄မီလီဂရမ်စားသူတွေဟာ အဆုတ်ရဲ့လုပ်ငန်းဆောင်တာတွေ ပိုမိုကောင်းမွန်လာတာကို တွေ့ရပါတယ်။ တစ်နေ့မှာ သစ်သီးနဲ့ဟင်းသီးဟင်းရွက် ငါးကြိမ်စားပေးရင် ဘီတာကယ်ရိုတင်းရှစ်မီလီဂရမ်ကို ရရှိစေနိုင်ပါတယ်။

လိမ္မော်သီး၊ စတော်ဘယ်ရီသီး၊ ကီဝီသီး၊ ပန်း ဂေါ်ဖီစိမ်း၊ ငရုတ်ပွသီး

ဘာကြောင့်လဲ – ဗီတာမင်စီ ပါဝင်လို့ပါ။

ယေးတက္ကသိုလ်ရဲ့လေ့လာမှုအရ အက်စ်ကောဘစ်အက်ဆစ်(ဗီတာမင်စီ) ၅၀ဝမီလီဂရမ် ကို နှစ်ရက်ဆက်တိုက်မှီဝဲသူတွေဟာ အသက်ရှူမဝတာနဲ့ ချွဲသလိပ်သံနဲ့ ခက်ခက်ခဲခဲအသက်ရှူတာတွေကို သိသိသာသာ လျော့ကျစေကြောင်း သိရပါတယ်။ ဗီတာမင်စီဟာ အဆုတ်နဲ့အသက်ရှူလမ်းကြောင်းကိုရောင်ရမ်းစေတဲ့ ဟစ္စတာမင်းဓာတ်ကို ချေဖျက်ပေးနိုင်စွမ်းလည်း ရှိပါတယ်။ အမျိုးသား ၁၀ဦးမှာ တစ်ဦးနှုန်းဟာ ဗီတာမင်စီချို့တဲ့နေတတ်တာကြောင့် ငရုတ်ပွသီးစားပေးပါ။ ငရုတ်ပွသီးမှာ လိမ္မော်သီးနဲ့ချဉ်တဲ့အသီးအနှံတွေထက် ဗီတာမင်စီသုံးဆပိုမိုပါဝင်ပါတယ်။

ဆယ်လ်မွန်ငါး၊ တူနာငါး၊ မက်ကရယ်ငါး

ဘာကြောင့်လဲ – အိုမီဂါ ၃ ငါးအဆီပါဝင်လို့ပါ။

အင်ဒီးယားနားတက္ကသိုလ်ရဲ့ လေ့လာသူတွေကပါဝင်သူတွေကို နေ့စဉ် အိုမီဂါ ၃ ငါးအဆီဖြည့်စွက်ဆေးကို သုံးပတ်ကြာ တိုက်ကျွေးခဲ့ပါတယ်။ သူတို့ကိုလေ့ကျင့်ခန်းလုပ်စေခဲ့ရာ လေ့ကျင့်ခန်းလုပ်ပြီး အချိန် ၁၅မိနစ်အတွင်းမှာ ငါးအဆီဖြည့်စွက်ဆေး မှီဝဲထားသူတွေက မမှီဝဲသူတွေနဲ့ယှဉ်ရင် အဆုတ်ရဲ့ လုပ်ငန်းဆောင်တာ သိသိသာသာကောင်းမွန်မှုရှိတာကို တွေ့ရပါတယ်။ အိုမီဂါ ၃ ငါးအဆီဟာ ခန္ဓာကိုယ်တွင်းမှာ ရောင်ရမ်းမှုကိုလျော့ကျစေပြီး အသက်ဝ၀ရှူဖြစ်စေတာကြောင့်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top