Healthy Life Ad
Local

သွေးလှူပြီး အရက်သောက်လျှင် သွေးအားပြန်ပြည့်သည်ဆိုသည်မှာ အယူအဆမှားဖြစ်ကြောင်း သိရ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

သွေးလှူဒါန်းပြီး အရက်သောက်လျှင် သွေးအားအမြန်ပြည့်သည်ဆိုသည်မှာ အယူအဆအမှားတစ်ခုသာဖြစ်ကြောင်း အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ပြောကြားခဲ့သည်။

“သွေးလှူပြီး ၂၄ နာရီအတွင်းမှာ အရက် လုံးဝမသောက်ရပါဘူး။ ဒါပေမဲ့ တချို့လူတွေမှာ လွဲမှားနေတဲ့ အသိတစ်ခုရှိတယ်။ သွေးလှူပြီးချိန်မှာ သွေးအားကောင်းအောင် အရက်သောက်ရမယ် ဆိုပြီး ဘယ်တုန်းက ဘယ်သူပြောထားလို့လဲ မသိဘူး။ သွေးလှူပြီးရင် ကြက်ဥစားရတယ်။ ကြက်ဥနဲ့ အတူဘီယာ၊ အရက်သောက်ရင် ပိုကောင်းတယ်၊ သွေးအားမြန်မြန်တက်တယ်လို့ တချို့လူတွေက ပြောတတ်ကြတယ်။ ဒါက အယူအဆအမှားဖြစ်ပါတယ်။ တကယ်က သွေးလှူပြီး ကြက်ဥစားရတာ မှန်ပါတယ်။ အရက်ကို လုံးဝမသောက်ရပါဘူး။ အထူးသဖြင့် သွေးလှူပြီး ၂၄ နာရီအတွင်း အရက် လုံးဝ မသောက်ရပါဘူး။ သွေးအားကျလို့ မူးတာလား၊ အရက်သောက်ထားလို့ မူးတာလား၊ ဘာကြောင့် မူးနေမှန်းမသိဖြစ်တတ်ပါတယ်။ ရေကို သောက်ပေးရပါမယ်”ဟု ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ဆိုသည်။

သွေးလှူဒါန်းမှုမပြုမီ သံဓာတ်ကြွယ်ဝသော အစားအသောက်များစားခြင်း၊ အဆီများသည့် အစာများ ရှောင်ကြဉ်ခြင်း၊ ခရင်မ်များသည့် မုန့်များ ဆင်ခြင်ခြင်း၊ ရေများများသောက်ခြင်းနှင့် အိပ်ရေးဝ၀ အိပ်စက်အနားယူခြင်းတို့ကို လိုက်နာပေးသင့်ပြီး သွေးလှူဒါန်းပြီး ၂၄ နာရီအတွင်းတွင် အရက်ရှောင်ခြင်း၊ အနားယူခြင်း၊ အာဟာရမျှတစွာ စားသောက်ခြင်း၊ လေ့ကျင့်ခန်းအပြင်းအထန်လုပ်ဆောင်မှုကို ရှောင်ကြဉ်ခြင်း၊ အားစိုက်ရမည့် အလုပ်တို့ကိုရှောင်ပြီး လေးလံသည့် ပစ္စည်းများကို သယ်မမှုမပြုခြင်း စသည်တို့ကို လိုက်နာသင့်ကြောင်း သိရသည်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top