Healthy Life Ad
Life Style

သန္ဓေသား မျက်စိကျန်းမာရေးအတွက် ကိုယ်ဝန်ဆောင်မိခင်တိုင်း ဆောင်ရန်၊ ရှောင်ရန်များ

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး)
ပါမောက္ခ၊ ဌာနမှူး ရန်ကုန် မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. ကိုယ်ဝန်ဆောင်မိခင်ရဲ့ အနေအထိုင်၊ အပြုအမူဆိုင်ရာ မှားယွင်းမှုတစ်ခုခုကြောင့် သန္ဓေသားမှာ မျက်စိထိခိုက်တတ်ပါသလား ဆရာ။

ဖြေ. ကိုယ်ဝန်ဆောင်မိခင်အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ဓာတ်ရောင်ခြည်ကင်ရတယ်ဆိုရင် ကလေးရဲ့ မျက်စိကိုထိခိုက်ဖို့ ရာနှုန်းပြည့်သေချာပါတယ်။ ပြီးတော့ ကိုယ်ဝန်ဆိပ်သင့်တယ်ဆိုရင် ကလေးရဲ့မျက်စိကို ထိခိုက်နိုင်ပါတယ်။ နောက်တစ်ချက်က ကိုယ်ဝန်ဆောင်စဉ်သောက်မိတဲ့ တချို့ဆေးတွေက သန္ဓေသားကို ထိခိုက်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ဓာတ်ရောင်ခြည်ကင်ရတယ်ဆိုရင် ကလေးရဲ့မျက်စိကို ထိခိုက်ဖို့ ရာနှုန်းပြည့်သေချာပါတယ်။ ပြီးတော့ ကိုယ်ဝန်ဆိပ်သင့်တယ်ဆိုရင် ကလေးရဲ့မျက်စိကို ထိခိုက်နိုင်ပါတယ်။ နောက်တစ်ချက်က . . .

မေး. ကိုယ်ဝန်ဆောင်မိခင်အနေနဲ့ မွေးလာတဲ့ ရင်သွေးမှာ မျက်စိပြဿနာမရအောင် ဘယ်လိုသတိထားသင့်ပါသလဲ ဆရာ။

ဖြေ. မိခင်ရဲ့ခန္ဓာကိုယ်ကျန်းမာရေးအတွက် မဖြစ်မနေ လုပ်ဖို့လိုအပ်ရင် လိုအပ်တဲ့ ဓာတ်ရောင်ခြည်ကုသမှုကတော့ မလုပ်မဖြစ် လုပ်ရမှာပဲ။ မိခင်ရဲ့အသက်က ပိုအရေးကြီးတယ်။ ဒါပေမဲ့ အဲဒီလိုမဟုတ်တဲ့ အခြေအနေဆိုရင် ဓာတ်ရောင်ခြည်သင့်နိုင်တဲ့နေရာတွေ မသွားရဘူး။ ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင်ဟာ အာဟာရဓာတ်ပြည့်ဝအောင် စားရမယ်။ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ တချို့ရောဂါပိုးတွေ (ဥပမာ Rubella ရောဂါပိုး၊ ဝက်သက်ရောဂါပိုး)တွေ မဝင်အောင် ဂရုစိုက်နေထိုင်သင့်တယ်။ အဲဒီရောဂါပိုးတွေ ဝင်ခဲ့ရင်လည်း ရောဂါပိုးမပြန့်အောင် ဖြစ်ဖြစ်ချင်းမှာပဲ နီးစပ်ရာဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး ကုသမှုခံယူသင့်ပါတယ်။

မေး. ကလေးမွေးတဲ့အချိန်မှာ မသန့်ရှင်းတာကြောင့် မျက်စိနဲ့ပတ်သက်ပြီး မွေးရာပါ ဘယ်လိုရောဂါတွေ ရနိုင်ပါသလဲဆရာ။

ဖြေ. ကလေးမွေးစဉ် မွေးလမ်းကြောင်း မသန့်တဲ့အတွက် ကလေးရဲ့မျက်စိမှာ ရောဂါပိုး ကူးစက်ခံရတာလည်း ဖြစ်နိုင်ပါတယ်။ မွေးတဲ့အချိန်မှာ နှာခေါင်းလမ်းကြောင်းဟာ သိပ်မဖွံ့ဖြိုးသေးတဲ့အတွက် မျက်ရည်လမ်းကြောင်းပိတ်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါကတော့ အသက်သုံးနှစ်လောက်မှာ သူ့အလိုလို ပြန်ပွင့်သွားနိုင်တယ်။ စိုးရိမ်စရာမရှိဘူး။ ဒီထက် ဆိုးနိုင်တာက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။

မေး. မျက်စိနဲ့ပတ်သက်ပြီး မျိုးရိုးလိုက်တတ်တဲ့ ရောဂါတွေကော ရှိပါသလား ဆရာ။

ဖြေ. မျိုးရိုးလိုက်တတ်တဲ့ ရောဂါတွေထဲမှာ ထိပ်ဆုံးက ပြေးတာကတော့ ရေတိမ်ဖြစ်ပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါနဲ့ ပတ်သက်တဲ့ ရောဂါတချို့ကလည်း မျိုးရိုးလိုက်တတ်ပါတယ်။ မိဘမှာဖြစ်လို့ သားသမီးမှာမဖြစ်အောင် ကြိုတင်ကာကွယ်လို့မရဘူး။ မျိုးရိုးဗီဇ (Gene) မှာကိုက ပါလာတာကိုး။

မေး. ကလေးတွေမှာမျက်စိစွေတာကကော မျိုးရိုးလိုက်တတ်ပါသလား ဆရာ။

ဖြေ. မျက်လုံးမှာ ကြွက်သားခြောက်ခုရှိတယ်။ ဒီကြွက်သားခြောက်ခုက မျက်စိကိုတည့်အောင် ထိန်းထားတယ်။ ဒီအထဲမှာ ကြွက်သားတစ်ခုက ပျက်သွားတယ်ဆိုရင် စွေစောင်းသွားနိုင်တယ်။ ဒါက မျိုးရိုးလိုက်တဲ့ရောဂါ မဟုတ်ပါဘူး။ မွေးရာပါ မျက်စိစွေတာလည်းရှိသလို တခြား မျက်စိရောဂါကြောင့်ပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ်ရဲ့ရောဂါတစ်ခုခုကြောင့်ပဲဖြစ်ဖြစ် မျက်စိကြွက်သားတစ်ခု ထိခိုက်သွားတယ်ဆိုရင် မျက်စိစွေစောင်းမှုဖြစ်စေနိုင်ပါတယ်။

မေး. မျက်စိစွေတာကို တည့်အောင်ပြုလုပ်လို့ ရပါသလားဆရာ။

ဖြေ. မျက်စိစွေတာကို တည့်အောင်ပြုလုပ်လို့ရပါတယ်။ ကလေးရဲ့ မျက်စိဖွံ့ဖြိုးမှုကို ဂရပ် (Graph) ဆွဲမယ်ဆိုရင် မွေးကင်းစကနေ အသက်နှစ်နှစ်အထိ ဒိုင်းခနဲ တက်ပြီး အသက်နှစ်နှစ်ကနေ ငါးနှစ်အထိ စောင်းစောင်းလေးတက်လာတယ်။ အသက် ငါးနှစ်ကနေ ရှစ်နှစ်အထိနဲ့ အသက်ရှစ်နှစ်ကနေ ၁၂ နှစ်အထိဆိုရင် ခပ်ပြေပြေလေးတက်လာပါတယ်။ ဒီတော့ အသက် ၁၂နှစ်ကျော်မှ မျက်စိစွေတာကို ပြုပြင်မယ်ဆိုရင် လူကောင်းတစ်ယောက်လို ပုံမှန်အမြင်ရဖို့ ခက်ခဲသွားပါတယ်။ အသက် ၁၂ နှစ်မတိုင်ခင်မှာ ပြုပြင်မယ်ဆိုရင်တော့ လူကောင်းလိုပဲ မျက်စိအမြင်ရအောင်လုပ်နိုင်ပါတယ်။

လူကောင်းတစ်ယောက်လို မျက်စိအမြင်ရဖို့အတွက် စွေနေတဲ့ကလေးကို အသက်နှစ်နှစ်ကနေ ငါးနှစ်အကြား ခွဲစိတ်ကုသတာက မွေးရာပါ အတွင်းတိမ်၊ မွေးရာပါရေတိမ်နဲ့ မွေးရာပါ ကင်ဆာရောဂါတွေအတွက်လည်း အကောင်းဆုံးပါပဲ။ မေ့ဆေးပေးတာကို ခံနိုင်ရည်ရှိနေပြီဖြစ်တဲ့အပြင် မျက်စိဖွံ့ဖြိုးမှုကလည်း မြန်နေသေးတဲ့အချိန်ဖြစ်လို့ပါ။ အသက်ကြီးမှ မျက်စိစွေတာဆိုရင် မျက်စိကို တည့်အောင် ပြန်လုပ်လို့ရတယ်။ ဒါပေမဲ့ လူကောင်းအတိုင်း အမြင်ရဖို့ကတော့ ခက်ပါတယ်။

မေး. မျက်စိနဲ့ပတ်သက်ပြီး မိဘတွေက သားသမီးကို ပေးသင့်တဲ့ အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုက ဘာပါလဲဆရာ။

ဖြေ. ကလေးတွေရဲ့မျက်စိကို သန့်ရှင်းအောင် ထားပေးရပါမယ်။ အတွင်းတိမ်ရောဂါနဲ့ ရေတိမ်ရောဂါတွေကို ကာကွယ်လို့မရပေမယ့် ကူးစက်ပိုးဝင်တာတွေကို ကာကွယ်ပေးလို့ရပါတယ်။ ဒီတော့ မျက်လုံးကို သန့်ရှင်းအောင်ထားနိုင်ရင် အကောင်းဆုံးပါပဲ။ ပတ်ဝန်းကျင်က ဖုန်မှုန့်၊ သဲမှုန့်တွေ မျက်စိထဲဝင်တဲ့အခါ ရေကောင်းရေသန့်နဲ့ မျက်စိကို အားရပါးရ ဆေးကြောပေးလိုက်ရင် အများကြီး သန့်ရှင်းသွားပါလိမ့်မယ်။ ကလေးတွေ စာကျက်တဲ့အခါ၊ တီဗီကြည့်တဲ့အခါ၊ ကွန်ပျူတာကြည့်တဲ့အခါ နာရီဝက်သုံးပြီးတိုင်း တစ်မိနစ်ခန့်မျက်လုံးကို စုံမှိတ်ပြီး အနားယူပေးတဲ့ အကျင့်ဖြစ်အောင် လုပ်ပေးဖို့လိုပါတယ်။ ဒီလိုဆိုရင် မျက်စိကျန်းမာရေး တော်တော်ကောင်းနေပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top