Healthy Life Ad
Q & A

၀ပြီး ဒူးနာတယ် . . .

မေး. ဟိုတစ်လောက အရမ်းကို ဝသွားပါတယ်။ ဆေးစစ်ကြည့်လိုက်တော့ သွေးထဲမှာ ကိုလက်စထရောအဆီတွေ များနေတဲ့အတွက် ဆေးတွေသောက်နေရပါတယ်။ နောက်ပြီး ခန္ဓာကိုယ်ကဝလာတဲ့အတွက် အတက်အဆင်း လုပ်တဲ့အခါတွေမှာ ဒူးနာတာ၊ ခြေဖနောင့်နာတာတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် ဘယ်လိုဆင်ခြင်ရမလဲဆရာ။ ဘယ်လိုလေ့ကျင့်ခန်းမျိုးက ဒူးနာတာကို သက်သာစေနိုင်ပါသလဲ ဆရာ။
ဒေါ်သူဇာ (FB)

ပါမောက္ခဦးနေဝင်း (အရိုးအထူးကု ခွဲစိတ်ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ဝတာက မျိုးရိုးဗီဇကြောင့်လည်း ဖြစ်တတ်သလို နေထိုင်စားသောက်မှုပုံစံ (Lifestyle) ကြောင့်လည်း ဝတတ်ပါတယ်။ ဆီများတဲ့အစာ ဥပမာ ပြန်ကြော်ဆီ (Saturated Fat) တွေ များများစားရင် သွေးတွင်းကိုလက်စထရောက တက်တတ်ပါတယ်။ တချို့လူတွေမှာဆိုရင် မဝဘဲနဲ့ သွေးတွင်းကိုလက်စထရော တက်နေတတ်ပါတယ်။ ဝလာရင် ခန္ဓာကိုယ်အောက်ပိုင်းက အဆစ်တွေက ကိုယ်အလေးချိန်ဒဏ်ခံရတာကြောင့် ဒူးဆစ်နာတာတွေ အဖြစ်များတတ်ပါတယ်။ ခြေဖနောင့်နာတာလည်း အဖြစ်များပါတယ်။ ဒါကြောင့် မဝခင်ကတည်းက မဝအောင် ကျင့်ကြံရတာ ပိုလွယ်ပါတယ်။ မဝခင်ကတည်းက ပိန်အောင် ထိန်းထားသင့်ပါတယ်။ ဒူးနာရင် အနေအထိုင်ပုံစံကို ပြောင်းပေးဖို့လိုပါတယ်။ ကြမ်းပြင်ပေါ် ဆောင့်ကြောင့်ထိုင်ရတာ၊ လှေကားအတက်အဆင်းလုပ်တာ၊ လမ်းဝေးဝေးလျှောက်တာ၊ ဒူးကွေးထိုင်တာ၊ ခုန်တဲ့လေ့ကျင့်ခန်းတွေ လုပ်တာတွေက ဒူးနာတာကို ပိုဆိုးစေနိုင်ပါတယ်။

ဒူးလေ့ကျင့်ခန်းအနေနဲ့ ဒူးကိုဆန့်ထားပြီး ပက်လက်အိပ်ရင်း ဒူးကို အပေါ်ကို မ,တဲ့ လေ့ကျင့်ခန်း၊ ထိုင်ရင်း ဒူးကို အပေါ်ကို မ,ပြီး ဒူးကို ဖြည်းဖြည်းမတာ၊ ဖြည်းဖြည်းချတဲ့ လေ့ကျင့်ခန်းကို လုပ်ပေးနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းကို ဘယ်ဘက် ၁၀ကြိမ်၊ ညာဘက် ၁၀ကြိမ် တစ်နေ့သုံးကြိမ်လောက်လုပ်ပေးပါ။ ဒူးနာသက်သာလာပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top