Healthy Life Ad
International

နှလုံးနှင့်အသည်းတစ်ခုတည်းသာပါသောရင်ချင်းဆက်အမြွှာညီအစ်မ

၊ ကိုထက် ၊

အသက် ၂၇နှစ်အရွယ်ရှိ ကလေးလေးယောက် မိခင် ဂျန်နီဖာပမီလာဟာ သူမရဲ့ နောက်ဆုံးမွေးခဲ့တဲ့ ရင်ချင်းဆက်အမြွှာသမီးလေးနှစ်ယောက်ကို ခွဲစိတ်ပေးမယ့် ဆရာဝန်ကို လိုက်လံရှာဖွေနေတယ် လို့သိရပါတယ်။ ကလေးနှစ်ယောက်ဟာ မျက်နှာချင်းဆိုင် ရင်ချင်းဆက်နေတာဖြစ်ပြီး ဆေးရုံမှာ အောက်ဆီဂျင်ပေးထားရပါတယ်။

တစ်ကမ္ဘာလုံးမှာ ကိုယ်ဝန်ဆောင်နှစ်သောင်းအနက် တစ်ယောက်ကိုယ်ချင်းဆက်အမြွှာဖြစ်နိုင်ခြေ ရှိတယ်လို့ဆိုပါတယ်။ ကိုယ်ချင်းဆက်အမြွှာတွေရဲ့ ၃၅ ရာခိုင်နှုန်းဟာလည်း တစ်ရက်အတွင်း သေဆုံးလေ့ရှိတယ်လို့ ဆိုပါတယ်။ ဒီလိုအခြေအနေတွေဟာ ရှားပါးတဲ့အတွက် လေ့လာရခက်ခဲပြီး အကြောင်းရင်းအတိအကျကို မလေ့လာနိုင်သေးပါဘူး။

ဂျန်နီဖာရဲ့သမီးနှစ်ယောက်ဟာ မွေးပြီးနောက် သွေးတွင်းအောက်ဆီဂျင်မလုံလောက်တဲ့အတွက် ဆေးရုံမှာတင်ထားရပြီး အထူးကျန်းမာရေးစောင့်ရှောက်မှုတွေပေးထားရပါတယ်။ သူတို့မှာ နှလုံးနဲ့ အသည်းဟာ တစ်ခုထဲပါလာပြီး နှစ်ယောက်မျှသုံးနေရတာဖြစ်တယ်လို့ စစ်ဆေးတွေရှိခဲ့ကြပါတယ်။ ဒါပေမဲ့ အစာကို နှစ်ယောက်လုံးစားလို့ရတယ်လို့ သိရပါတယ်။

ဒီလို အခြေအနေကြောင့် နှစ်ယောက်ကို ခွဲထုတ်မယ်ဆိုရင် တစ်ယောက်က သေဆုံးသွားမှာဖြစ်တဲ့အတွက် ဆေးရုံက ဆရာဝန်များက ခွဲစိတ်ပေးဖို့ကို ငြင်းဆန်ခဲ့ကြပါတယ်။ အမြွှာလေးနှစ်ယောက်ရဲ့မိဘတွေဟာ ဆေးရုံက မခွဲစိတ်ပေးတဲ့အတွက် တခြားနိုင်ငံတွေမှ ကုသပေးနိုင်မယ့်သူကို ရှာဖွေခဲ့ကြပါသေးတယ်။ သူတို့မှာ အထူးကျန်းမာ ရေးစောင့်ရှောက်မှုတွေရယူဖို့ တတ်နိုင်တဲ့အနေအထားရှိတဲ့အတွက် ကုသပေးမယ့်သူကို လိုချင်ပါတယ်ဆိုပြီး ဆေးရုံတွေကို ဆက်သွယ်ရှာဖွေခဲ့ပါသေးတယ်။

“အစပိုင်းမှာ သေချာနားမလည်ခဲ့ဘူး၊ တခြားခန္ဓာကိုယ်ချင်းဆက်တဲ့ ကလေးတွေမှာလည်း ကိုယ်တွင်းအင်္ဂါတွေ ဆက်နေကြတာပဲ ခွဲစိတ်အောင်မြင်တာတွေလဲရှိနေတာပဲဆိုပြီး ခွဲပေးမယ့်သူကို ရှာခဲ့ပါတယ်။ နောက်အင်တာနက်မှာ သေချာပြန်ရှာကြည့်မှ ကျွန်မကလေးတွေဟာ အမြွှာပူး ၂၈ ရာခိုင်နှုန်းမှာသာဖြစ်လေ့ရှိတဲ့ အင်္ဂါတစ်ခုထဲသာပါပြီး မျှသုံးနေရတဲ့ အခြေအနေဆိုတာ သိခဲ့တာပါ”လို့ အမေဖြစ်သူကပြောပြခဲ့ပါတယ်။ သူမဟာ အခုအမြွှာလေးကို အရင်သားသမီးများကဲ့သို့ ချစ်ကြောင်းနဲ့ အမြွှာနှစ်ယောက်လုံးကိုလည်း အတူတူပဲချစ်တဲ့တွက် အရမ်းကို ရွေးချယ်ရခက်ခဲ့နေပါတယ်။ သူမနဲ့အခြေအနေတူတဲ့ ရင်ချင်းဆက်အမြွှာညီအမနှစ်ယောက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကအောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့တဲ့အတွက် မျှော်လင့်ချက်တော့ရှိနေပြီဖြစ်ပါတယ်။

ဒီလိုကိုယ်ချင်းဆက်အမြွှာတွေဟာ မိန်းကလေးတွေအဖြစ်များပြီး အသက်ရှင်တဲ့ အမြွှာ ၇၀ ရာခိုင်နှုန်းကလည်း မိန်းကလေးတွေဖြစ်တယ်လို့သိရပါတယ်။ ဂျန်နီဖာရဲ့ အမြွှာသမီးလေးကဲ့သို့ပင် အခြေအနေချင်းတူတဲ့ အမြွှာသမီးလေးနှစ်ယောက်ကို တက္ကဆက်ပြည်နယ်မှာ ၂၀၁၆ ဒီဇင်ဘာလက မွေးဖွားခဲ့ပါတယ်။ ဒီအမြွှာလေးနှစ်ယောက်ကို သေသေချာချာစစ်ဆေးပြီးနောက် ပြီးခဲ့တဲ့ ဇန်နီဝါရီလ ၁၃ ရက်နေ့ကအောင်မြင်စွာ ခွဲစိတ်ပေးနိုင်ခဲ့ပါတယ်။ ခွဲစိတ်ချိန် ၇ နာရီကြာမြင့်ပြီး ခွဲစိတ်အထူးကု ၇၅ ယောက်ပါဝင်ခဲ့ပါတယ်။ ဒီခွဲစိတ်မှုကိုပြုလုပ်ဖို့ သူနာပြုတွေဟာ လပေါင်းများစွာကြိုတင်အစမ်းလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။ နှစ်ယောက်မျှသုံးနေတဲ့ နှလုံးကို တစ်ခြမ်းစီခွဲစိတ်ခဲ့ပြီး သွေးလှည့်ပတ်စေဖို့ စက်တစ်လုံးစီတပ်ထားခဲ့တယ် လို့သိရပြီ ဝမ်းဗိုက်တစ်လျှောက်ကိုလည်းအရေပြား အစားထိုးမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
(Ref;DM)
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top