Healthy Life Ad
International

နှလုံးရပ်သွားပြီး သေလုနီးပါးဖြစ်ခဲ့ရသော အကမယ်လေး စင်မြင့်ပေါ် ပြန်လည်တက်ရောက်

၊ ကိုထက် ၊

နယူးယောက်မှာ နေထိုင်တဲ့ အယ်ရှလီဟာ အသက် ၃၂ရှိပြီဖြစ်ပြီး သူမရဲ့ အချိန်တော်တော်များများကို အကစင်မြင့်ထက်မှာ ကုန်ဆုံးစေခဲ့သူဖြစ်ပါတယ်။ အယ်ရှလီဟာ ၂၀၁၆ခန့်က အကလေ့ကျင့်ရင်း ဒူးတွေမခိုင်ပဲ ယိုင်လဲတာမျိုးဖြစ်လာခဲ့ပေမယ့် ဒါတွေဟာ သူမရဲ့မူမမှန်နဲ့ နှလုံးခုန်နှုန်းကြောင့်ဖြစ်နေတယ်လို့ မသိခဲ့ပါဘူး။

သူမဟာ အကအတွက် လိုအပ်တဲ့လေ့ကျင့်ခန်းတွေ ပြုလုပ်နေခဲ့ပေမယ့် နှလုံးခုန်နှုန်း မူမမှန်ဖြစ်နေတာကို သတိမမူခဲ့မိပါဘူး။ အစမ်းလေ့ကျင့်မှုတစ်ခုအပြီးမှာတော့ စင်ပေါ်မှာတင်လဲကျသွားခဲ့ပါတယ်။ သူမရဲ့ နှလုံးဟာ ခဏရပ်သွားခဲ့ပါတယ်။ သူငယ်ချင်းတွေက အရေးပေါ်အသက်ကယ်နည်းတွေ ပြုလုပ်ပေးခဲ့ကြပြီး ဆေးရုံကို ပို့ပေးခဲ့ကြပါတယ်။ “ကပြီဆိုရင် နှလုံးခုန်တာက မြန်လာတာပါပဲ၊ ပြီးရင်မောလာတယ်၊ အရမ်းမောလာရင် ခဏနားတယ်… အားလုံးလဲ ဒီအတိုင်းပဲလေ၊ နှလုံးမကောင်းဘူးဆိုတာကို လုံးဝသံသယလဲမဖြစ်ခဲ့ဘူး၊ စစ်လဲမစစ်ခဲ့ဖူးဘူး”လို့ သူမကပြောပြခဲ့ပါတယ်။

အယ်ရှလီဟာ လူတစ်သောင်းမှာတစ်ယောက် ဖြစ်လေ့ရှိတဲ့ နှလုံးခုန်နှုန်းမူမမှန်တဲ့ရောဂါတစ်မျိုး ဖြစ်နေခဲ့တာပါ။ နှလုံးက တစ်ချက်တစ်ချက်မှာသွေးတွေကို လမ်းကြောင်းမှားဘက်ကို တွန်းပို့တတ်တာဖြစ်ပါတယ်။ သာမန်အချိန်တွေမှာ အရမ်းကြီးပြသနာမရှိပေမယ့် လေ့ကျင့်ခန်းလုပ်တာမျိုး မောလာပြီး နှလုံးခုန်နှုန်းမြန်လာချိန်မှာ လမ်းကြောင်းမှားကို သွေးတွေရောက်တာ ပိုများလာပြီးနောက် နှလုံးခဏရပ်သွားခြင်ဖြစ်ပါတယ်။

သူမ အကလေ့ကျင့်နေရင်း နှလုံးရပ်သွားချိန်မှာ အတူကနေတဲ့ တစ်ယောက်ဖက်သို့ လဲကျသွားပါတယ်။ သူငယ်ချင်းဖြစ်သူကဖမ်းလိုက်ပြီးနောက် သူမအသက်မရှူတော့ဘူးဆိုတာကိုလဲ ချက်ချင်းသတိထားမိလိုက်တယ် လို့ဆိုပါတယ်။ အက ကုမ္ပဏီပိုင်ရှင်ဖြစ်သူက ချက်ချင်း အရေးပေါ်ဌာနကို ဖုန်းဆက်ပေးခဲ့ပြီး အရေးပေါ် အသက်ကယ်ဆယ်ရေးသင်တန်းတွေ တက်ရောက်ထားကြတဲ့ သူငယ်ချင်းတွေကို သူမကို ကူညီပေးခဲ့ကြပါတယ်။ သူမဟာ အချိန် ၆ မိနစ်လောက်ကြာအောင် နှလုံးရပ်နေခဲ့ပါတယ်။ အချိန် ၁၆ နာရီကြာအောင် သတိမေ့နေခဲ့ပြီး ပြန်နိုးလာချိန်မှာတော့ မိသားစုနဲ့ မိတ်ဆွေတွေအားလုံး သူမကုတင်ဘေးမှာရှိနေခဲ့ကြပါတယ်။ ဆရာဝန်တွေက သူမနှလုံးရောဂါကို စစ်ဆေးပြီး ကုသမှုတွေပြုလုပ်ပေးခဲ့ကြပေမယ့် အရင်က ဘယ်လောက်မောမော ဘာမှမဖြစ်ဘဲ အခုကြမှ ဒီလိုဖြစ်ရလဲဆိုတာကိုတော့ အဖြေရှာမရခဲ့ပါဘူး။

အခုအခါမှာတော့ သူမကပြန်လည်ကျန်းမာလာပြီး သူမရဲ့နှလုံးရပ်ပြီးနောက် အကစင်မြင့်ပေါ် ပြန်တက်ခဲ့ပါတယ်။ နှလုံးကို စိုးရိမ်စိတ်ထက် မကရမှာကိုပိုစိုးရိမ်တဲ့အတွက် အကစင်မြင့်ပေါ်တက်ဖို့ အမြန်စီစဉ်ခဲ့ပါတယ်။ “ပြန်ကရမှာကို စိတ်တော့ နည်းနည်းပူမိပါတယ်။ အကသမားတစ်ယောက်အနေနဲ့ ကကွက်နဲ့ သီချင်းစည်းချက်တွေ မှန်မမှန်ဘဲသတိထားနိုင်ပြီး နှလုံးခုန်နှုန်းစည်းချက်မှန်မမှန်တော့ သတိမထားတတ်ဘူး”လို့ သူမကပြောပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ဒီဇင်ဘာလက ကပွဲတွေပြန်ကခဲ့တာ အခုဆိုရင် ၁၂ ပွဲရှိပြီလို့ သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top