Healthy Life Ad
Life Style

သွေးကင်ဆာရောဂါကုသအောင်မြင်ပြီး တက္ကသိုလ်ဝင်စာမေးပွဲ၌ လေးဘာသာ ဂုဏ်ထူးရရှိသူ မဖြူစင်မိုးအောင်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္တသိုလ်)

မွန်ပြည်နယ် ဘီးလင်းမြို့နေ အသက်(၁၆)နှစ် အရွယ် မဖြူစင်မိုးအောင်သည် လွန်ခဲ့သော လေးနှစ်ခန့် ဆဋ္ဌမတန်းကျောင်းသူ ဘဝမှစတင်၍ သွေးကင်ဆာရောဂါ ခံစားခဲ့ရကာ ၂၀၁၇ သြဂုတ်လအထိ ဆေးသောက်သုံးနေရသူ ဖြစ်သည်။ ယင်းနောက်တွင် ရောဂါသက်သာပျောက်ကင်းပြီး ကင်ဆာရောဂါကုသ အောင်မြင်ခဲ့သူ ဖြစ်လာကာ ယခု ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် လေးဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သူဖြစ်သည်။ သို့ဖြစ်ရာ သူ၏ ရောဂါတွေ့ရှိမှုနှင့် ဆေးကုသမှုအကြောင်းကို ဖခင် ဦးမိုးအောင်က ယခုလို ပြန်ပြောပြခဲ့သည်။

“ပထမဆုံး စဖြစ်တာကတော့ ၂၀၁၂ ဒီဇင်ဘာလောက် သမီးလေး ခြောက်တန်း ကျောင်းသူဘဝမှာ ညနေ ကျောင်းဆင်း အိမ်ပြန်လာရင် ကိုယ်ငွေ့ငွေ့လေး ပူတယ်၊ ဒါပေမဲ့ အကြာကြီးလည်း မပူဘူး။ ၄ နာရီလောက် စကိုယ်ပူပြီး ၄နာရီခွဲလောက်ကျရင် ပြန်အေးသွားတယ်။ တစ်ပတ်လောက်ကြာပြီး လက်မှာ ဝက်သက်လိုမျိုး အနီစက်လေးတွေ ထွက်တယ်။ ကျွန်တော့်အစ်ကိုကလည်း ဆရာဝန်ဆိုတော့ ကလေးအထူးကုဆရာဝန်နဲ့ ပြရမယ်ဆိုပြီး မော်လမြိုင် ဆေးရုံကိုသွားပြခဲ့တယ်”ဟု ဦးမိုးအောင်က သမီး ဖြစ်သူ၏ ရောဂါလက္ခဏာအစကို ပြောပြခဲ့သည်။

ညဘက်တွင် မော်လမြိုင်ဆေးရုံရောက်ရာ ကလေးအထူးကု ဆရာဝန်ကြီးက စမ်းသပ်စစ်ဆေးမှု များပြုလုပ်ပြီးနောက် ချက်ချင်းဆေးရုံတင်ရန် ညွှန်ကြားခဲ့သည်။

“ဆရာဝန်ကြီးက ကလေးရဲ့ကျောက်ကပ်လည်း ရောင်နေတယ်၊ နှလုံးလည်း ကြီးနေတယ်၊ အသည်းလည်း ရောင်နေတယ်လို့ ပြောပြီး ချက်ချင်း ဆေးရုံတင်တယ်။ သုံးရက်လောက်အကြာမှာ နှာခေါင်းထဲက သွေးလျှံတယ်။ မနက် ၃ နာရီလောက် နှာခေါင်း သွေးလျှံတာနဲ့ ကလေးအထူးကု ဆရာဝန်ကြီး က သွေးထပ်စစ်တယ်။ အရင်တစ်ခါ သွေးစစ်တုန်း ကအတိုင်းပဲ ဘာမှမတွေ့ဘူး။ ဓာတ်ခွဲခန်းအဖြေ အရ အသည်းထဲမှာ ငှက်ဖျားပိုးနည်းနည်းရှိတယ် ဆိုတာပဲတွေ့တယ်။ ဒါနဲ့ ဆေးကုပြီး လေးရက်မြောက် နေ့မှာ ဆေးရုံက ဆင်းတယ်၊ အိမ်မှာပဲနားနေခဲ့တယ်”

အိမ်တွင် သုံးရက်ကြာသည်အထိ ဖြူစင်မိုးအောင် အခြေအနေက တိုးတက်မလာ။ အိပ်ရာထဲတွင် မှိန်းပြီး ခွေနေသဖြင့် အစပိုင်းတွင် ဆေးအရှိန်ကြောင့်ဟု ထင်သော်လည်း တဖြည်းဖြည်း မသက်သာလာ။ သို့ဖြစ်ရာ မော်လမြိုင်ဆေးရုံသို့ ပြန်သွား ခဲ့ကြသည်။ ထိုအချိန် ဓာတ်ခွဲခန်းတွင် သွေးစစ်ဆေးမှု ထပ်မံလုပ်ရာမှ သွေးကင်ဆာဖြစ်နေကြောင်း သိခဲ့ ရခြင်းဖြစ်သည်။
“အဖြေရတာနဲ့ ကလေးအထူးကု ဆရာဝန်ကြီး က ရန်ကုန်ကို ချက်ချင်းသွားပြဖို့ ညွှန်တယ်။ ဒါနဲ့ ညတွင်းချင်း ရန်ကုန်ကလေးအထူးကု ဆေးရုံကြီးကို သွားခဲ့ပါတယ်။

အဖြေသိသိချင်း ဦးမိုးအောင်နှင့် ဇနီးတို့သည် တစ်ဦးတည်းသော သမီးလေး မဖြူစင်မိုးအောင်အတွက် အရူးမီးဝိုင်း ပမာ ခံစားခဲ့ရသည်။

“သမီးလေးက ဉာဏ်လည်းကောင်းတယ်၊ ငယ်ငယ်ကတည်းက စာတော်တယ်။ တစ်ဦးတည်း သမီးလည်း ဖြစ်တယ်ဆိုတော့ ဒီလိုဖြစ်မှန်းသိရော ခံစားရတာတော့ ပြောမနေပါနဲ့၊ အရူးမီးဝိုင်းပဲ”

မဖြူစင်မိုးအောင်သည် Acute Lympho-cytic Leukemia (ALL) ဖြစ်ပွားသော်လည်း သူ ဖြစ်ပွားသော ALL သည် ရှားပါးပြီး ခက်ခဲသော သွေးကင်ဆာအမျိုးအစားဖြစ်ကာ အခြားကလေးများ နှင့်မတူသော ဆေးတစ်မျိုးထည့်၍ ကုသရကြောင်း၊ ALL ရောဂါသည် အချိန်ကာလအားဖြင့် သုံးနှစ်ကြာအောင် ကုသရပြီး သွေးနှင့်ဆိုင်သော ရောဂါများထဲတွင် ကုသမှုအကောင်းဆုံး၊ အောင်မြင်မှုအများဆုံး ရှိကြောင်းနှင့် ကမ္ဘာတွင် ကုသအောင်မြင်နှုန်း ၉၉ ရာခိုင်နှုန်း ရှိပြီး မြန်မာနိုင်ငံတွင်မူ ယင်းရောဂါ ကုသ အောင်မြင်နှုန်း ၆၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

၂၀၁၂ ဒီဇင်ဘာတွင် ဆေးရုံတက်ရပြီး ဇန်နဝါရီလတွင် ဆဌမတန်း စာမေးပွဲကို ဆေးရုံ၌ပင် ဖြေဆိုခဲ့ရသည်။
“ခြောက်တန်းကိုတော့ ဘီးလင်းက ဆရာမ တစ်ယောက် ဆေးရုံမှာ လာစောင့်ပြီး ဖြေလိုက်ရတယ်။ ခုနစ်တန်းနှစ်ကျတော့ ဆေးတွေဘာတွေလည်း တော်တော် သွင်းထားပြီးပြီ၊ ဆေးနားတဲ့ရက် နဲ့ကြုံတော့ ဆေးရုံက ဆရာမကြီးတွေကို အကျိုးအကြောင်းပြောပြီး ဘီးလင်းမှာ စာမေးပွဲပြန်ဖြေရပါတယ်”ဟု ဖခင်ဦးမိုးအောင်က ပြောသည်။

ပညာသင်ယူလေ့လာရခြင်းကို စိတ်ပါဝင်စားသည့် မဖြူစင်မိုးအောင်သည် ကျန်းမာရေး အခြေအနေကြောင့် ကျောင်းမသွားနိုင်ဘဲ ဆေးရုံတွင် ဆေးကုနေချိန်၌ပင် စာဖတ်နိုင်သည့်အခါ စာဖတ်ခြင်း၊ သင်္ချာတွက်ခြင်း စသည်တို့ကို လေ့ကျင့်နေခဲ့ကြောင်း သိရသည်။
“ရှစ်တန်းနှစ်ကျတော့ ဆေးကုသမှုမှာလနဲ့ချီ နားလို့ရသွားတဲ့ ရက်တွေရှိသွားတယ်။ နှစ်ပတ် လောက်နားပြီး ဆေးရုံမှာ တစ်ပတ်သွားပြန်နေရတာမျိုး . . ဆေးသွင်းတဲ့ရက်ပဲ ဆေးရုံသွားရတော့ ရှစ်တန်းနှစ်မှာ ကျောင်းနှစ်လလောက် တက်လိုက်ရတယ်။ ဆရာမတွေကလည်း အိမ်မှာ လာသင်ပေး တာရှိတယ်။ အဲဒီနှစ် အစိုးရစစ်မှာ အေအဆင့်နဲ့ အောင်ခဲ့ပါတယ်။

ကိုးတန်းနှစ်ကျတော့လည်း ဆေးရုံတက်လိုက်၊ ကျောင်းတက်လိုက်နဲ့ သုံးလလောက် ကျောင်းတက် ရတယ်။ စာမေးပွဲနီးတော့ သမီးက ဇီဝဗေဒ၊ ရူပဗေဒတွေမှာ အဆင်မပြေဘူးဆိုတာနဲ့ ဆရာမလေးတစ်ယောက်ခေါ်ပြီး ထပ်သင်ပေးရတယ်။ ကိုးတန်း အောင်ပြီး ၁၀ တန်းတက်တော့ သူ့အစ်မက ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမှာ ဘော်ဒါဆောင် ဖွင့်ထားတယ်။ သူ့အစ်မက သူ့ဆီလာထားပါလို့ ပြောတာနဲ့ ကျောင်းပြောင်းလိုက်တယ်။ အဲဒီမှာ ကျောင်းအပ်တော့လည်း ကျောင်းအုပ်ကြီးကို ကျန်းမာရေး အခြေအနေပြောပြပြီး တစ်ပတ်မှာ ကျောင်းသုံးရက် တက်ဖို့ ညှိပေးတယ်။ ဒီလိုနဲ့ပဲ ကျောင်းတက်ပြီး စာမေးပွဲ ဖြေခဲ့ရတယ်” ဟု ဦးမိုးအောင်က ပြောပြခဲ့ပြီး သမီးဖြစ်သူ ဖြူစင်မိုးအောင်က-

“ကလေးတုန်းကတော့ ကျောင်းမတက်ရဘဲ ဆေးရုံသွားရတဲ့အတွက် ကျောင်းတက်ချင်စိတ်ဖြစ်တယ်။ တစ်ခါတလေကျတော့လည်း ကျောင်းမသွား ရလို့ ပျော်တယ်။ ဆေးတွေသွင်းရတော့လည်း အစာ စားချင်စိတ်မရှိဘူး။ ခေါင်းမူးတယ် . .အဲဒါလေးတွေ တော့ဖြစ်ခဲ့ပါတယ်”ဟု သူ့အကြောင်းကို ပြောပြခဲ့သည်။

ဆေးကုသမှု ခံယူစဉ် ဘေးထွက်ဆိုးကျိုးအနေဖြင့် တစ်ခေါင်းလုံး ဆံပင်လုံးဝ မရှိသည်အထိ ဆံပင် ကျွတ်ခြင်း၊ အစာမစားချင်ဖြစ်ခြင်း၊ အန်ချင်စိတ်ဖြစ်ခြင်း၊ သောက်သည့်ဆေးအရှိန်ကြောင့် ဖောသလိုလို ပွသလိုလိုဖြစ်ခြင်း စသည်တို့ဖြစ်ခဲ့ကြောင်း သိရသည်။
“ဆေးသောက်နေတုန်း၊ ဆေးသွင်းနေတုန်းမို့ ဖြစ်တာဆိုပြီး ဆရာမကြီးက ပြောပြပါတယ်။ နောက်ပိုင်းမှာ သူ့ဘာသာ ကိုယ်ရေစစ်သွားမယ်လို့ ပြောတယ်။ မှန်ပါတယ်။ နောက်ပိုင်း ပုံမှန်ပြန်ဖြစ်သွားတယ်၊ ဘေးထွက်ဆိုးကျိုးလည်း မရှိတော့သလောက် ပါပဲ။ ဆရာမကြီးတွေကလည်း သေချာ စိစစ်ပြီးမှ ဆေးသွင်းပေးပါတယ်။

ဆေးသွင်းတဲ့အချိန်မှာ ကျွန်တော်တို့က တခြား မိဘတွေလို ပြန်ချင်တဲ့ စိတ်နဲ့ ဆရာဝန် မညွှန်တဲ့ အရေးပေါ် Energy အားဆေးတွေ မတိုက်ပါဘူး။ သဘာဝကိုယ်ခံအားရှိမှ ဆေးသွင်းလို့ရတာဆိုတော့ တချို့ကလေးမိဘတွေက ကိုယ့်ကလေး ဆေးသွင်းပြီး အိမ်ပြန်ရမယ်ဆိုတော့ ကိုယ်ခံအားပြည့်အောင် ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် လျှောက်တိုက်တယ်။ အဲဒီလိုတိုက်တော့ သွေးစစ်လိုက်တဲ့အခါ ကိုယ်ခံအားက တကယ်ကောင်းနေတယ်။ ကောင်းတယ်ဆိုရော ဆရာမတွေက ဆေးသွင်းပေးလိုက်ရော၊ ဆေးသွင်းပြီးတဲ့အချိန် အိမ်ပြန်ရောက်တော့မှ ဆေးဒဏ်မခံနိုင်ဘဲ ဒုက္ခရောက်ကြတယ်။

ဆရာဝန်မကြီးတွေက နဂိုကတည်းက ရှင်းပြထားပြီးသား။ ဒီ energy အားဆေးတွေက သာမန်လူအတွက်ပဲ ကောင်းတာ၊ ရောဂါသည်တွေအတွက် မသုံးသင့်ဘူးလို့ ပြောထားပြီးသား။ ကျွန်တော်တို့ကတော့ ကလေးကို အဲဒီလို ဆေးတွေမတိုက်ခဲ့တဲ့အတွက် ဘာဘေးထွက်ဆိုးကျိုးမှ မခံစားလိုက်ရဘူး”ဟု ဦးမိုးအောင်က အခြားသွေးကင်ဆာလူနာရှင်တို့ လိုက်နာသင့်သည့် အချက်ကို ပြောပြခဲ့ပြီး ကိုယ်ခံအား မြင့်တက်လာစေရန် သဘာဝအစားအသောက်များ ကျွေးသင့်ကြောင်း သူ့အတွေ့အကြုံကို မျှဝေခဲ့သည်။

“အဓိကကတော့ ဘာမဆိုကျွေးလို့ရတာနဲ့ ကျွန်တော်တို့က အစုံကျွေးပါတယ်။ နောက်ပိုင်း ဆေးသွင်းကုထုံးပြီးသွားပြီး သောက်ဆေးပဲ သောက်နေရတဲ့အချိန်မှာ ကျွန်တော်တို့က ကလေးကို သဘာဝငှက်သိုက်အစစ်ကို ဝယ်တိုက်ပါတယ်။ မနှစ်က ၁၀ တန်းဖြေတဲ့ တစ်နှစ်လုံးလည်း တိုက်တယ်။ အခုချိန်ထိလည်း တိုက်ပါတယ်။ ငှက်သိုက် အစစ်ဝယ်ပြီး ကိုယ့်ဘာသာကိုယ်ပေါင်းတယ်၊ သန့်စင်တယ်၊ ပြီးမှ ပျားရည်နဲ့တိုက်တယ်။ အဲဒီတစ်ခုပဲ အဓိက တိုက်ပါတယ်။ အားဆေးတိုက်ရမလားလို့ ဆရာမကြီးကိုမေးတော့လည်း မလိုဘူး၊ အစားအသောက်ကိုပဲ မျှတပြည့်ဝအောင် ကျွေးပါလို့ ပြောတာ နဲ့ တခြားဘာ အားဆေးမှမတိုက်ဖြစ်ခဲ့ပါဘူး။

ဆယ်တန်းတုန်းကလည်း ပထမ သုံးလ(ဇွန်၊ ဇူလိုင်၊ သြဂုတ်)အထိကို ရိုးတွင်းခြင်ဆီဆေး သောက်နေရတုန်း။ သုံးနှစ်ကျော်ကျော်ကုခဲ့ရတယ်။ အခုဆို ရင်တော့ ရောဂါလုံးဝ ကင်းစင်သွားတာပေါ့။ ရိုးတွင်းခြင်ဆီလည်း နိုင်ငံခြားပို့ပြီး ပြန်စစ်တယ်။ လုံးဝ ရောဂါကင်းစင်ပါပြီဆိုပြီး အခုဆို ဘာဆေးမှ မသောက်ရတော့ပါဘူး။ ဒါပေမဲ့ ပုံမှန်ပြန်ပြ၊ သွေးစစ် ရတာမျိုးရှိတယ်”

ဆေးရုံတွင် မိခင်ဖြစ်သူက အနီးကပ်ပြုစု စောင့်ရှောက်ခဲ့ပြီး ဖခင်ဖြစ်သူကစီးပွားရှာလိုက်၊ ဆေးရုံသို့ မနက်လာ ညပြန်လိုက် လုပ်ဆောင်ခဲ့ရကြောင်း၊ ယခုကဲ့သို့ ကျန်းမာရေး ပြန်ကောင်းလာရုံသာမက တက္ကသိုလ်ဝင်စာမေးပွဲ၌ လေးဘာသာဂုဏ်ထူး (သင်္ချာ၊ ဓာတု၊ ရူပ၊ ဇီဝအမှတ်ပေါင်း ၄၉၀ ရရှိအောင်မြင်ခဲ့ သဖြင့် အတိုင်းမသိ ဝမ်းသာပျော်ရွှင်ရကြောင်း ဦးမိုးအောင်က ပြောသည်။
“အတိုင်းမသိ ဝမ်းသာရပါတယ်။ ရောဂါ ပျောက်ကင်းအောင်မြင်တယ်လို့ သိရလို့ ဝမ်းသာတဲ့ ကြားထဲက အခုလို ထူးထူးချွန်ချွန်အောင်မြင်တယ်ဆိုတာ သိတဲ့အတွက် ပိုဝမ်းသာပါတယ်။ သမီးကို လည်းကျေးဇူးတင်တယ်။ ပြီးတော့ ဘေးကပံ့ပိုးပေးတဲ့ သူ့ဆွေမျိုးတွေ၊ သူ့ကိုအနီးကပ် Guide လုပ်ပေးတဲ့ အစ်မကိုလည်းကျေးဇူးတင်ပါတယ်။ ဝမ်းသာတာကတော့ ပြောမပြတတ်အောင်ပါပဲ”
မဖြူစင်မိုးအောင်၏ ရှေ့ပညာရေးခရီးလမ်းနှင့် ပတ်သက်၍ ဖခင်ဖြစ်သူဦးမိုးအောင်က-

“သူကတော့ နိုင်ငံခြားဘာသာသင်တက္ကသိုလ် တက်ချင်တယ်၊ အင်္ဂလန်က လာဖွင့်တဲ့ တက္ကသိုလ် တစ်ခုလည်း တက်ချင်တယ်လို့ပြောတယ်။ ကျွန်တော်တို့ကတော့ အဲဒီလောက်အထိ မတတ်နိုင်ပါဘူး။ သူက သုံး-လေးနှစ်အတွင်း ဘွဲ့နှစ်ခုလောက် လိုချင်နေတာ။ ဦးတို့ကတော့ သူ့ကို ဆေးကုတုန်းကလည်း ကုန်ခဲ့တာဆိုတော့ အဲဒီလောက်အထိတော့ မတတ်နိုင်ပါဘူး။ အတိုင်းအတာတစ်ခုအထိပဲ လုပ် ပေးနိုင်မယ်”ဟု ပြောပြခဲ့ပြီး-

“ရောဂါပျောက်ကင်းမှုနဲ့ ပတ်သက်ပြီး ဦးဆုံး ကျေးဇူးတင်တာကတော့ ရောဂါကို စောစောစီးစီး သိအောင်လုပ်ပေးတဲ့ အစ်ကိုကို ကျေးဇူးတင်ပါ တယ်။ ဆေးရုံရောက်ပြီးသွားတဲ့အချိန်မှာ သွေးနှင့် ကင်ဆာဌာနက ဆရာဝန်တွေ၊ ဆရာမတွေအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ သူတို့တကယ် အလုပ်လုပ်ရတယ်၊ တကယ်ပင်ပန်းတယ်။ ထမင်း ကို မတ်တပ်ရပ်စားရတဲ့အထိ ပင်ပန်းတယ်။ သူတို့ကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်။ နောက်ဆုံးမှာ ကျွန်တော်ဆုံးဖြတ်ထားတာက ကျွန်တော် လှူနိုင်တန်းနိုင်တဲ့ အခြေအနေရောက်ရင် အဲဒီ ဆေးရုံမှာပဲ သွားလှူမယ်လို့ ဆုံးဖြတ်ထားပါတယ်” ဟုကျေးဇူးတင်စကား ဆိုခဲ့ သည်။

သွေးကင်ဆာကုသအောင်မြင်ပြီး တက္ကသိုလ် တက်ရန် လေ့လာမှုများပြုလုပ်နေသည့် မဖြူစင်မိုး အောင်ကလည်း –
“ဆေးရုံမှာ စောင့်ပေးတဲ့ မေကြီး၊ ဖေကြီး၊ ပြုစုကုသပေးတဲ့ ဆရာဝန်တွေ၊ ဆရာမတွေ၊ ပြီးတော့ ဆေးရုံကိုလာပြီး ပျော်ရွှင်အောင် လုပ်ပေးကြတဲ့အစ်ကို အစ်မတွေ၊ အန်တီတွေကို အထူးကျေးဇူးတင်ရှိ ပါတယ်။ ညီမဘွဲ့တွေဘာတွေရပြီး ငွေတွေရှာနိုင်တဲ့ အချိန်ကျရင် ဆေးရုံကိုပြန်ပြီး အလှူတွေလုပ်မယ် လို့ဆုံးဖြတ်ထားပါတယ်”ဟု ကျေးဇူးတင်စကား ဆိုရင်း သူ့ခံယူချက်ကို ပြောပြလိုက်ပါသည်။

_ _ _

(မှတ်ချက်။ ။ ဓာတ်ပုံများကို ဦးမိုးအောင်နှင့် သမီးလေး မဖြူစင်မိုးအောင်တို့၏ ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်း ဖြစ်ပါသည်။ အယ်ဒီတာ)

Most Popular

Healthy Life Ad
To Top