Healthy Life Ad
Health Tips

ခါးမတုတ်ဘဲ စွမ်းအင်တိုးစေမည့် အကောင်းဆုံး အစာများ

၊ ငွေကြယ်စင်ယံ ၊
သင်စားတဲ့ အစာအတိုင်း သင့်ခန္ဓာကိုယ် ဖြစ်တယ်ဆိုတဲ့စကားအတိုင်း သင့်ခန္ဓာကိုယ်ရဲ့ အသံကိုနားထောင်ကြည့်ပြီး ဘယ်အစားအသောက်တွေက သင့်အတွက်အကောင်းဆုံး ဖြစ်မယ်ဆိုတာကို ဆုံးဖြတ်နိုင်မှာပါ။

(၁) အခွံမာသီး
ဆားထည့်ပြီး ပြုပြင်မထားတဲ့ အခွံမာသီးတွေကို စားတာကြောင့် အာဟာရဓာတ်ရရှိပြီး စွမ်းအင်တိုးစေပါတယ်။ ဖြစ်နိုင်ရင် အခွံမာသီးကို ရေထဲမှာ တစ်ညစိမ်လိုက်ပါ။ အဲဒီအခါ အာဟာရတန်ဖိုး ပိုမြင့်တက်လာသလို သင့်ခန္ဓာကိုယ်က အမြန်အစာချေဖျက်လွယ်စေပါတယ်။

(၂) ဒိန်ချဉ်
နံနက်စာနဲ့ သရေစာစားတဲ့အခါ ဒိန်ချဉ်ထည့်စားတာကြောင့် ကယ်လ်စီယမ်ဓာတ်ရရှိစေသလို အကျိုးပြုဘက်တီးရီးယားများများ ရရှိစေပါတယ်။ အကျိုးပြု ဘက်တီးရီးယားဆိုတာ ဒိန်ချဉ်ထဲမှာ တွေ့ရပြီး အူလမ်းကြောင်းမှာကောင်းတဲ့ ဘက်တီးရီးယားတွေရှိစေကာ ကိုယ်ခံအားစနစ်ကို မြင့်တက်စေပါတယ်။ အကျိုးပြုဘက်တီးရီးယားဟာ အူတွေကိုကျန်းမာစေပြီး အစာကြေစေကာ စားသမျှ အာဟာရဓာတ်တွေကို ကောင်းကောင်း စုပ်ယူနိုင်တဲ့အတွက် နုံးချည့်ပင်ပန်းမှုကိုတွန်းလှန်ပေးနိုင်ပါတယ်။

(၃) ဆယ်လ်မွန်ငါး
အိုမီဂါ ၃ ဖက်တီးအက်စစ်ပါဝင်မှုများတဲ့ ဆယ်လ်မွန်ငါးဟာ သွေးတွင်းကိုလက်စထရောကို လျော့ကျစေပြီး နှလုံးရောဂါ ဖြစ်နှုန်းကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဆယ်လ်မွန်ငါးမှာ ပရိုတင်းဓာတ်၊ ဗီတာမင် B6 ၊ နိုင်ယာစင်နဲ့ ရိုင်ဘိုဖလေဗင်တို့ ပါဝင်ပြီး စွမ်းအင်တိုးစေပါတယ်။

(၄) မှို
မှိုတစ်ခွက်မှာ တစ်နေ့တာ စားသင့်တဲ့ သံဓာတ် ၅၀ ရာခိုင်နှုန်းပါဝင်ပြီး သွေးကြောထဲကို အောက်ဆီဂျင်ရောက်ရှိရေးအတွက် အားပေးပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ အဓိက အင်္ဂါအစိတ်အပိုင်းတွေကို အောက်ဆီဂျင် ကောင်းကောင်း မပံ့ပိုးနိုင်ရင် နုံးချည့်ပင်ပန်းနွမ်းနယ်စေပါတယ်။

(၅) ဟင်းနုနယ်ရွက်
ဟင်းနုနယ်ရွက်မှာ သံဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်ပါဝင်မှုများပါတယ်။ မဂ္ဂနီဆီယမ်ဟာ စွမ်းအင်ထုတ်လုပ်ရေးမှာ အရေးပါပြီး ပိုတက်စီယမ် နဲ့ပေါင်းရင် အစာကြေညက်စေပါတယ်။ ဒါ့အပြင် အာရုံကြောနဲ့ ကြက်သားလုပ်ငန်းဆောင်တာကိုလည်း ထိန်းညှိပေးပါတယ်။

(၆) ရွှေဖရုံစေ့နှင့် နေကြာစေ့
ရွှေဖရုံစေ့နဲ့ နေကြာစေ့ခွက်တစ်ခွက်ရဲ့ လေးပုံတစ်ပုံကို စားတာကြောင့် တစ်နေ့တာ လိုအပ်တဲ့ မဂ္ဂနီဆီယမ်တစ်ဝက်ခန့်ကိုရရှိစေပါတယ်။ မဂ္ဂနီဆီယမ်ဟာ အရိုး၊ ပရိုတင်းနဲ့ ဖက်တီးအက်စစ် ဖြစ်ပေါ်မှုမှာ ကူညီပြီး ကြွက်သားတောင့်တင်းမှုကို လျော့ကျစေပါတယ်။

(၇) ကန်စွန်းဥ
ကန်စွန်းဥမှာ ကာဗိုဟိုက်ဒရိတ်များများ ပါဝင်ပြီး သံဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် စီနဲ့ဗီတာမင်ဒီတို့ ပါဝင်တဲ့အတွက် စွမ်းအင်အဆင့် မြင့်တက်စေကာ နုံးချည့်ပင်ပန်းတဲ့ဝေဒနာမရအောင် ကာကွယ်ဟန့်တားပေးပါတယ်။

(၈) ရေ
ရေမရှိရင် အသက်မရှင်နိုင်ပါဘူး။ ဆဲလ်တွေဆီကို အာဟာရဓာတ်နဲ့ အောက်ဆီဂျင်တွေ သယ်ပို့နိုင်ဖို့ရေလိုအပ်ပါတယ်။ ရေသောက်နည်းရင် ပင်ပန်းနွမ်းနယ်တာနဲ့ ပျို့ချင်အန်ချင်ဖြစ်တာတို့ ဖြစ် တတ်ပါတယ်။ ယေဘုယျအားဖြင့် အရွယ်ရောက် အမျိုးသမီးတွေဟာ တစ်နေ့မှာ ရေရှစ်ဖန်ခွက်၊ အမျိုးသားတွေက တစ်နေ့မှာ ရေ ၁၀ဖန်ခွက်သောက်သင့်ပါတယ်။

(၉) ရာသီပေါ် ဟင်းသီးဟင်းရွက်များ
ရာသီပေါ် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် တွေကို စားတာကြောင့် ပင်ပန်းနွမ်းနယ်မှု ကင်းစေပြီး စွမ်းအင်အဆင့် မြင့်တက်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top