Healthy Life Ad
International

အစာခြေမြန်ခြင်းကြောင့် အစားဆက်တိုက်စားကာ အဝလွန်နေသူ ပေါင် ၉၀ ကျော် လျှော့ချနိုင်ခဲ့

၊ ကိုထက် ၊

သြစတေးလျနိုင်ငံရှိ အသက် ၂၉နှစ်ရှိပြီဖြစ်တဲ့ ခရစ်စတီဟာ ဘယ်လောက်စားစား ဗိုက်မပြည့်ဖူးလို့ပဲ ခံစားနေပါတယ်။ သူမဟာ အစာခြေဖျက်တာ မြန်တဲ့ရောဂါတစ်မျိုးရှိနေခဲ့တာဖြစ်ပါတယ်။ အစားအများအပြားစားခြင်းကြောင့် ပေါင်ချိန် ၂၇၀ ကျော်ထိ တက်လာခဲ့ပါတယ်။ ထို့နောက် သူမဟာ ကိုယ်အလေးချိန်ချဖို့ အခိုင်အမာဆုံးဖြတ်ချက်ချခဲ့ပြီး မိတ်ဆွေတွေမမှတ်မိလောက်အောင် ရက်တိုတိုအတွင်းမှာ ပေါင် ၉၀ ကျော်လျော့ချနိုင်ခဲ့ပါတယ်။

လက်ရှိအားကစားခန်းမမှာ နည်းပြအဖြစ်ပြန်လည်လုပ်ကိုင်နေတဲ့ ခရစ်စတီဟာ အဝလွန်နေသူတွေ စိတ်အားတက်စေဖို့ သူမအကြောင်းကို ဝေမျှပေးထားပါတယ်။ “အသားတွေနဲ့ မနက်စာတစ်ခါစားလိုက်ပြီး နောက်တစ်နာရီလောက်ကြာတာနဲ့ နောက်ထပ်ထပ်စားချင်လာပါတယ်၊ နောက်ထပ်နောက်ထပ်လဲ စားချင်နေပြီး စားတိုင်းလည်းဝင်ပါတယ်။ ဗိုက်ပြည့်တင်းတာတွေ မဖြစ်လာခဲ့ပါဘူး၊ စားချင်တဲ့စိတ်ကိုလည်း မထိန်းချုပ်ပဲနဲ့ အလိုလိုက်ခဲ့ပါတယ်…”လို့ ခရစ်စတီကပြောပြခဲ့ပါတယ်။

သူမဟာ ညစာအနေနဲ့ သာမန်လူနှစ်ယောက်စာကို စားလေ့ရှိတယ်လို့လည်း ပြောပြခဲ့ပါတယ်။ ရုံးပိတ်ရက်တွေဆို အားနေတဲ့အတွက် တစ်ချိန်လုံးအစားပဲ စားနေခဲ့တယ်လို့ဆိုပါတယ်။ ဘယ်လောက်စားထားစားထား နောက်တစ်နာရီလောက်ဆို ဗိုက်ကပြန်ချောင်သွားပြီး အစကပြန်စားပါတယ်”လို့သူကပြောပြခဲ့ပါတယ်။ အများအားဖြင့် စားသောက်ဆိုင်တွေကနေ မှာစားလေ့ရှိပြီး တစ်ခါတလေ သုံးလေးရက်စာမှာလိုက်ပြီး ရောက်လာပြီဆို တစ်ထိုင်တည်းနဲ့ကုန်အောင် စားလိုက်မိတာတွေလည်း ခဏခဏပါပဲလို့ ဆိုပါတယ်။

ဒီလိုစိတ်ကိုအလိုလိုက်ပြီး စားသောက်လာခဲ့ရာမှ သူမရဲ့ခါးတွေ၊ ပေါင်တွေမှာအပြင်ဘက်ကို အဆီပိုတွေထွက်လာတာကို သူမ စတင်သတိပြုမိချိန်မှာ သူမကိုယ်လေးချိန်ဟာ ပေါင် ၂၇၀ ကျော်နေပါပြီ။ ဗိုက်တွေလက်မောင်းတွေ ဝလာချိန်မှာ လှုပ်ရှားသွားလာရတာ သိသိသာသာခက်ခဲလာတယ်လို့ ခံစားလာခဲ့ပါတယ်။ အဆီပိုတွေများပြားလာတဲ့အတွက် အရေပြားတွေကလည်း အရမ်းကို တင်းကျပ်လာတယ်လို့ ခံစားခဲ့ရတယ်လို့ ပြောပြခဲ့ပါတယ်။ သူမကိုယ်အလေးချိန်လည်း များလာတဲ့အတွက် ဒူးဆစ်တွေလည်း မကောင်းတော့ဘဲ နာကျင်လာခဲ့ပါတယ်။

ဒီဝေဒနာတွေကို ပျောက်ကင်းစေဖို့အတွက် ကိုယ်အလေးချိန်လျှော့ချဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီး အစားအသောက်နဲ့ လေ့ကျင့်ခန်းပြုလုပ်တဲ့ နည်းဖြင့်သာ ပေါင် ၉၀ ကျော်ကျအောင် ချနိုင်ခဲ့ပါတယ်။ သူမဟာ ကျန်းမာတဲ့အစားအသောက် စားနည်းကို လေ့လာခဲ့ပြီး သာမန်လူတစ်ယောက် လိုအပ်တဲ့ပမာဏကို တွက်ချက်စားသောက်ခဲ့ပါတယ်။

အားကစားခန်းမကိုသွားပြီး လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခဲ့ပါတယ်။ “အရင်ကဆိုရင် စားစရာတစ်ခုခုမှာလိုက်ပြီး လာပို့တဲ့အချိန် စောင့်ရတာကို ပျော်နေတတ်ပါတယ်၊ အားလပ်ရက်တွေဆိုလည်း အိမ်ထဲကနေအပြင်ကို မထွက်ဘူး။ စားဖို့လောက်ပဲ စဉ်းစားနေမိတာပါ၊ အခုတော့ အားကစားလုပ်ရင်း အပေါင်းအသင်းတွေ လည်းထပ်ရလာတယ် စိတ်လည်းအရမ်းပျော်ရွှင်ပေါ့ ပါးလာပါတယ်၊ မနက်တိုင်းလည်း ခွေးလေးနဲ့အတူ လမ်းလျှောက်ထွက်ပါတယ်”လို့ သူမက ပြောပြပါတယ်။

“အလွန်ဝနေတဲ့သူတွေ အများကြီးရှိပါတယ်၊ ကိုယ်ကြိုက်တဲ့လမ်း ကိုယ်လျှောက်လို့ရပါတယ်… နေနေကြတိုင်းဆက်နေပြီး ပိုဝလာတဲ့ဘဝကို ဆက်သွားချင်လည်း သွားလို့ရပါတယ်။ ဒါမှမဟုတ် ကျန်းမာတဲ့အနေအထားရောက်အောင် ပြန်သွားမလားဆိုတာပါပဲ”လို့ သူမက ပြောပြခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top