Healthy Life Ad
International

လွဲမှားမျိုးဗီဇရှိသူ အရက်အလွန်အမင်းသောက်ပါက နှလုံးကြီးခြင်းအန္တရာယ်ပိုမြင့်မား

၊ ကိုထက် ၊

လွဲမှားမျိုးဗီဇရှိသူတွေ အရက်အလွန်အမင်းသောက်ရင် နှလုံးကြီးတဲ့ အန္တရာယ်ပိုမြင့်မားမှုရှိတယ်လို့ လေ့လာမှုအရ သိရပါတယ်။ အရက်သောက်ပြီး နှလုံးကြွက်သားရောဂါရှိသူ ၁၄၁ ဦးရဲ့ နှလုံးတွေက ကြီးမားနေတာကို တွေ့ရှိရပြီး သူတို့ရဲ့ ၁၃ ဒသမ၅ ရာခိုင်နှုန်းက လွဲမှားတဲ့ မျိုးဗီဇသယ်ဆောင်မှုရှိတာကို တွေ့ရပါတယ်။ ကျန်းမာတဲ့လူ ၁၀ဝမှာ တစ်ဦးသာလျှင် ဒီလိုလွဲမှားတဲ့ မျိုးဗီဇပါတာကို တွေ့ရှိရတာပါ။ “တီတင်လို့ခေါ်တဲ့ လွဲမှားမျိုးဗီဇရှိသူတွေ အရက်သောက်တာကြောင့် နှလုံးထိခိုက်မှုကို ပိုဖြစ်စေနိုင်ပါတယ်” လို့ လန်ဒန်ကောလိပ်မှ လေ့လာသူ ဒေါက်တာဂျိမ်းက ဆိုပါတယ်။

ဒီလို လွဲမှားတဲ့မျိုးဗီဇ တီတင်သယ်ဆောင်သူတွေက အရက်ကို အလွန်အမင်းမသောက်ခဲ့ရင်တောင် နှလုံးကြွက်သားကြီးနိုင်ခြေ မြင့်မားမှုရှိတတ်ပါတယ်။ နှလုံးကြွက်သားကြီးတာက အများအားဖြင့် မျိုးရိုးလိုက်ပြီး အမျိုးအစားအားဖြင့် သုံးမျိုးရှိပါတယ်။ အဲဒါတွေက နှလုံးနံရံထူထဲတာ၊ နှလုံးကြွက်သား ပါးလျလာတာ၊ နှလုံးကြွက်သားဆဲလ်တွေ အလုပ်မလုပ်နိုင်တာတို့ဖြစ်ပါတယ်။ ဒီအမျိုးအစားသုံးမျိုး စလုံးဟာ နှလုံးကနေတစ်ကိုယ်လုံးဆီကို သွေးညှစ်ထုတ်နိုင်စွမ်း ထိခိုက်မှုရှိနေပါတယ်။ ကုသမှု မခံယူဘူးဆိုရင် ဘဝနေထိုင်မှုဆိုင်ရာ အရည်အသွေးထိခိုက်စေနိုင်ပါတယ်။

“အရင်ကတော့ အရက်ကို အသင့်အတင့်သောက်ရင် နှလုံးကျန်းမာရေးကို အကျိုးရှိပြီး အရက်အလွန်အကျွံသောက်မှသာ နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ တွေ့ရှိခဲ့ရတာပါ။ ဒီလေ့လာမှုအရ တီတင်ဆိုတဲ့ မျိုးဗီဇလွဲမှားမှုရှိပြီး နှလုံးကျန်းမာရေးမကောင်းသူတွေမှာ အရက်သောက်တာကြောင့် နှလုံးကျန်းမာရေးကို ပိုဆိုးစေတယ်လို့ တွေ့ရပါတယ်” လို့ လေ့လာသူတွေက ဆိုထားပါတယ်။ ဒီလေ့လာမှုကို အမေရိကန် နှလုံးကျန်းမာရေး ကောလိပ်ဂျာနယ်မှာ ဖော်ပြထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top