Healthy Life Ad
Life Style

ကိုယ်အလေးချိန်ပေါင် ၅၀ကျော် လျှော့ချနိုင်ခဲ့ပြီး ဘဝတူ မိတ်ဆွေများကိုပါ ဝိတ်ကျစေရန် ကူညီအားပေးနေသည့် မသပြေ

– ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

Sky Pay ကုမ္ပဏီ၏ဒါရိုက်တာဖြစ်သူ မသပြေသည် အလုပ်လုပ်လိုက်၊ ခရီးသွားလိုက်၊ မိသားစုတာဝန်ဝတ္တရားများထမ်းဆောင်လိုက်နှင့် ကိုယ့်ခန္ဓာကိုယ်ကို ဂရုစိုက်ရန် မေ့လျော့နေခဲ့ရာ ၂၀၁၇ ခုနှစ် ဇွန်လတွင် ပေါင်ချိန်ကြည့်လိုက်သည့်အခါ ကိုယ်အလေးချိန် ၁၉၅ ပေါင်ရှိနေမှန်း အထိတ်တလန့် သိလိုက်ရသည်။

“၁၉၅ ပေါင်ရှိတဲ့အချိန်မှာ ရောဂါက ဝင်လာပြီ။ ဆီးချိုဖြစ်လာတယ်၊ နှလုံးထိခိုက်လာတယ်။ အထူးကု ဆရာဝန်တွေနဲ့ ပြရတယ်။ ဒါနဲ့မဖြစ်တော့ဘူး၊ ဝိတ်လျှော့ရတော့မယ်ဆိုပြီး ၂၀၁၇ ဇူလိုင်လမှာ စတင်ဝိတ်လျှော့ပါတယ်။ အစ်မအလုပ်က စိတ်ဖိစီးမှုများတော့ တစ်လတစ်လ အရမ်းကြီးဝိတ်ကျတာမျိုး မဟုတ်ဘူး။ ပထမဆုံးလမှာ နှစ်ပေါင်လောက်ပဲကျတယ်။ နောက်လတွေမှာတော့ ၇ ပေါင်၊ ၆ ပေါင် စသဖြင့် ကျပါတယ်။ အစ်မက အလုပ်များတဲ့အပြင် ခရီးသွားရတာများတော့ ဝိတ်လျှော့ဖို့ဆိုပြီး သီးသန့်အာရုံမစိုက်နိုင်ခဲ့ဘူး။ တစ်လမှာ ၁၀ ရက်လောက်ပဲ Gym ဆော့နိုင်တယ်။ အဓိက အစ်မဝိတ်လျှော့တဲ့နေရာမှာ အစားအသောက်စားသောက်ပုံကို ပြောင်းလိုက်ပါတယ်။ ဝလာတာက အကျင့်ဟောင်းလွှမ်းမိုးမှုကြောင့် ဖြစ်ရတဲ့အတွက် အဲဒါတွေအကုန်လုံးကို ဖယ်ချရတယ်။ ကိုယ့်စိတ်ကို တိုက်ရတယ်။

ပိန်နည်းဆိုတာပြောလိုက်ရင် လွယ်လွယ်လေး၊ လူတိုင်းလုပ်မလုပ်နိုင်ဘူး။ ဝတဲ့သူတွေရဲ့ အားနည်းချက်က သူတို့ဘာစားလဲမေးလိုက်ရင် ဘာမှမစားဘူးလို့ဖြေတတ်တာပဲ။ ဝတဲ့သူတွေက အဓိက ပေါင်ချိန်ရမယ်။ တစ်ပတ်တစ်ခါ ပေါင်ချိန်သင့်တယ်။ အစ်မဝလာတဲ့ အကြောင်းတစ်ခုက ပေါင်မချိန်ခဲ့ဘူး။ ကိုယ်ဝလာတယ်ဆိုတာ သိမှာစိုးလို့ မသိမသာရှောင်တာပါ။ တကယ်တော့ နေ့စဉ်စားလိုက်တဲ့ အစားအသောက်တွေက တစ်ပတ်ကြာရင် သိသိသာသာ တက်သွားတယ်။ ပေါင်ချိန်လိုက်မှ ကိုယ့်ကိုယ်ကိုယ် သတိထားမိသွားတယ်”ဟု မသပြေက ဝိတ်လျှော့ဖြစ်ခဲ့ပုံနှင့်ပတ်သက်၍ သူ့အကြောင်းကို ပြောပြခဲ့သည်။

ငယ်စဉ်ကတည်းက ကိုယ်အလေးချိန်များခဲ့သည့် မသပြေအတွက် ယခုအကြိမ်က ပထမဆုံးအကြိမ် ဝိတ်လျှော့ခြင်းမဟုတ်။ အသက် ၁၇-၁၈ အရွယ်တွင် တစ်ကြိမ်၊ တက္ကသိုလ်ကျောင်းသူဘဝတွင် တစ်ကြိမ် ဝိတ်လျှော့ခဲ့ပြီး နောက်ပိုင်း အိမ်ထောင်ကျ ကလေးမွေးပြီးချိန်တွင် ပြန်ဝလာခြင်းဖြစ်သည်။

“ကိုယ်ငယ်ငယ်က အလုပ်အတူလုပ်ခဲ့တဲ့ သူငယ်ချင်းတွေ၊ ညီမလေးတွေကလည်း အခုလို အသက် ၃၅ နှစ် ကျော်လာချိန်မှာ ပေါင် ၁၈၀ လောက် ဖြစ်လာတာကို တွေ့လိုက်ရတယ်။ အစ်မ ဝိတ်လျှော့နေတဲ့တစ်ချိန်တည်းမှာပဲ နီးစပ်ရာ ဝနေတဲ့ မိတ်ဆွေတွေအကုန်စုလိုက်ပြီးတော့ သူတို့ကိုပါ ဝိတ်လျှော့ပေးလိုက်တယ်။ သူတို့ကို PPG Balanced Diet Tips ထိန်းညှိစားသောက် ပျော်ရွှင်လှပနေ့စဉ် ဘဝဆိုတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာလေးဖွင့်ပြီး အစ်မသိတာတွေ၊ အစ်မလုပ်တာတွေကို မျှဝေဖြစ်ပါတယ်။ ပြီးတော့ PPG ဆိုတဲ့ Close Group လေးမှာ သူတို့နဲ့ နေ့တိုင်းဆွေးနွေးဖြစ်တယ်။ သူတို့ကို အားပေးရင်းနဲ့ကိုယ်က ပိုပြီး motivate ဖြစ်လာပြီး ပိုလျှော့နိုင်လာတယ်”ဟု မသပြေက သူဝိတ်လျှော့နေစဉ် အခြားကိုယ်အလေးချိန်များနေသူ မိတ်ဆွေတို့ကို ကူညီဖြစ်ပုံအားပြောပြခဲ့သည်။

“အစ်မက မနက်စာဆိုရင် ပေါင်မုန့် နှစ်ချပ် (သကြားမပါဘူး)၊ ကြက်ဥပြုတ်တစ်လုံး ဟင်းခတ်အရသာတွေ မပါဘဲစားတယ်။ သစ်သီးစားတယ်။ နေ့လယ်ကျတော့ ထမင်းပန်းကန်လုံးတစ်လုံး၊ အရွက်ကြော်/အရွက်ပြုတ်၊ အသားပြုတ်နှစ်တုံး-သုံးတုံး စားပါတယ်။ အသားကို ဟင်းချက်ထားရင်လည်း ဟင်းအနှစ်ကိုမစားဘူး။ ညနေကျတော့လည်း ကာဗိုဟိုက်ဒရိတ်မစားဘဲ အရွက်ကြော်နဲ့ အသားစားပါတယ်။ အချို၊ အဆီအအိမ့်တွေ ရှောင်လိုက်တယ်။ အစ်မ ကိုယ်အလေးချိန်လျှော့နေချိန်မှာ ထိန်းချုပ်တယ်၊ ရှောင်ရှားတယ်၊ ရောင့်ရဲရတယ် . .ဒီလိုနေလိုက်တဲ့အခါ တစ်ပတ်အတွင်း ဒီလိုပုံစံအတိုင်း စားနိုင်သွားတယ်။

အစာစားတယ်ဆိုတာ အကျင့်ပဲလေ၊ ဝတဲ့သူ အတော်များများက ပါးစပ်ကို အလိုလိုက်တာ အကျင့်ပါနေတာ။ တစ်ပတ်-၉ရက်လောက် အကျင့်လုပ်လိုက်ရင် စားတတ်သွားတယ်။ အရင်တုန်းက ဝိတ်လျှော့တုန်းက Gym မှာ လေ့ကျင့်ခန်း ၂ နာရီလောက် အပြင်းအထန်လုပ်ပြီးရင် ငါတော်တော်ပင်ပန်းသွားပြီလို့တွေးတယ်။ အဲဒီကျတော့ စားမိရော။ အခုတစ်ခေါက်မှာတော့ အစားအသောက်ကို စနစ်တကျ ရွေးချယ်စားတတ်သွားတယ်။ ဝိတ်လျှော့ရင်းနဲ့ ငါပိန်မှ ပိန်ပါ့မလားလို့ တွေးမိတာမျိုးဖြစ်ပေမယ့် တကယ်ကျပါတယ်။ အစားအသောက်လျှော့ပြီး လမ်းလျှောက်လိုက်တော့ အစ်မဆိုရင် ၁၉၅ ပေါင်ကနေ ၁၄၀ ပေါင်ပဲရှိတော့တယ်” ဟု မသပြေက ကိုယ်အလေးချိန် ၅၀ လျော့ကျသွားခဲ့ပုံကို ပြောပြခဲ့သည်။

အသက် ၄၀ အရွယ် မသပြေသည် သူ၏အရပ်နှင့် လိုက်ဖက်သည့် ကိုယ်အလေးချိန်ကို ထိန်းထားရင်း အခြားအဝလွန်နေသူ မိတ်ဆွေ ၉၀ ဦးကျော်ကိုပါ ကိုယ်အလေးချိန် လျော့ကျစေရန် ကူညီနိုင်ခဲ့ပြီဖြစ်သည်။ “အစ်မ ကိုယ်အလေးချိန် ပေါင် ၅၀ လျော့ကျသွားတဲ့အတွက် ဘာကောင်းကျိုးရသလဲဆိုတော့ ဆီးချိုကလည်း ကောင်းကောင်း ထိန်းချုပ်နိုင်သွားတယ်။ ဆေးတောင် သောက်စရာမလိုသလောက်ပဲ။ နှလုံးကျန်းမာရေးလည်း ကောင်းသွားတယ်။ အဝတ်အစားဝတ်ရတာလည်း အဆင်ပြေတယ်။ သွားရလာရ လုပ်ရကိုင်ရတာတွေမှာလည်း သွက်သွက်လက်လက်ရှိလာတယ်”ဟု ကိုယ်အလေးချိန် လျော့ကျခြင်းကြောင့် ရရှိသည့် ကျန်းမာရေးကောင်းကျိုးများကို မသပြေက ပြောပြထားသည်။

“ဝတဲ့သူတွေက ဝိတ်လျှော့ဖို့ ကမ်းမမြင် လမ်းမမြင်ဖြစ်နေတာ။ အစ်မအနေနဲ့ကတော့ ကိုယ့်ဦးနှောက်ကို လေ့ကျင့်ပေးပြီး ဘာကိုစားသင့်တယ်၊ ဘာကိုမစားသင့်ဘူးဆိုတာသိဖို့ လိုအပ်တယ်လို့ ထင်တယ်။ အသက် ၃၅ နှစ်ကျော်ရင် ဝလာတာများတယ်။ ဒီအချိန်မှာ ပိန်ချင်လို့ အစားအသောက် တအားလျှော့လိုက်ရင်လည်း ကိုယ်ခံအားတွေကျပြီး ဟိုရောဂါဝင်၊ ဒီရောဂါဝင်နဲ့ ဖြစ်တတ်တယ်။ ဒါကြောင့် ချက်ချင်းကြီးဝိတ်လျှော့တာမျိုး၊ ဟိုပိန်ဆေး ဒီပိန်ဆေးသောက်တာမျိုး အားမပေးချင်ပါဘူး။ ကိုယ်ဝိတ်လျှော့နေချိန်မှာ ကိုယ်နဲ့ဘဝတူ ဝနေတဲ့သူတွေကိုပါ ဆွဲခေါ်ပြီး အတူဝိတ်လျှော့တာက သူများကို ကူညီရာရောက်သလို ကိုယ့်စိတ်ကလည်း ပိုသန်စွမ်းလာတယ်။ အဲဒီတော့ ဝိတ်လျှော့ဖို့ ပိုပြီးအားရှိလာပါတယ်။ အစ်မအနေနဲ့ ပေါင် ၅၀ ကျသွားချိန်မှာ တအားထပ်လျှော့လို့ မဖြစ်တော့ဘူး။ ဒီအတိုင်းကိုပဲ ဆက်ထိန်းမယ်။ ပေါင်ချိန်မကျလည်း ကိုယ်နေဟန်ကောက်ကြောင်း ပေါ်လာအောင်ပဲ ပိုကြိုးစားသွားမှာပါ”ဟု မသပြေက ကိုယ်အလေး ချိန်လျှော့ချရာတွင် နည်းလမ်းမှန်မှန် လျှော့နိုင်ရေး အရေးပါပုံကို ပြောပြခဲ့သည်။

ဝနေတယ်ဆိုရင် နံပါတ်တစ် လုပ်သင့်တာက ပေါင်ချိန်ကြည့်လိုက်ပါ၊ ပေါင်ချိန်လိုက်ရင် ကိုယ့်ကိုယ်ကိုယ် ဝိတ်လျှော့ရမယ်ဆိုတဲ့ အသိလေးတော့ရှိသွားလိမ့်မယ်။ အနည်းဆုံး တစ်ပတ်တစ်ခါတော့ ပေါင်ချိန်ကြည့်သင့်ပါတယ်။

ကိုယ်အလေးချိန်များနေသူများ၊ အဝလွန်နေသူများအား မသပြေက ဝိတ်လျှော့နည်းလမ်းများကို ယခုလို မျှဝေထားပါသည်။

“ဝနေတယ်ဆိုရင် နံပါတ်တစ်လုပ်သင့်တာက ပေါင်ချိန်ကြည့်လိုက်ပါ၊ ပေါင်ချိန်လိုက်ရင် ကိုယ့်ကိုယ်ကိုယ် ဝိတ်လျှော့ရမယ်ဆိုတဲ့ အသိလေးတော့ရှိသွားလိမ့်မယ်။ အနည်းဆုံး တစ်ပတ်တစ်ခါတော့ ပေါင်ချိန်ကြည့်သင့်ပါတယ်။ ဒုတိယတစ်ချက်ကတော့ ကိုယ်စားနေတဲ့ အစားအသောက်ကို လျှော့လိုက်ပါ။ ကိုယ်ကြိုက်တဲ့ အစားအသောက်ကို လုံးဝမဖြတ်နိုင်ရင် ပမာဏကို လျှော့ရပါမယ်။ သကြား၊ အဆီအအိမ့်ကိုတော့ ဖြတ်သင့်ပါတယ်။

တတိယအချက်ကတော့ လမ်းလျှောက်ပါ။ Gym သွားပြီး နည်းပြနဲ့ သေချာလေ့ကျင့်တာက ကောင်းပါတယ်။ ဒါပေမဲ့ လူတိုင်း အဲဒီလို မလုပ်နိုင်ဘူး။ လမ်းလျှောက်တာက ဘယ်နေရာ၊ ဘယ်အချိန်မဆိုလုပ်နိုင်ပြီး ဝိတ်ချရာမှာ တကယ်သိသာပါတယ်။ စတုတ္ထအချက်အနေနဲ့ ကိုယ်ဝိတ်လျှော့နေတယ်ဆိုတာကို ကိုယ့်မိသားစု၊ ကိုယ့်သူငယ်ချင်းတွေကို ပြောပြပေးပါ။ အထူးသဖြင့် အိမ်မှာ ဟင်းလျာချက်ပြုတ်ပေးနေသူတွေသိရင် ကိုယ်နဲ့ သင့်တော်မယ့် အစားအသောက်တွေကို ချက်ပြုတ်ပေးနိုင်မှာပါ။ နောက်ဆုံးအချက်အနေနဲ့ကတော့ ပိန်ချင်စိတ်ရှိဖို့ပါပဲ။ ပိန်ချင်စိတ်ရှိတယ်ဆိုရင် အားမလျှော့ဘဲ ကြိုးစားနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ရဲ့စားသောက်နေထိုင်မှုပုံစံကို ကျန်းမာရေးနဲ့ညီအောင် ပြောင်းလဲလိုက်ပြီဆိုရင် လူက ပိုပြီး ပျော်လာတယ်၊ သွက်လက်တက်ကြွလာတယ်။ အဲဒီမှာ ဒီအကျင့်ကစွဲမြဲသွားပါတယ်”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top