Healthy Life Ad
Q & A

Chlamydia ကဲလ်မီဒီးယား အဖြစ်များဆုံး STD

ဒေါက်တာတင့်ဆွေ

(ကန်တော့ပါ)
၁။ Chlamydia ဆိုတာလေး သိချင်လို့ပါခင်ဗျာ။ ကုသလို့ရလား။ ကိုယ်ဝန်ဆောင်အမျိုးသမီးမှာရှိရင် ကလေးယူသင့်/မယူသင့်၊ ရောဂါက လူကို ဘယ်လောက်အထိ ဒုက္ခပေးနိုင်ပါသလဲ။

၂။ ဆရာရှင့် ကျွန်မအသက် ၃၆ ပါ။ သားဦးကိုယ်ဝန် ၅ လထဲမှာပါဆရာ။ ဆေးရုံသွေးစစ်တော့ Chlamydia Antigen ဆိုတာ တွေ့တယ်လို့ ပြောပါတယ်။ အဲပိုးက HIV ရောဂါလား၊ ပိုးလား။ ဆရာပေးတဲ့ဆေး ၅ ရက်စာတော့ သောက်ပြီးပါပြီ။ ကလေးကိုကူးရင် ဘယ်လိုအကျိုးဆက်တွေဖြစ်နိုင်လဲ။ ဘာသာစကားကလည်း အခက်အခဲရှိလို့ ဘာမှနားမလည်လို့ပါ။ ကူညီပါဆရာ။

လိင်ကတဆင့် ကူးစက်ရောဂါ တဒါဇင်လောက်ထဲမှာ အဖြစ်များဆုံးက ကဲလ်မီဒီးယားရောဂါဖြစ်တယ်။ Chlamydia trachomatis ဗက်တီးရီးယားကနေ ကူးစက်တယ်။ ရောဂါပိုးရှိနေသူတွေမှာ ခံစားရတာ နည်းနည်းကနေ ဆိုးဆိုးဝါးဝါးအထိ ဖြစ်နိုင်တယ်။ အမျိုးသမီး ၈၀%၊ အမျိုးသား ၅၀% တွေမှာ ရောဂါလက္ခဏာ မရှိကြဘူး။ ပိုးတွေတော့ ရှိနေမယ်။ ကံဆိုးသူတွေမှာ ပြန်ပြင်လို့မရတော့တာ ဥပမာ ကလေးမရနိုင်တာအထိ ဖြစ်သွားနိုင်တယ်။ ယောကျာ်းတွေလဲဖြစ်တယ်။ ဂေးတွေလဲ မလွတ်ပါ။

၂၀၁၀ တုံးက အမေရိကားမှာ လူပေါင်း ၁ သန်း ၃ သိန်းကျော်ဖြစ်ခဲ့တယ်။ စာရင်းမဝင်တာလဲ အများကြီးရှိနိုင်လို့ ခန့်မှန်းတာတော့ ၂.၈သန်း။ လိင်ဆက်ဆံဘက်များလေလေ ကူးစက်မှုအခွင့်များလေလေ။ မိန်းကလေးများ အသက်ငယ်ရင် ပိုဖြစ်တယ်။ သားအိမ်အဝက ကောင်းကောင်းမရင့်ကျက်သေးလို့ပါ။ လိင်ဆက်ဆံရာမှာ ဗဂျိုင်းနား၊ ပါးစပ်၊ စအိုနည်းလမ်းအားလုံးကနေကူးစက်နိုင်တယ်။ မိခင်မွေးလမ်းမှာ ပိုးရှိနေရင် မွေးလာမဲ့ကလေးကိုလဲ ကူးစေနိုင်တယ်။ Neonatal conjunctivitis မျက်စိကျိန်းတာနဲ့ Pneumonitis အဆုတ်ရောင်တာ ၃၀-၄၀% မှာ လာဖြစ်နိုင်တယ်။

ပိုးရှိနေပြီး မသိဘဲနေတာက ၁-၃ ပတ်အထိ ကြာနိုင်လို့ ဘာမှမဖြစ်သေးသူကနေလဲ ကူးစက်နိုင်တယ်။ အမျိုးသမီးတွေမှာ အရင်ဆုံး သားအိမ်ဝနဲ့ ဆီးထွက်ပြွန်မှာ ဖြစ်တယ်။ ဗဂျိုင်းနားကနေ တမျိုးမျိုးဆင်းမယ်။ ပူစပ်နေမယ်။ ဆီးအောင့်မယ်။ စဖြစ်ရာကနေ သားအိမ်ပြွန်ကိုဆက်ကူးပေမဲ့ ဘာမှမခံစားရသေးသူတွေလည်း ရှိတတ်တယ် . . .

ပိုးရှိနေပြီး မသိဘဲနေတာက ၁-၃ ပတ်အထိ ကြာနိုင်လို့ ဘာမှမဖြစ်သေးသူကနေလဲ ကူးစက်နိုင်တယ်။ အမျိုးသမီးတွေမှာ အရင်ဆုံး သားအိမ်ဝနဲ့ ဆီးထွက်ပြွန်မှာဖြစ်တယ်။ ဗဂျိုင်းနားကနေ တမျိုးမျိုးဆင်းမယ်။ ပူစပ်နေမယ်။ ဆီးအောင့်မယ်။ စဖြစ်ရာကနေ သားအိမ်ပြွန်ကို ဆက်ကူးပေမဲ့ ဘာမှမခံစားရသေးသူတွေလည်း ရှိတတ်တယ်။ တချို့ကတော့ ဆီးစပ်နေရာနာမယ်။ ခါးအောက်ပိုင်းနာမယ်။ ပျို့ချင်မယ်။ ကိုယ်ပူမယ်။ လိင်ဆက်ဆံရင် နာစရာမဟုတ်ဘဲ နာမယ်။ ကြားရက်မှာ သွေးဆင်းမယ်။

ယောကျာ်းတွေမှာ ဆီးထွက်ပြွန်၊ မိန်းမတွေမှာ သားအိမ်ဝ၊ ဆီးထွက်ပေါက်တွေမှာဖြစ်တယ်။ ဒီလမ်းကြောင်းရဲ့ အထက်ပိုင်းမှာ ဖြစ်နေတာတွေနဲ့လဲ တွဲနေနိုင်တယ်။ ယောကျာ်းမှာဖြစ်ရင် လိင်တံအဖျားကနေ အရည်ဆင်းမယ်။ ဆီးပူ-ဆီးအောင့်မယ်။ ပန်းအဖျား ပူစပ်ပူလောင်နေမယ်။ ယောကျာ်းတွေမှာ ဆက်တွဲဖြစ်နိုင်တာရှားတယ်။ အကြောရောင်တာ ဖြစ်ရင်နာမယ်၊ ဖျားမယ်၊ ကလေးမရတာအထိတော့ အတော်ရှားတယ်။ စအိုလမ်းသုံးရကနေ ကူးစက်တာဆိုရင် စအိုနဲ့အစာဟောင်းအိမ်နေရာတွေ နာမယ်၊ တစ်ခုခုဆင်းမယ်။ သွေးလဲဆင်းချင်ဆင်းမယ်။ ပါးစပ်သုံးရာကနေ ကူးရင် အာခေါင်မှာ လာဖြစ်မယ်။ ကျား-ဆီး ကျိတ်ကိုလဲ ရောင်စေနိုင်တယ်။

ဆေးမကုဘဲနေတဲ့ အမျိုးသမီးမှာ သားအိမ်၊ သားအိမ်ပြွန်ကို ဆက်ကူးမယ်။ တင်ပါးဆုံတွင်းအင်္ဂါတွေ ရောင်လာမယ်။ PID ခေါ်တယ်။ ၁၀-၁၅-၂၀-၄၀% အထိဖြစ်တယ်။ ဖြစ်ရင် ဗိုက်နာမယ်။ နာတာရှည်၊ ပြန်ပြင်မရာအထိ ဖြစ်မယ်။ ကလေးမရတာ ၁၁% မှာ ဖြစ်လာနိုင်တယ်။ သားအိမ်ပြင်ပ သန္ဓေတည်တာလဲဖြစ်နိုင်တယ်။ အချိန်စောမွေးတာလဲ ဖြစ်နိုင်တယ်။ အရေပြား၊ အဆစ်၊ မျက်စိတွေကိုဖြစ်တာနည်းတယ်။ HIV ပိုးနဲ့ ထိစပ်မှုရှိရင် ကူးလာနိုင်ခြေပိုများတယ်။ တခြား STD ရောဂါတွေနဲ့လဲ တွဲဖြစ်နေနိုင်တယ်။ ဆေးမကုဘဲနေရင် မြုံနေမယ်။ ပြန်ဖြစ်မယ်။

ကူးစက်မှုနည်းအောင်၊ စောစောသိအောင်၊ ဆေးကုသမှုခံနိုင်အောင်၊ ဆက်ဖြစ်မှာတွေမဖြစ်စေအောင် . . .

– အပျိုပေါက်ကနေ အသက် ၂၅ နှစ်အောက် မိန်းကလေးတိုင်းကို တနှစ်တခါ ဆေးစစ်သင့်တယ်။ အသက်ကြီးသူတွေလဲ လုပ်သင့်တယ်။ ကိုယ်ဝန်ဆောင်တွေလည်း လုပ်သင့်တယ်။ ဗဂျိုင်းနား၊ သားအိမ်ဝကနေ ဂွမ်းစလေးနဲ့ ယူစစ်နည်းနဲ့ ဆီးစစ်နည်းလုပ်တယ်။

– အဖော်အကြောင်းမသိရင် ယောကျာ်းက ပြောပြော၊ မိန်းမကပြောပြော သန့်ပါတယ် ပြောတိုင်းမယုံပါနဲ့။ ကွန်ဒွမ်သုံးပါ။

– အဖော်အရေအတွက် နည်းနိုင်သမျှ နည်းပါ။

– ဗဂျိုင်းနားကို ဆေးကြောနည်းရှောင်ကြဉ်ပါ။ စာတစ်ပုဒ်ရေးထားတယ်။

ကဲလ်မီဒီးယားကို ကုသရတာ မခက်ပါ။

– Azithromycin 1 gm တခါတည်းသောက်ပါ။ ဒါမှမဟုတ်

– Azithromycin 500mg ပဌမနေ့၊ 250mg တစ်နေ့တစ်ကြိမ်နဲ့ နောက်ထပ် ၃ရက်၊ ဒါမှမဟုတ်

– Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၇-၁၄ ရက်သောက်ပါ။

– HIV-positive ဖြစ်နေသူတွေလဲ အတူတူပေးနိုင်တယ်။

– Tetracycline 250-500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်၊ Rosaramicin ဆေးတွေကို ၉၅% ပျောက်မယ်။

– Erythromycin 250-500-800 mg တစ်နေ့ ၄ ကြိမ်၊ ၇ ရက်။ ဆေးပေးတာ ၇၇-၁၀ဝ% ပျောက်တယ်။

– Ofloxacin, Trovafloxacin, Minocycline, Lymecycline, Clarithromycin, Ampi­cillin, Rifampicin ဆေးတွေ ပေးတာကို တိကျတဲ့ အထောက်အထားမရှိသေးဘူး။

– Ciprofloxacin ပေးတာ ၆၃-၉၂% ပျောက်တယ်လို့ သုတေသနတခုက တွေ့ပြီးနောက် တစ်ခုကမတွေ့ရဘူး။

– ကိုယ်ဝန်ဆောင်ကို Azithromycin တခါထဲ ပေးတာက (၇) ရက်ပေးတာထက်ပိုကောင်းတယ်။

– ဆေးသောက်နေတုံးမှာ အတူနေတာကို တစ်ပတ်ရှောင်နေသင့်ကြတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top