Healthy Life Ad
Life Style

သင့်ရာသီခွင်က ပြောပြနေသော ကျန်းမာရေး

ငွေကြယ်စင်ယံ

မွေးဖွားတဲ့ နေ့ရက်ပေါ် မူတည်ပြီး ပြောင်းလဲသွားတဲ့ ရာသီခွင်အလိုက် သင့်ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းက ထိခိုက်လွယ်ပြီး အထူးဂရုစိုက်ပေးဖို့ လိုတယ်ဆိုတာကို သိအောင် ဖော်ပြပေးလိုက်ပါတယ်။

မိဿရာသီဖွား – ဒီရာသီဖွားတွေဟာ ဦးခေါင်းကို ဂရုစိုက်သင့်ပါတယ်။ တခြား ရာသီဖွားတွေထက် ခေါင်းကိုက်တာကို ပိုဖြစ်စေနိုင်တာကြောင့်ပါ။ ဦးခေါင်းပိုင်းဆိုင်ရာ ကျန်းမာဖို့အတွက် လတ်ဆတ်တဲ့ လေကောင်းလေသန့်ကို ရှူရှိုက်ပေး ဖို့နဲ့ အသက်ဝ၀ရှူဖို့ အရေးကြီးပါတယ်။

ပြိဿရာသီဖွား- ဒီရာသီဖွားတွေကတော့ လည်ချောင်းကို ဂရုစိုက်သင့်ပါတယ်။ လည်ချောင်းနာတာ အဖြစ်များလို့ပါ။ လည်ချောင်းနာသက်သာစေမယ့် ငုံဆေးကို ဆောင်ထားသင့်ပြီး ဘေးပတ်ဝန်းကျင်က လူတစ်ဦး ချောင်းဆိုးတဲ့အခါနဲ့ နှာချေတဲ့အခါတွေမှာ အသက်မရှူမိအောင် ခဏ ထိန်းထားပေးရပါမယ်။

မေထုံရာသီဖွား- ဒီရာသီဖွားတွေကတော့ ပခုံးနဲ့ အဆုတ်ကို ဂရုစိုက်သင့်ပါတယ်။ ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ ရင်ဘတ်ပိုင်းနေရာတွေမှာ တင်းအားသက်ရောက်နေတတ်တာကြောင့် ခန္ဓာကိုယ်ကို ပျော့ပျောင်းသန်စွမ်းစေနိုင်တဲ့ လေ့ကျင့်ခန်း တွေ လုပ်တာက အကောင်းဆုံး ဖြစ်ပါတယ်။ တရားထိုင်ပေးတာဟာ မေထုံရာသီဖွားတွေကို စိတ်အေးချမ်းမှုရရှိစေပါတယ်။

ကရကုဋ်ရာသီဖွား- ဒီရာသီဖွားတွေကတော့ ရင်သားနဲ့ အစာအိမ်ကို ဂရုစိုက်ဖို့လိုပြီး အစားအသောက်မှားလိုက်တာနဲ့ အစာအိမ်က မအီမသာဖြစ်တတ်ပါတယ်။ ကာဗိုဟိုက်ဒရိတ်တွေကို များများစားတာ၊ သကြားပါတဲ့အစာတွေကို များများ စားတာတွေကို ရှောင်ပါ။ မျှတတဲ့အာဟာရကို စားပြီး လေ့ကျင့်ခန်းလုပ်ပေးပါ။

သိဟ်ရာသီဖွား – ဒီရာသီဖွားတွေဟာ နှလုံးနဲ့ နောက်ကျောရိုးတွေကို ဂရုစိုက်သင့်ပြီး အဆီများတဲ့အစာတွေနဲ့ ကိုလက်စထရောများလွန်းတဲ့ အစာတွေကိုရှောင်ရပါမယ်။ အကြောလျှော့တဲ့လေ့ကျင့်ခန်း တွေကို များများလုပ်ပေးပြီး ကျောရိုးမကြီး အားကောင်းနေအောင် လုပ်ဆောင် ပေးရပါမယ်။

ကန်ရာသီဖွား- ဒီရာသီဖွားတွေဟာ အစာခြေစနစ်ကို ဂရုစိုက်သင့်ပါတယ်။ တချို့သော အစားအစာတွေကို စားမိတာနဲ့တင် အစာခြေစနစ်ကို ထိခိုက်စေနိုင်တာကြောင့်ပါ။ အမျှင်ဓာတ်ပေါများတဲ့ ဟင်းသီးဟင်းရွက်၊သစ်သီးကို စားသင့်ပြီး တစ်ကြိမ်စားရင် အစာနည်းနည်းပဲ စားရပါမယ်။

တူရာသီဖွား – ဒီရာသီဖွားတွေဟာ ကျောက်ကပ်ကို ဂရုစိုက်သင့်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ရဲ့ ဆီးစွန့်ထုတ်စနစ်ကို အလေးထားပေးရပါမယ်။ ရေဓာတ်ပါဝင်မှု များတဲ့ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးဝလံတွေနဲ့ ရေများများသောက် ပေးရပါမယ်။ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်နဲ့ ပန်းဂေါ်ဖီပွင့်တွေထဲမှာ ရေပါဝင်မှုများပါတယ်။

ဗြိစ္ဆာရာသီဖွား – ဒီရာသီဖွားတွေဟာ မျိုးပွားအင်္ဂါနဲ့ အစာခြေစနစ်အောက်ပိုင်းကို ဂရုစိုက်သင့်ပါတယ်။ အနီရောင်အသား၊ အရက်စတာတွေကို များများ မစားသောက်သင့်ပါဘူး။

ဓနုရာသီဖွား – ဒီရာသီဖွားတွေကတော့ တင်ပါး၊ ပေါင်နဲ့ အသည်းကို ဂရုစိုက်သင့်ပါတယ်။ ခရီးသွားရတာကို သဘောကျတတ်တာကြောင့် ခရီးသွားတဲ့အခါမှာ လှေကားတွေကို သတိထားသင့်ပါတယ်။ ချော်ကျနိုင်ခြေများလို့ပါ။ အရာရာကို အလွန်အကျွံမလုပ်ဆောင်သင့်ပါ။

မကရရာသီဖွား – ဒီရာသီဖွားတွေဟာ ဒူးတွေနဲ့ အဆစ်တွေကို ဂရုစိုက်သင့်ပါတယ်။ ဒါကြောင့် ငါးကြေးဆီဖြည့်စွက်ဆေးစားပြီး အဆစ်တွေရဲ့ လှုပ်ရှားနိုင်စွမ်း ကောင်းအောင်လုပ်ပေးပါ။ ကိုယ်အလေးချိန်ကို ထိန်းရပါမယ်။

ကုံရာသီဖွား – ဒီရာသီဖွားတွေဟာ ကျန်းမာရေးကောင်းဖို့အတွက် သွေးလှည့်ပတ်မှုစနစ်ကို အလေးထားဖို့ လိုပါတယ်။ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးပါ။ နှစ်စဉ် ဆေးစစ်ဆေးမှု ခံယူပေးပါ။ ကိုလက်စထရောလျော့နည်းတဲ့ အစားအစာကို စားပေးပါ။

မိန်ရာသီဖွား – ဒီရာသီဖွားတွေကတော့ ခြေထောက်နဲ့ သားငံရည်စနစ်ကို အလေးထားသင့်ပါတယ်။ ခြေထောက်ကျန်းမာရေးအတွက် သင့်တော်တဲ့ ဖိနပ်ကို ရွေးချယ်ပါ။ သားငံရည်စနစ်ကျန်းမာအောင် ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်အောင် ထိန်းထားပါ။

Most Popular

Healthy Life Ad
To Top