Healthy Life Ad
Life Style

ကိုယ်ဝန်ဆောင်ခြင်းနှင့် သွားနှင့်ခံတွင်းဆိုင်ရာ ပြဿနာများ

ဒေါက်တာထွန်းထွန်းလင်း (သွားနှင့် ခံတွင်းဘက်ဆိုင်ရာ ဆရာဝန်)

ကိုယ်ဝန်ဆောင်ချိန်ကာလ အပိုင်းအခြား ၃ ပိုင်း ရှိပါတယ်။ ပထမသုံးလပတ်ကာလ (ကိုယ်ဝန် ၁မှ ၁၂ပတ်၊ ဒုတိယသုံးလပတ်ကာလ (ကိုယ်ဝန် ၁၃ မှ၂၄ ပတ်)၊ တတိယသုံးလပတ်ကာလ (ကိုယ်ဝန် ၂၅ မှ ၄၀ ပတ်)တို့ ဖြစ်ပါတယ်။ ပထမသုံးလပတ်ကာလမှာ သန္ဓေသားရဲ့ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေ စတင်ဖြစ်ပေါ်လာတယ်။ ဒါကြောင့် ဒီပထမ သုံးလပတ်ကာလဟာ သန္ဓေသားအတွက် အရမ်းအရေးကြီးတဲ့ ကာလတစ်ခုဖြစ်ပါတယ်။ ဒုတိယ သုံးလပတ်ကာလမှာ သန္ဓေသားရဲ့ ဖြစ်တည်ပြီးသော အင်္ဂါအစိတ်အပိုင်းတွေ ဆက်လက်ကြီးထွားရင့်ကျက်လာတဲ့ ကာလဖြစ်တယ်။ တတိယသုံးလပတ်ကာလမှာလည်း အင်္ဂါအစိတ်အပိုင်းတွေ ဆက်လက်ကြီးထွားရင့်ကျက်နေပါတယ်။ သွားနဲ့ ခံတွင်းဆေးကုသမှုတွေက ပထမသုံးလပတ်ကာလနဲ့ တတိယသုံးလပတ်ကာလတွေမှာ ရှောင်ရပါတယ်။ ဒုတိယသုံးလ ပတ်ကာလမှာ ကုသမှုခံယူမှသာ သန္ဓေသားအတွက် စိတ်ချရပါတယ်။ ဒါကြောင့် ကိုယ်ဝန်ယူမယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ တပြိုင်နက် လိုအပ်တဲ့ သွားနဲ့ခံတွင်းကျန်းမာရေးကို စစ်ဆေးကုသမှု ခံယူထားသင့်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ အီစထရိုဂျင်ဟော်မုန်းက ၁၀ ဆ၊ ပရိုဂျက်စတီရုန်းဟော်မုန်းက ၃၀ ဆ သာမန်ထက် ပိုများနေပါတယ်။ ဟော်မုန်းများနေတာကြောင့် ကိုယ်ဝန်ဆောင်မိခင်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ပြောင်းလဲစေခဲ့ပါတယ်။ သွားနဲ့ခံတွင်း ကျန်းမာရေးကိုလည်း သက်ရောက်မှုရှိစေတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အဖြစ်များတဲ့ သွားနဲ့ ခံတွင်းရောဂါတွေကတော့ . . .

ကိုယ်ဝန်ဆောင်ချိန်မှာ အီစထရိုဂျင်ဟော်မုန်း က ၁၀ ဆ၊ ပရိုဂျက်စတီရုန်းဟော်မုန်းက ၃၀ ဆ သာမန်ထက်ပိုများနေပါတယ်။ ဟော်မုန်းများနေတာကြောင့် ကိုယ်ဝန်ဆောင်မိခင်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ပြောင်းလဲစေခဲ့ပါတယ်။ သွားနဲ့ခံတွင်း ကျန်းမာရေးကိုလည်း သက်ရောက်မှုရှိစေတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အဖြစ်များတဲ့ သွားနဲ့ ခံတွင်းရောဂါတွေကတော့-

(၁) ကိုယ်ဝန်ကြောင့် သွားဖုံးရောင်ခြင်း (Pregnancy gingivitis)

(၂) ကိုယ်ဝန်ကြောင့် သွားဖုံးအသားလုံးဖြစ်ခြင်း (Pregnancy eputis)

(၃) သွားများယိုင်နဲ့လာခြင်း (Tooth mobility)

(၄) သွားပိုးစားခြင်း (Dental caries)

(၅) သွားကြွေလွှာပြုန်းတီးခြင်း (Dental Erosion)တို့ ဖြစ်ပါတယ်။

(၁) ကိုယ်ဝန်ကြောင့် သွားဖုံးရောင်ခြင်း (Pregnancy gingivitis)

အဖြစ်များဆုံး ခံတွင်းဝေဒနာတစ်ခုဖြစ်တယ်။ ဟော်မုန်းအထွက်များတာကြောင့် သွေးကြောတွေ စိမ့်ဝင်စိမ့်ထွက်နိုင်မှုများလာပြီး သွားဖုံးတွေ ရောင်လာရတာ ဖြစ်ပါတယ်။ ကိုယ်ဝန် ၂လမှ ၈ လအတွင်း တွေ့ရတတ်ပြီး အလွယ်တကူ သွေးထွက်နိုင်တယ်။ သွားမှာကပ်ငြိနေတဲ့ ကျောက်တွေကို ခြစ်ထုတ်တာ၊ စနစ်မှန်နည်းနဲ့ သွားသေချာတိုက်တာ၊ ခံတွင်းသန့်စင်ဆေးရည်နဲ့ ပလုတ်ကျင်းတာတို့နဲ့ ကာကွယ်နိုင်ပါတယ်။

(၂) ကိုယ်ဝန်ကြောင့် သွားဖုံးအသားလုံးဖြစ်ခြင်း (Pregnancy eputis)

၅ ရာခိုင်နှုန်းသော ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ သွားနှစ်ချောင်းကြားရှိ သွားဖုံးအချွန်လေးကတစ်ဆင့် အသားပိုအလုံးလို ကြီးထွားလာတာ ဖြစ်ပါတယ်။ အသားပိုအလုံးမှာ ပန်းရောင်မှ အပြာရောင်ရှိနိုင်ပြီး အလွယ်တကူ ထိခိုက်မိကာ သွေးထွက်နိုင်ပါတယ်။ သွားဖုံးရောင်တာကို ကာကွယ်သလိုမျိုး ကာကွယ်နိုင်ပါတယ်။ ကလေးမွေးဖွားပြီးချိန်မှာ အသားပိုအလုံးအရွယ်အစား သေးသွားနိုင်ပါတယ်။ အရမ်းကြီးလို့ စားရ၊ သောက်ရတာနဲ့ပတ်သက်ပြီး အနှောင့်အယှက်ရှိရင် ခွဲစိတ်ဖြတ်ထုတ်နိုင်ပါတယ်။

(၃) သွားများ ယိုင်နဲ့လာခြင်း (Tooth mobility)

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအထွက်များတာကြောင့် သွားအမြစ်နဲ့ အရိုးကို ဆက်သွယ်ပေးတဲ့ အမျှင်တွေ အားနည်းလာခြင်း၊ သွားအမြစ်နဲ့ အရိုးကြားရှိ Lamina duraမှာ သတ္တုဓာတ်ပါဝင်မှုလျော့ နည်းလာခြင်းတို့ကြောင့် ဖြစ်ပါတယ်။

(၄) သွားပိုးစားခြင်း (Dental caries)

ကိုယ်ဝန်ဆောင်ချိန်မှာ တံတွေးအထွက်နည်းပါးတာ၊ သွားအတွင်း သတ္တုဓာတ်ပါဝင်မှုနည်းပါးတာ၊ အက်စစ်ဓာတ်လွန်ကဲတဲ့ တံတွေးဖြစ်လာတာ၊ သွားပိုးစားစေတဲ့ ဘက်တီးရီးယားတွေ များပြားလာတာ၊ တံတွေးနည်းပြီး အစားအစာတွေ ကပ်ငြိတာတို့ကြောင့် သွားပိုးစားတာကို ဖြစ်ပေါ်စေပါတယ်။

(၅) သွားကြွေလွှာပြုန်းတီးခြင်း (Dental Erosion)

ကိုယ်ဝန်ဆောင်ချိန်မှာ ခံတွင်းပျက်ပြီး အချဉ်များများစားတာ၊ ပျို့အန်ရာက ထွက်လာတဲ့အရည်မှာ အက်စစ်ဓာတ်လွန်ကဲနေတာတို့ကြောင့် သွားကြွေလွှာ ပြုန်းတီးရတယ်။ ပျို့အန်ပြီးရင် ချက်ချင်းသွားမတိုက်ဘဲ ရိုးရိုးရေ ဒါမှမဟုတ် ဆော်ဒါမှုန့်ခပ်ထားတဲ့ရေနဲ့ ပလုတ်ကျင်းရပါမယ်။ သွားနဲ့ခံတွင်း ကျန်းမာရေးကလည်း သန္ဓေသားငယ်ကို သက်ရောက်နိုင်ပါတယ်။

(၁) ကိုယ်ဝန်လမစေ့ဘဲ မွေးဖွားခြင်း (Preterm Labour)

– သွားဖုံးရောင်ရောဂါရှိတဲ့ မိခင်တွေမှာ အဖြစ်များပါတယ်။

– Anaerobic oral gram negative bacteria တွေက သွားဖုံးသားတွေကို ရောင်ရမ်းစေပါတယ်။

– သွားဖုံးရောင်တဲ့အခါ ပရိုစတာဂလာဒင်နဲ့ ဆိုင်တိုကိုင်းကို ထွက်စေပြီး ကလေးမွေးရမြန်စေပါတယ်။

(၂) ကိုယ်အလေးချိန် လျော့နည်းသော ကလေးမွေးဖွားခြင်း (Low Birth Weight)

သွားဖုံးရောင်ရာက ထွက်လာတဲ့ ပရိုစတာဂလာဒင်က မိခင်နဲ့ သန္ဓေသားကို ဆက်သွယ်ပေးတဲ့ အချင်းကြိုးရဲ့ သွေးလှည့်ပတ်မှုကို နည်းပါးစေပြီး သန္ဓေသားကောင်းစွာ မကြီးထွားလို့ ကိုယ်အလေးချိန် နည်းပါးရပါတယ်။

(၃) ကိုယ်ဝန်ဆိပ်တက်ခြင်း (Pre-eclampsia)

ကိုယ်ဝန်ဆိပ်တက်တာနဲ့ သွားဖုံးရောင်တာရဲ့ တိကျတဲ့ ဆက်စပ်မှုကို မသိရသေးပါဘူး။ သွားဖုံးက ထွက်လာတဲ့အရည် (Gingival Crevicular Fluid) မှာပါတဲ့ PGE2 ၊ IL-1 TNF-& တွေက သာမန်ကိုယ်ဝန်ဆောင်မိခင်ထက် ကိုယ်ဝန်ဆိပ်တက်နေတဲ့ မိခင်မှာ ပိုများနေတာကို တွေ့ရပါတယ်။ ကိုယ်ဝန်ဆောင်တာကြောင့် သွားနဲ့ခံတွင်း ကျန်းမာရေးကို ထိခိုက်နိုင်သလို သွားနဲ့ခံတွင်းရောဂါတွေကလည်း ကိုယ်ဝန်ဆောင်တာနဲ့ သန္ဓေသားကို ထိခိုက်စေနိုင်ပါတယ်။ သွားနဲ့ခံတွင်းရောဂါတွေကို ကိုယ်ဝန်ဆောင်ချိန်မှာ အချိန်ကာလအပိုင်းအခြားနဲ့ ကုရတာကြောင့် ကိုယ်ဝန်ယူမယ်လို့ စဉ်းစားတာနဲ့ သွားနဲ့ခံတွင်းဆရာဝန်နဲ့ပြသကာ လိုအပ်တဲ့ ကုသမှုတွေကို ခံယူသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top