Healthy Life Ad
Life Style

ဂျပန်လူမျိုးတို့၏အသက် ၁၀ဝ ရှည်ရခြင်း လျှို့ဝှက်ချက်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ဂျပန်လူမျိုးတွေက အသက်ရှည်ရှည်နေနိုင်ပြီး ကင်ဆာရောဂါနဲ့ နှလုံးရောဂါဖြစ်နှုန်း လျော့နည်းမှု ရှိပါတယ်။ ယူကေမှာ နေထိုင်သူတွေနဲ့ယှဉ်ရင် ဂျပန်လူမျိုးတွေက ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာနဲ့ နှလုံးရောဂါဖြစ်နှုန်း သိသိသာသာလျော့နည်းမှုရှိပါတယ်။ အကြောင်းကတော့ ဂျပန်လူမျိုးတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင်စားသောက်မှုပုံစံရှိတာကြောင့် ဖြစ်ပါတယ်။
သကြားအလွန်အမင်း စားသုံးမှုမရှိခြင်း

ဂျပန်လူမျိုးတွေက ထမင်းစားပြီး နောက်ဆုံးမှာ ပူတင်းစားလေ့မရှိဘဲ သစ်သီး ဒါမှမဟုတ် လက်ဖက်စိမ်းလက်ဖက်ရည်နဲ့ အဆုံးသတ်လေ့ ရှိပါတယ်။ ဂျပန်လူမျိုးတွေသောက်လေ့ရှိတဲ့ ကော်ဖီမှာလည်း သကြားပါဝင်မှုက အနောက်တိုင်းသားတွေထက် ပိုနည်းပါတယ်။သကြားက ကိုယ်အလေးချိန်ကို မြင့်တက်စေတဲ့အပြင် အဲဒါနဲ့ ဆက်စပ်နေတဲ့ ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ သွေးတိုးရောဂါစတဲ့ ရောဂါတွေကိုလည်း ဖြစ်စေနိုင်တယ်လို့ စစ်တမ်းတွေအရသိရပါတယ်။ ဂျပန်လူမျိုးတွေရဲ့ သကြားစားသုံးမှုက တစ်နေ့မှာ ပျမ်းမျှအားဖြင့် ၄၈ ဒသမ ၈ ဂရမ်ရှိပြီး ဗြိတိန်လူမျိုးတွေက ၁၀ဝ ဒသမ ၄ဂရမ်ရှိတဲ့အတွက် သကြားစားသုံးမှု လျော့နည်းတာကလည်း ကျန်းမာသက်ရှည်စေတဲ့အချက်တစ်ခုပါ။

ပင်လယ်ရေညှိကဲ့သို့ ပင်လယ်ထွက် ဟင်းသီးဟင်းရွက်များ သုပ်စားခြင်း

ဂျပန်လူမျိုးတွေ သက်ရှည်ကျန်းမာရတဲ့ လျှို့ဝှက်ချက်တစ်ခုက အဆီနည်းတဲ့ ပင်လယ်ရေညှိ၊ ကျောက်ပွင့် အစရှိတဲ့ ပင်လယ်ထွက် ဟင်းရွက်သုပ်တွေ စားလေ့ရှိတာနဲ့လည်း ဆက်စပ်မှုရှိပါတယ်။ ပင်လယ်ထွက် ဟင်းသီးဟင်းရွက်တွေမှာ ရောဂါကို တွန်းလှန်နိုင်တဲ့ အင်တီအောက်ဆီးဒင့်တွေ ရှိတာကြောင့် ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။ ပင်လယ်ထွက်အပင်တွေမှာပါတဲ့ အဲလ်ဂျီးနိတ်ဟာ ခန္ဓာကိုယ်ရဲ့ အဆီစုပ်ယူမှုကို ရပ်တန့်ပေးပါတယ်။ ဂျပန်လူမျိုးတွေကပင်လယ်ရေညှိနဲ့ ကျောက်ပွင့်တွေကို ရေထဲမှာ ငါးမိနစ်ခန့် စိမ်ထားပြီးမှ သုပ်စားလေ့ရှိပါတယ်။

ဗိုက်မပြည့်မီ ရပ်ခြင်း

အိုကီနာဝါ ဂျပန်ကျွန်းတစ်ခုမှာ ကမ္ဘာ့အသက် ရာကျော်ရှည်သူဦးရေ အများဆုံးပါ။ သူတို့တွေက အစာစားတဲ့အခါ ဗိုက်မပြည့်ခင် ရပ်လိုက်လေ့ရှိပါတယ်။ ဗိုက်မပြည့်တင်းခင်အစာစားတာကို ရပ်လိုက်တာကအစာကို နည်းနည်းပဲစားဖြစ်စေပြီး ခန္ဓာကိုယ်သွယ်လျကာ ကျန်းမာရေးကောင်းမွန်စေပါတယ်။

အစာအိမ်က အစာစားရင်း ဗိုက်ပြည့်ကြောင်း ဦးနှောက်ဆီကို အချက်မပြခင် မိနစ် ၂၀ အချိန်ယူလေ့ရှိပါတယ်။ ဒါကြောင့် အစာစားတဲ့အခါ ပန်းကန်ပြောင်တဲ့အထိ အပြည့်အတင်းမစားဘဲ ရပ်နားသင့်ပါတယ်။ ဒီလိုလုပ်မှသာ ဗိုက်ပြည့်အောင် စားဖြစ်နိုင်ခြေ လျော့နည်းသွားမှာပါ။

ဂျပန်လူမျိုးတို့ စားလေ့ရှိသည့် ဆူရှီ

ဆူရှီမှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်မှုများတဲ့အတွက် ဦးနှောက်နဲ့ နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဂျပန်လူမျိုးတွေက နေ့တိုင်း ငါး ၈၀- ၁၀ဝ ဂရမ်စားလေ့ရှိပြီး ဗြိတိန်လူမျိုးတွေက တစ်ပတ်မှာ အဆီများတဲ့ ငါးကို တစ်ကြိမ်ပဲ စားလေ့ရှိပါတယ်။ဂျပန်တွေက ငါးနဲ့ ပင်လယ်စာကို နှစ်ခြိုက်စွာ စားလေ့ရှိတဲ့အတွက် နှလုံးရောဂါဖြစ်နှုန်း လျော့ကျမှု ရှိတယ်လို့ လေ့လာမှုအရ သိရပါတယ်။ အမေရိကန်လူမျိုးတွေနဲ့ ယှဉ်ရင် ဂျပန်လူမျိုးတွေရဲ့ သွေးကြောထဲမှာ ကိုလက်စထရောနည်းနေတတ်ပါတယ်။ အကြောင်းကတော့ ငါးများများပါတဲ့ အစာကို စားတာကြောင့် သွေးကြောပိတ်ဆို့မှုကို ဟန့်တားနိုင်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဂျပန်လူမျိုးတွေလို တစ်ပတ်မှာ အနည်းဆုံး တစ်ကြိမ်ခန့် အဆီများတဲ့ ငါးဒါမှမဟုတ် ဆူရှီစားပေးပါ။

အလုပ်သို့ လမ်းလျှောက်သွားခြင်း

ဂျပန်လူမျိုးတွေက အများသုံး ယာဉ်စီးပြီး ဒါမှမဟုတ် လမ်းလျှောက်ပြီး အလုပ်သွားလေ့ရှိပါတယ်။ လူအများစုဟာ တစ်နေ့နှစ်ကြိမ်၊ သုံးကြိမ် လမ်းလျှောက်လေ့ရှိပြီး ကားစီးတဲ့အချိန် သိသိသာသာနည်းပါတယ်။ ဒါက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အထတစ်ခုဖြစ်ပါတယ်။တစ်ပတ်မှာ နှစ်နာရီခွဲခန့် လမ်းလျှောက်တာကြောင့် ဘဝသက်တမ်းကို ခုနစ်ပိုရှည်စေတယ်လို့ ဟားဗတ်လေ့လာသူတွေက ဆိုပါတယ်။

ဘဝကိုဟန်ချည်ညီမျှစွာ နေထိုင်ခြင်း

ဂျပန်အရွယ်ရောက်သူ အများစုဟာ ထိုက်ချိက စားလေ့ရှိပါတယ်။ အဲဒီလေ့ကျင့်ခန်းဟာ အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်တာနဲ့ အလွန်နှေးကွေးပြီး ကျက်သရေရှိတဲ့ လှုပ်ရှားမှုတွေကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ထိုက်ချိကစားနည်းဟာ အဆစ်တွေပေါ်မှာ သက်ရောက်မှု အနည်းဆုံး ဖြစ်တဲ့အတွက် အသက်ကြီးသူတွေအတွက် သင့်တော်ကောင်းမွန်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ကိုယ်နေဟန်နဲ့ လှုပ်ရှားနိုင်စွမ်းကို ထိန်းချုပ်နိုင်ပြီး စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။လေ့လာမှုအရ ထိုက်ချိကစားနည်းကြောင့် ကိုယ်ဟန်အနေအထားကောင်းမွန်တဲ့အတွက် လဲမကျအောင် ကာကွယ်ပေးနိုင်ကြောင်း သိရပါတယ်။

ဟင်းသီးဟင်းရွက်များ အချဉ်ဖောက် စားခြင်း

ဂျပန်လူမျိုးတွေက လတ်လတ်ဆတ်ဆတ် အချဉ်ဖောက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေကို စားလေ့ရှိပါတယ်။ အချဉ်တည်ထားတဲ့ ဟင်းသီးဟင်းရွက်တွေမှာ ကောင်းမွန်တဲ့ အကျိုးပြုဘက်တီးရီးယား ပါဝင်ပြီး ခန္ဓာကိုယ်ရဲ့ အာဟာရစုပ်ယူနိုင်စွမ်းကို ကောင်းမွန်စေကာ အူလမ်းကြောင်းမှာ ကောင်းတဲ့ ဘက်တီးရီးယားတွေ ကြီးထွားအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။

လေ့လာမှုအရ အူလမ်းကြောင်းအကျိုးပြုဘက်တီးရီးယားတွေက ကိုယ်ခံအားစနစ်နဲ့ ဆက်စပ်မှု ရှိတယ်လို့ သိရပါတယ်။ ကိုယ်ခံအားဆဲလ် ၈၀ ရာခိုင်နှုန်းက အူလမ်းကြောင်းမှာ ရှိပါတယ်။ အချဉ်ဖောက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေမှာ ပါတဲ့ လက်တစ်အက်စစ် ဘက်တီးရီးယားတွေက အူလမ်းကြောင်း ကျန်းမာရေးအတွက် အသုံးဝင်ဆုံးဖြစ်ပါတယ်။

သွေးဆုံးဝေဒနာ သက်သာစေသော တိုဟူးအစားများခြင်း

ဂျပန်အမျိုးသမီးတွေရဲ့ သွေးဆုံးဝေဒနာဖြစ်နှုန်းက အမေရိကန် အမျိုးသမီးတွေထက် ပိုနည်းပါတယ်။ အကြောင်းကတော့ ပဲပုပ်စေ့၊ တိုဟူး အစရှိတဲ့ ပဲပိစပ်အစားအစာတွေကို များများ စားသောက်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ပဲပုပ်စေ့နဲ့ လုပ်ထားတဲ့ အစားအစာမှာ အိုက်ဆိုဖလေဗုန်းပါတာကြောင့် သက်လတ်ပိုင်း အမျိုးသမီးတွေမှာ အီစထရိုဂျင်ဟော်မုန်းရဲ့ သက်ရောက်မှုကို လျော့ကျစေလို့ ဖြစ်ပါတယ်။ဂျပန်အမျိုးသမီးတွေက တစ်ပတ်မှာ နှစ်ကြိမ်ခန့် တိုဟူးစားလေ့ရှိပါတယ်။ အချဉ်ဖောက်ထားတဲ့ ပဲပုပ်စေ့ကို စားရင် ပိုပြီး အစာကြေလွယ်တဲ့အတွက် ကျန်းမာရေးနဲ့ ပိုညီညွတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top