Healthy Life Ad
Men

နုပျိုမှုအလှတရား ဘာကြောင့် ယုတ်လျော့လာရတာလဲ …

မီမိုးမေ (ဆေးဝါးတက္ကသိုလ်)

စီးကရက်သောက်တာနဲ့ ဆီကြော်စာတွေကိုစားတာက နေလောင်ဒဏ်ကြောင့် အရေပြားထိ ခိုက်တာလိုပဲ အသားအရေကို ထိခိုက်စေတာကို သင်သိပြီးဖြစ်မှာပါ။ အခုဖော်ပြပေးမယ့် အရာတွေကတော့ သင့်အနေနဲ့ အန္တရာယ်မရှိလောက်ဖူးလို့ ထင်ရပေမယ့် အရွယ်တင်နုပျိုမှုကိုတော့ အကြီးအကျယ် ခြိမ်းခြောက်နေတဲ့အချက်တွေပါ။

(၁) ကောလိပ်ကျောင်းသားကဲ့သို့ အိပ်စက်ချိန် မပေးနိုင်တော့ခြင်း

အလုပ်များလွန်းတဲ့ အိမ်ရှင်မတစ်ယောက်၊ အလုပ်မှာ အရေးပါတဲ့သူတစ်ယောက်အတွက်တော့ အိပ်ချိန်ကို အပြည့်အဝမပေးနိုင်တော့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အိပ်ချိန်နည်းပါးလွန်းတာက ကျန်းမာရေးအတွက် အလွန့်အလွန်ကို ဆိုးရွားလွန်းနေပါတယ်။ လေ့လာမှုတွေအရ အိပ်ချိန်နည်းလွန်းတာကြောင့် သွေးတိုးတာ၊ ဆီးချို သွေးချိုရောဂါဖြစ်တာနဲ့ ကိုယ်အလေးချိန်တက်တာတွေအပြင် ပင်ပန်းနွမ်းနယ်ဟန်ပေါက်တာနဲ့ အိုမင်းတာတွေကို ဖြစ်စေနိုင်ပါတယ်။

– ဘယ်လိုလုပ်သင့်သလဲ

ညတိုင်း အိပ်ချိန် ရှစ်နာရီပြည့်ပြည့်ဝ၀တော့ ဘယ်ရနိုင်ပါတော့မလဲ။ ဒါပေမဲ့ အိပ်စက်တာကို ဦးစားပေးအဖြစ် ဆောင်ရွက်ပါ။ လူအများစုက အိပ်ချိန် ၇-၈ နာရီလောက် လိုအပ်နေပါတယ်။

(၂) အချိုစာများ စားသုံးခြင်း

သကြားပါတဲ့ သရေစာတွေဟာ သင့်ခါးတွေကို တုတ်လာစေပြီး အသားအရေကို နွမ်းနယ်စေကာ အရေးကြောင်းတွေလည်း ဖြစ်လွယ်တတ်ပါတယ်။

– ဘယ်လိုလုပ်သင့်သလဲ

သကြားကို ချက်ချင်းမစားဘဲ ရပ်ပစ်စရာတော့မလိုပါဘူး။ ဒါပေမဲ့ သင်စားတဲ့ အစာစုစုပေါင်း ကယ်လိုရီရဲ့ ၁၀ ရာခိုင်နှုန်းထက်တော့ ပိုမစားမိပါစေနဲ့။ သကြားလက်ဖက်စားဇွန်း ၁၀ ဇွန်းဟာ ကယ်လိုရီ ၁၆၀နဲ့ ညီမျှပါတယ်။

(၃) မကြာခဏ စိတ်ဖိစီးမှုများနေတတ်ခြင်း

သင့်အနေနဲ့ စိတ်ဖိစီးမှုများနေရင် သွေးကြောထဲမှာ ကော်တီစောဟော်မုန်းနဲ့ နော်အက်ပီနက်ဖရင်တွေများနေတတ်ကာ သွေးတိုးလာပြီး ကိုယ်ခံစွမ်းအား လျော့နည်းနေတတ်ပါတယ်။ စိတ်ဖိစီးမှု ကြာကြာခံစားနေရရင် အနာကျက်နှုန်းနှေးကာ သွေးလွှတ်ကြောတွေကို မာကျောစေပြီး ဦးနှောက်ရဲ့ တွေးခေါ်နိုင်စွမ်း၊ မှတ်သားနိုင်စွမ်းနဲ့ စိတ်ခံစားမှုတွေပါ လျော့ကျသွားတတ်ပါတယ်။

– ဘယ်လိုလုပ်သင့်သလဲ

စိတ်ဖိစီးမှုများနေရင် တစ်နေ့နှစ်ကြိမ် အသက်ပြင်းပြင်းရှူသွင်း/ရှူထုတ်တာကို လုပ်ဆောင်ပေးပါ။ တစ်ကြိမ်မှာ အချိန်နှစ်မိနစ်ပဲကြာပေမယ့် တကယ်ကို ထိရောက်မှုရှိတဲ့ နည်းလမ်းကောင်း ဖြစ်ပါတယ်။

(၄) လေ့ကျင့်ခန်းမလုပ်ခြင်း

လေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်ရဲ့ ဇီဝနရီကို အကောင်းဆုံးလုပ်ဆောင်စေနိုင်တဲ့ နည်းလမ်းတစ်ရပ်ပါ။ ဒါပေမဲ့ ကျွန်မတို့ အများစုဟာ လေ့ကျင့်ခန်းကို ကျန်းမာရေးအတွက် လုပ်ရကောင်းမှန်းမေ့နေတတ်ပါတယ်။ တကယ်တော့ တက်တက်ကြွကြွနေတာက ဦးနှောက်ပင်ပန်းမှုကို လျော့ကျစေတာ၊ ရောင်ရမ်းမှုကို လျော့နည်းစေတာ၊ အသားအရေစိုပြေလှပတာ၊ အမျိုးအစား(၂) ဆီးချိုသွေး ချိုရောဂါတွေနဲ့ တခြား နာတာရှည်ရောဂါတွေကိုမဖြစ်အောင် ကာကွယ်ပေးနိုင်တာ စတဲ့ ကောင်းကျိုးတွေကိုရရှိစေပါတယ်။

– ဘယ်လိုလုပ်သင့်သလဲ

အားကစားဖိနပ်ကိုဖုန်တက်တဲ့အထိ ချောင်ထိုးမထားပါနဲ့။ သင်နှစ်သက်ရာလေ့ကျင့်ခန်းကို တစ်နေ့ မိနစ်၂၀-၂၅ လောက်ရအောင် လုပ်ဆောင်ပေးပါ။ တကယ်လို့ ပင်ပန်းတတ်ရင် ၁၀မိနစ်လောက် လေ့ကျင့်လိုက်၊ နားလိုက်လုပ်ပေးပါ။

(၅) သီချင်းကို နားကြပ်နဲ့ ကျယ်လောင်စွာဖွင့်ပြီး နားဆင်ခြင်း

ကောင်းကောင်းမကြားရတော့လို့ “တစ်ခေါက်လောက် ပြန်ပြောပါဦး” ဆိုပြီး ထပ်ခါထပ်ခါပြောနေရပြီလား။ အကြားအာရုံဆုံးရှုံးတာက ဖြေးဖြေးချင်း ဖြစ်တတ်တာမျိုးပါ။

– ဘယ်လိုလုပ်သင့်သလဲ

နားကြပ်နဲ့ နားထောင်မယ်ဆိုရင် အသံပမာဏကို တတ်နိုင်သမျှ ခပ်နိမ့်နိမ့်ပဲထားပါ။ ဆူညံသံကိုတွန်းလှန်ပေးနိုင်တဲ့ နားကြပ်ကိုသုံးပါ။ ဖြစ်နိုင်ရင် သင့်ပတ်ဝန်းကျင်က တခြားဆူညံသံတွေ ကြားတဲ့အခါတိုင်း နားကိုတစ်ခုခုနဲ့ ကာထားပေးပါ။

(၆) သူငယ်ချင်းများနှင့် မတွေ့ဆုံခြင်း

သူငယ်ချင်းတွေဟာ သင့်ရဲ့ရှိရင်းစွဲအသက်ကို ငယ်သွားအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ အားလပ်ချိန်တွေမှာ သူငယ်ချင်းတွေနဲ့ချိန်းပြီး အချိန်ပေးကာတွေ့ဆုံပါ။ လေ့လာမှုတစ်ရပ်အရ ခင်မင်မှုကို အလေးထားတာဟာ ရင်းနှီးဖွယ်ကောင်းတဲ့ မိသားစုဘဝထက်တောင် အသက်ရှည်စေတဲ့ အစွမ်းကိုရရှိစေကြောင်း သိရပါတယ်။

– ဘယ်လိုလုပ်သင့်သလဲ

သင်က အလုပ်များသူဖြစ်ပေမယ့် အချိန်ဇယားကို ရေးဆွဲထားပါ။ တကယ်လို့ အပြင်မှာ ဆုံတွေ့ဖို့အခွင့်အရေးမရခဲ့ရင် ဖေ့စ်ဘွတ်ခ်လိုလူမှုကွန်ရက်ကို အသုံးပြုပြီး သူငယ်ချင်းအပေါင်း အသင်းတွေနဲ့ တွေ့ဆုံဆက်သွယ်နိုင်ပါတယ်။

(၇) ဟင်းသီးဟင်းရွက်အစားနည်းခြင်း

အင်တီအောက်ဆီးဒင့်တွေ ပေါများစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို နေ့စဉ်များများမစားဖြစ်ဖူးဆိုရင် အရွယ်တင်နုပျိုတဲ့အစွမ်းကို ရရှိမှုနည်းပါလိမ့်မယ်။ အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေဟာ အရေပြားနဲ့ ခန္ဓာကိုယ်ကျန်းမာရေးကို ထိခိုက်စေတဲ့ ဖရီးရယ်ဒီကယ်တွေကို ချေဖျက်ပေးတာကြောင့် အင်တီအောက်ဆီးဒင့်ပါတဲ့ အပင်ထွက် အာဟာရတွေကိုစားပေးသင့်တာပါ။

– ဘယ်လိုလုပ်သင့်သလဲ

တစ်ပတ်မှာ အနည်းဆုံး ငါးရက်လောက်တော့ သင်စားတဲ့ ထမင်းပန်းကန်ထဲ ဟင်းသီးဟင်းရွက် များများပါဝင်ပါစေ။ အရွယ်တင်နုပျိုအောင် အချိန်လေးနာရီကြာတိုင်း အင်တီအောက်ဆီးဒင့်ပါတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို စားပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top