Healthy Life Ad
Health Tips

အသားသီးများကို ထိရောက်စွာ ဖယ်ရှားပစ်နိုင်မည့် အိမ်တွင်းနည်းရှစ်သွယ်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

အရေပြားပေါ်က အသားသီးတွေဟာ အများအားဖြင့် အန္တရာယ်မရှိပါဘူး၊ နာကျင်မှုလည်းမရှိပါဘူး။ အသားသီးဖြစ်တာက အဝလွန်တာ၊ ဆီးချိုရောဂါစတာတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ သိပ္ပံပညာရှင်တချို့ကဆိုပါတယ်။ ဟော်မုန်းမမျှတတာကြောင့်လည်း အသားသီးဖြစ်တတ်တယ်လို့ ပြောကြသူတွေလည်းရှိပါတယ်။ အသားသီးတွေက မျက်ခွံ၊ လည်ပင်း၊ ရင်ဘတ်တစ်ဝိုက်၊ ချိုင်းအောက်နဲ့ ပေါင်ခြံလိုနေရာတွေမှာ အဖြစ်များတတ်ပါတယ်။ အသားသီးတွေဖြစ်တဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်ရတာကြောင့် လိုက်နာသင့်တဲ့ အိမ်တွင်းကုထုံးတွေကို မျှဝေလိုက်ပါတယ်။


(၁) အိမ်တွင်းကုထုံးမသုံးမီ ဆရာဝန်နှင့် အရင်ဆုံးတွေ့ဆုံပါ

အိမ်တွင်းကုထုံးတွေကို မသုံးခင်မှာ အသားသီးတွေက ရိုးရိုးလားဆိုတာသိအောင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။


(၂) ပန်းသီးရှလကာရည်

ပန်းသီးရှလကာရည်ကို ဟင်းရွက်သုပ်တွေမှာ ထည့်စားဖို့အပြင် တခြား ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိတဲ့အတွက် အသားသီးကို ဖယ်ရှားရာမှာလည်း သုံးနိုင်ပါတယ်။ သဘာဝအက်ဆစ်ဂုဏ်သတ္တိရှိပြီး အရေပြားတစ်သျှူးကို ကွာကျစေနိုင်တဲ့ အစွမ်းရှိလို့ပါ။

– ဂွမ်းစနဲ့ ရှလကာရည်ကိုနှစ်ပြီး အရည်ပိုတွေ ညှစ်ထုတ်လိုက်ပါ။

– အသားသီးပေါ် တင်ထားပါ။

– ပြီးရင် ပတ်တီးစည်းပါ။

– တစ်ညတာ ထားလိုက်ပါ။

– အသားသီး မည်းပြီး ကြွေကျသွားတဲ့အထိ နေ့စဉ်ဆက်လုပ်ပေးပါ။


(၃) လက်ဖက်ဆီ

၁၀ဝ ရာခိုင်နှုန်းလက်ဖက်ဆီမှာ ပိုးသတ်အစွမ်း၊ ဖန်းဂတ်စ်မှိုသတ်နိုင်တဲ့အစွမ်းနဲ့ ဗိုင်းရပ်စ်ပိုးသတ်အစွမ်းတို့ ရှိပါတယ်။ အသားအရေမှာ အန္တရာယ်ကင်းကင်းသုံးနိုင်ပါတယ်။

– အသားသီးရှိတဲ့ အရေပြားကိုသေချာသန့်စင်ပါ။

– ဝါဂွမ်းစထဲ လက်ဖက်ဆီသုံးစက်ထည့်ကာ အသားသီးနေရာပေါ် ပွတ်လိမ်းပါ။ ညင်ညင်သာသာနှိပ်ပါ။

– တစ်နေ့ ၃-၄ ကြိမ်လုပ်ပေးနိုင်ပါတယ်။


(၄) အော်ရီဂနိုဆီနှင့် အုန်းဆီ

အော်ရီဂနိုဆီမှာ သဘာဝပိုးသတ်အစွမ်းရှိပါတယ်။ အုန်းဆီမှာ လော်ရစ်အက်စစ်ပါတဲ့အတွက် ဘက်တီးရီးယားပိုးသတ်အစွမ်း ရှိပါတယ်။

– အော်ရီဂနိုဆီ ၂-၃စက်ကို အုန်းဆီ ၄-၅ စက်နဲ့ ရောမွှေပါ။

– အသားသီးရှိတဲ့အရေပြားကို ရေနွေးနဲ့ သန့်စင်ဆေးကြောပေးပါ။

– ဆီအရောအနှောကို ဂွမ်းစနဲ့နှစ်ယူပြီး အသားသီးပေါ်တင်လိမ်းပါ။

– တစ်နေ့ ၂-၃ ကြိမ်လုပ်ပေးရင် အသားသီးက မည်းခြောက်ပြီး ကြွေကျသွားပါလိမ့်မယ်။


(၅) ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ သဘာဝ ပိုးသတ်အစွမ်းနဲ့ဖန်း ဂတ်စ်မှိုသတ်အစွမ်းရှိပါတယ်။ အနံ့တော့ရှိပါတယ်။

– ကြက်သွန်ဖြူ ၂-၃ မြွှာကို ထောင်းပါ။

– ရလာတဲ့ ကြက်သွန်ဖြူထောင်းကို အသားသီးပေါ်တင်ပါ။

– ဂွမ်းစအုပ်ပြီး ပတ်တီးစည်းပါ။ တစ်ညထားပြီးမှ ရေနဲ့ဆေးပါ။ ၂-၃ ညလောက် လုပ်ပေးပါ။


(၆) သံပရာရည်

သံပရာရည်/သံပယိုရည်က စစ်ထရစ်အက်ဆစ်ဂုဏ်သတ္တိရှိလို့ အရေပြားဆဲလ်သေတွေကို ကွာကျစေပြီး အသားသီးကို ခြောက်စေပါတယ်။ နှစ်ပတ်ကြာတဲ့အထိ သံပရာရည်ကို အသားသီးနေရာမှာ သုတ်လိမ်းရင် အသားသီးတွေ စတင်ခြောက်သွေ့လာတာကို တွေ့ရမှာပါ။

– အသားသီးရှိတဲ့ အရေပြားကို သန့်စင်ပါ။

– ဂွမ်းစနဲ့ သံပရာရည်နှစ်ပြီး အဲဒီနေရာကို ညှစ်ထည့်လိုက်ပါ။

– တစ်နေ့ ၂-၃ ကြိမ် လုပ်ဆောင်ပေးပါ။


(၇) ရှားစောင်းလက်ပပ်အရည်

ရှားစောင်းလက်ပပ်အရည်မှာ အင်တီအောက်ဆီးဒင့်နဲ့ အနာကျက်ဂုဏ်သတ္တိရှိပါတယ်။ အသားသီးတွေကို ကွာကျစေပြီး အနာမြန်မြန်ကျက်စေပါတယ်။

– အသားသီးရှိတဲ့ အရေပြားကို သန့်စင်ပါ။

– ရှားစောင်းလက်ပပ်အရည် နည်းနည်းလိမ်းပါ။

– အသားသီးတွေကို နှစ်မိနစ်လောက် နှိပ်ပေးပါ။

– တစ်နေ့ ၂-၃ ကြိမ်ပြုလုပ်ပေးပါ။


(၈) ငှက်ပျောခွံ

ငှက်ပျောခွံကလည်း အသားသီးကို ကွာကျစေပါတယ်။

– အသားသီးရှိတဲ့ အရေပြားကို သန့်စင်အောင်ဆေးပါ။

– ငှက်ပျောခွံအပိုင်းအစ သေးသေးလေး ဖြတ်ထုတ်ပါ။

– အသားသီးပေါ်မှာ ငှက်ပျောခွံအဖြူသားအုပ်ပြီး ပတ်တီးစည်းထားပါ။

– တစ်ညထားပါ။ အသားသီးကွာကျတဲ့အထိ ညတိုင်းဆက်လုပ်နိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top