Healthy Life Ad
Life Style

အလုပ်လုပ်သူတို့အတွက် ကျန်းမာရေးနှင့်အညီ စားသောက်နည်းလမ်းညွှန်

ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း

ကျန်းမာရေးနဲ့ညီညွတ်တာဟာ လာဘ်ကြီးတစ်ပါးဖြစ်တာနဲ့အညီ ကျန်းမာမှ လုပ်ငန်းဆောင်တာတွေကို အောင်မြင်အောင် စွမ်းဆောင်နိုင်မှာဖြစ်တာကြောင့် သင့်တင့်မျှတတဲ့ အစာအာဟာရတွေ မှီဝဲတာ၊ ကိုယ်လက်လှုပ်ရှားမှုရှိတာနဲ့ ရောဂါဘယတွေ ကင်းဝေးအောင် ပြုမှုနေထိုင်တာကို လိုက်နာရပါမယ်။

ရောဂါတွေကို ကူးစက်တတ်တဲ့ရောဂါနဲ့ ကူးစက်မဟုတ်တဲ့ရောဂါဆိုပြီး နှစ်မျိုးခွဲပါတယ်။ ကူးစက်ရောဂါတွေကတော့ မိုးရာသီမှာဖြစ်တတ်တဲ့ တုပ်ကွေးရောဂါ၊ အေ့စ်ရောဂါ (AIDS)၊ တီဘီရောဂါ စတာတွေဖြစ်ပါတယ်။ အခုချိန်မှာဆို တီဘီရောဂါ အရမ်းဖြစ်တာကြောင့် ဂရုစိုက်ပေးဖို့လိုပါတယ်။ အခုနောက်ပိုင်း အဖြစ်များလာတဲ့ ကူးစက်မဟုတ်တဲ့ ရောဂါတွေကတော့ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ ကင်ဆာရောဂါ စတာတွေဖြစ်ပါတယ်။ ဒီလိုမျိုးရောဂါတွေ တစ်ခုမဟုတ်တစ်ခု ဖြစ်လာတာက အဓိက ဘဝနေထိုင်မှုပုံစံကြောင့် ဖြစ်ပါတယ်။ အစားအသောက် အနေအထိုင်တွေ အားလုံးကို ဂရုတစိုက်ရှိဖို့ အရမ်းကြီးပါတယ်။

အလုပ်လုပ်သူတို့ ကိုယ်ခံစွမ်းအား ကောင်းမွန်စေဖို့ရာ

ခန္ဓာကိုယ်မှာ ခံနိုင်ရည်အားလို့ခေါ်တဲ့ ကိုယ်ခံစွမ်းအားကောင်းမှ ပြင်ပက ရောဂါပိုးတွေမဝင်အောင် ကာကွယ်ပေးနိုင်မှာဖြစ်လို့ ကိုယ်ခံအားကောင်းစေမယ့် အလေ့အကျင့်တွေပြုလုပ်ဖို့ လိုအပ်ပါတယ်။ အိပ်ရေးဝ၀အိပ်တာ၊ ကိုယ်လက်လှုပ်ရှားမှုရှိတာနဲ့ အာဟာရမျှတအောင် စားသောက်ပေးတာတို့ဖြစ်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှု

အလုပ်လာတဲ့အခါ ကားစီး၊ ပြန်တဲ့အချိန် ကားစီးနဲ့ လူတိုင်းက အထိုင်များတာနဲ့ အချိန်ကုန်ကြပါတယ်။ နောက်ပြီး တစ်နေကုန် အလုပ်လုပ်ထားတာရယ်၊ ကားလမ်းပိတ်နေလို့ ကားပေါ်မှာ အကြာကြီးထိုင်စောင့်ရလို့ အချိန်ကုန်ပင်ပန်းပြီး အိမ်ရောက်တဲ့အခါ ဘာမှမလုပ်နိုင်တော့ပါဘူး။ ကားစီးရတာ ပင်ပန်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အိပ်ရာထဲဝင်ချင်ဝင်မယ်။ ဒါမှမဟုတ် တီဗီကြည့်မယ်ပေါ့။ ဒါကြောင့် ကိုယ်ကိုယ်ကိုယ် ဆန်းစစ်ရမှာက လမ်းလျှောက်တာ တစ်ရက်ကို ဘယ်လောက်နှုန်းရှိသလဲ။ အထူးသဖြင့် ရုံးမှာထိုင်ပြီး အလုပ်လုပ်နေတဲ့သူတွေ ထိုင်တာများနေရင်တော့ ဗိုက်မှာ အဆီတွေ တက်လာမှာပဲ။

ကျန်းမာရေးနဲ့အညီ စားသောက်နည်း

စိတ်ပျော်ချင်လို့ အစာစားကြပါတယ်။ ဒီတော့ အဆီများတဲ့ အစားအသောက်တွေကို အတတ်နိုင်ဆုံး လျှော့စားပါ။ ဆရာမတို့ မြန်မာလူမျိုးတွေက အဆီတွေ၊ ဆီကြော်မုန့်တွေ ကြိုက်ကြပါတယ်။ အရင်တုန်းကဆို အိမ်က လူကြီးမိဘတွေ ချက်ကျွေးတဲ့ အစာနဲ့ ကလေးတွေ ကြီးပြင်းတယ်။ သရေစာ စားဖို့တောင် အိမ်ကလုပ်ပေးပါတယ်။ အခုခေတ်မှာတော့ အဲလိုအခွင့်အရေးမျိုး မရနိုင်တော့ပါဘူး။ ဝယ်စားရတာများလာပါတယ်။ အစားစားသောက်တဲ့ ပုံစံတွေပြောင်းလာတဲ့အတွက် အသက် ၄၀ နဲ့ ၅၀ ကြားအရွယ်တွေက ရောဂါတွေ ခံစားရတာ အများဆုံးဖြစ်ပါတယ်။ ဆီးချိုရောဂါတွေ၊ သွေးတိုးရောဂါတွေ ဖြစ်တာတွေ့ရပါတယ်။ အခုနောက်ပိုင်းဆို အသက် ၃၀ ကျော်လောက်ကတည်းက သွေးတိုးရောဂါဖြစ်တာတွေ တွေ့လာရပါတယ်။

ဒီတော့ အစာစားတော့မယ်ဆိုရင် အရိုးရှင်းဆုံး စဉ်းစားပြီးစားပါ။ စားသောက်တဲ့ပုံစံတွေကိုလည်း ဖြည်းဖြည်းချင်းပြင်ပါ။ ဖြစ်စေချင်တာက မနက်စာ ပုံမှန်စားဖို့ ဖြစ်ပါတယ်။ မနက်အိပ်ရာထပြီး တစ်နာရီအတွင်းမှာ မနက်စာ စားကို စားပေးရပါမယ်။ မုန့်ဟင်းခါးပဲ စားစား၊ ထမင်းဖြူလေးပဲစားစား နောက်ဆုံး ပေါင်မုန့်တစ်လုံး လောက်ပဲစားစား မနက်စာကို မဖြစ်မနေစားတဲ့ အကျင့်ကိုလုပ်ပေးပါ။ တချို့က ညတုန်းက အစာတွေ အများကြီး စားထားလို့ဆိုပြီး မနက်စာကို မစားတာမျိုးရှိပါတယ်။ တကယ်တော့ ညစာများများစားတတ်တဲ့သူတွေက ဗိုက်ပူလာတာများပါတယ်။ ကိုယ်အလေးချိန်ချချင်တဲ့ မိန်းကလေးတွေဆိုလည်း ညစာစားတဲ့အခါ ၄-၅ ဇွန်းထက်ပိုပြီး မစားသင့်ပါဘူး။ အသီးအရွက်တွေနဲ့ရောပြီး စားပေးမယ်ဆိုရင် ကိုယ်အလေးချိန် အဲလောက်မတက်တော့ပါဘူး။

အလုပ်လုပ်သူတို့ အာဟာရ အစုံအလင်ရရှိအောင်

ဘာစားစား မျှမျှတတဖြစ်အောင်စားပါ။ တစ်ခုဆိုတစ်ခုတည်း စားနေတာနဲ့စာရင်မျိုးစုံစားပါ။ ကာဗိုဟိုက်ဒရိတ်၊ အဆီဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်၊ ရေဓာတ် စတာတွေက စားလိုက်တဲ့အနပ်တိုင်း ဒီဓာတ်တွေနဲ့ ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ အရင်ကဆို မြို့ကလူတွေလောက်ပဲ ဆီးချိုဖြစ်ကြပါတယ်။ အခုဆို နယ်ကလူတွေ ဆီးချိုရောဂါ ဖြစ်တာပိုများလာပါတယ်။ ဘာလို့လဲဆိုတော့ ထမင်းကိုပဲ ဦးစားပေးစားတဲ့အတွက်ပါ။ ဝတဲ့သူတွေကို အများအားဖြင့် မေးကြည့်ရင် ထမင်းကြိုက်တယ်ပေါ့။ ကာဗိုဟိုက်ဒရိတ် အရမ်းစားတယ်လို့ ပြောကြမှာပါ။ တကယ်တော့ ထမင်းအများကြီး မစားသင့်ပါဘူး။ မနက်ဆိုရင် ထမင်းပန်းကန်လုံးနဲ့ တစ်လုံး၊ နေ့လယ်ဆိုလည်း တစ်ပန်းကန်၊ ညနေတစ်ပန်းကန်လောက်ဆို လုံလောက်ပါပြီ။

ဆရာမ တွေ့ဖူးတဲ့သူတစ်ယောက်ဆို ထမင်းတစ်ခါစာရင် ပန်းကန်လုံးနဲ့ ရှစ်လုံးစားတယ်လို့ ပြောဖူးပါတယ်။ အသက်ငယ်ငယ် ၃၀ အရွယ်လောက်တုန်းက ဘာမှမဖြစ်ပေမယ့် အသက် ၄၀ ကျော်မှာ ဆီးချိုသွေးချိုဖြစ်နေနိုင်ပါတယ်။ ဆီးချိုဖြစ်နိုင်တဲ့သူတွေကတော့ မနက်စာ မစားတဲ့သူတွေရယ်၊ ညပိုင်းအစာများများ စားတဲ့သူတွေမှာ ဆီးချိုဖြစ်နိုင်ပါတယ်။

ကိုလက်စထရောကတော့ ဟင်းအနှစ်တွေမှာ ပါတာများပါတယ်။ ကြက်ဥ၊ အသည်း၊ ငါးဥ၊ ဒိန်ခဲ စတာတွေမှာလည်း ပါပါတယ်။ ပုစွန်အသားကတော့ စားလို့ရပါတယ်။ ပုစွန်ခေါင်းကတော့ ကိုလက်စထရောများတဲ့အတွက် လျှော့စားပါ။ နွားနို့ကိုကျတော့ နှလုံးရောဂါရှိတဲ့သူတွေ မသောက်ရဲဘူးလို့ လာပြောတာ ရှိပါတယ်။ တကယ်တော့ ဘာမှမဆိုင်ပါဘူး။ နွားနို့က ကိုလက်စထရော သိပ်မတက်ပါဘူး။ ဒါပေမဲ့ စိတ်မချဘူး၊ ကိုလက်စထရော တက်မှာကြောက်တယ်ဆိုရင် နွားနို့တည်ပြီးတဲ့အခါ အပေါ်မှာ တက်လာတဲ့ မလိုင်တွေကို ဖယ်ပြီး သောက်နိုင်ပါတယ်။

အခွံမာ အစေ့အဆန်တွေကိုလည်း စားပေးပါ။ ဘာလို့လဲဆိုတော့ ကောင်းတဲ့ ကိုလက်စထရောလို့ခေါ်တဲ့ HDL တွေရရှိစေလို့ ဖြစ်ပါတယ်။ အများကြီးစားဖို့ ပြောတာမဟုတ်ပါဘူး။ နေ့တိုင်းတော့ စားပေးသင့်တယ်။ မြေပဲဆိုလည်း ဆယ်စေ့၊ သီဟိုစေ့ဆို ခြောက်စေ့လောက်ပဲ စားသင့်ပါတယ်။ နေကြာစေ့၊ ဖရုံစေ့ဆိုလည်း လက်တစ်ဆုပ်လောက် နေ့တိုင်းစားသင့်ပါတယ်။ သစ်သီးကို တစ်နေ့တစ်လုံးလောက်တော့ စားဖြစ်အောင်စားပါ။ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ မုန်ညင်းထုတ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ တိုဖူးစတာတွေကိုလည်း နေ့တိုင်းစားဖို့လိုပါတယ်။

အလုပ်လုပ်သူတွေက အခုနောက်ပိုင်း စားသောက်ဆိုင်တွေကို သွားစားတာများပါတယ်။ စားသောက်ဆိုင်မှာ အစားအသောက်တွေမှာတဲ့အခါ အဆီမများတာတွေ၊ အငန်လျှော့ရမယ်၊ အချိုမှုန့်မထည့်တာမျိုး ပြောရပါမယ်။ နောက်ပြီး ခပ်ဖြည်းဖြည်းပဲစားပါ။ ကြော်တဲ့အစာတွေ အစားပေါင်းထားတာ၊ ပြုတ်ထားတာတွေစားပါ။ ဗိုက်ပြည့်သွားရင် နှမြောလို့ဆိုပြီး မရမကစားပါနဲ့။

အလုပ်လုပ်သူတွေက အခုနောက်ပိုင်း စားသောက်ဆိုင်တွေကို သွားစားတာများပါတယ်။ စားသောက်ဆိုင်မှာ အစားအသောက်တွေမှာတဲ့အခါ အဆီမများတာတွေ၊ အငန်လျှော့ရမယ်၊ အချိုမှုန့် မထည့်တာမျိုးပြောရပါမယ်။ နောက်ပြီး ခပ်ဖြည်းဖြည်းပဲစားပါ။ ကြော်တဲ့အစာတွေ အစားပေါင်းထားတာ၊ ပြုတ်ထားတာတွေ စားပါ။ ဗိုက်ပြည့်သွားရင် နှမြောလို့ဆိုပြီး မရမကစားပါနဲ့။ ပါဆယ်ထုပ်သွားလိုက်ပါ။ အိမ်ရှင်မတော်တော်များများက နှမြောစာတွေ စားရင်း ဝလာကြတာများပါတယ်။ မလုပ်ပါနဲ့။ မစားနိုင်ရင်ထပ်မစားတာ ကောင်းပါတယ်။

အလုပ်လုပ်သူတို့ ကျန်းမာလန်းဆန်းဖို့

အိပ်ရေးဝ၀ အိပ်ပါ။ လေ့ကျင့်ခန်းလုပ်ပါ။ အခု နောက်ပိုင်း အိပ်ချိန်တွေ နောက်ကျတာများလာတော့ မနက်ထတဲ့ အချိန်တွေလည်း ကမောက်ကမဖြစ်ပါတယ်။ ညတစ်နာရီလောက်မှ အိပ်တော့ မနက်ကို ကိုးနာရီလောက်မှ ထဖြစ်ပါတယ်။ ဒီတော့ မနက်စာက နေ့လည် ၁၁ နာရီလောက်မှ စားဖြစ်ပြီး နေ့လယ်စာကျတော့ သုံးနာရီလောက်ဖြစ်သွားပါတယ်။ ညစာကျတော့ ည ၈နာရီ-၉နာရီလောက်မှ စားဖြစ်ပြီး အချိန်တွေလည်းမှားကုန်ပါတယ်။ အဲဒီတော့နောက်ဆက်တွဲအနေနဲ့ ဆီးချိုရောဂါတွေ၊ ကင်ဆာရောဂါ တွေဖြစ်လာပါတယ်။ ဒါကြောင့် အိပ်ချိန်ကို ည ၁၀နာရီနောက်ဆုံး၊ အလုပ်များရင် ၁၁ နာရီ နောက်ဆုံးထားပြီး အိပ်ပေးပါ။ မနက်ဆို ၆-၇ နာရီလောက် ထတာတော့ အကောင်းဆုံးပါပဲ။ တစ်ကိုယ်ရေ သန့်ရှင်းရေးကလည်း အရေးကြီးပါတယ်။ လက်ဆေးပါ။ ဘယ်သွားသွား ဖိနပ်စီးသွားပါ။ ဆီးသွားပြီးတိုင်း ရေဆေးပါ။ စိတ်ဖိစီးမှုကင်းအောင် လေ့ကျင့်ခန်းလုပ်တာ၊ ယောဂကစားတာ၊ ခရီးသွားတာတွေ ပြုလုပ်ပါ။ အလုပ်တွေအများကြီးကို လက်မခံပါနဲ့။ ကိုယ်ကျန်းမာသလို စိတ်ကျန်းမာရေးကိုလည်း အလေးထားပါလို့ ပြောချင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top