Healthy Life Ad
Women

နှပ်ထားတဲ့ ကော်ဖီမှုန့်တွေရဲ့ ကျန်းမာရေးနဲ့ အလှအပရေးရာ အသုံးဝင်ပုံများ

ကမ္ဘာတစ်ဝန်းက လူသန်းပေါင်းများစွာဟာ ကော်ဖီကို အလွန်နှစ်သက်ကြပါတယ်။ အိမ်တွေမှာလည်း ကော်ဖီမှုန့်ကိုနှပ်ပြီး သောက်လေ့ရှိပါတယ်။ နှပ်ပြီး ကျန်တဲ့ကော်ဖီမှုန့်အနှစ်တွေကို လွှင့်မပစ်လိုက်ပါနဲ့။ အဲဒီကော်ဖီမှုန့်အနှစ်တွေကို သုံးတတ်ရင် အိမ်တွင်းကျန်းမာရေး၊ အလှအပရေးနဲ့ တခြားကောင်းကျိုးတွေ ရှိနေပါတယ်။


(၁) လက်အနံ့အသက် ကောင်းစေခြင်း

သင့်လက်မှာ ကြက်သွန်ဖြူ၊ ကြက်သွန်နီနံ့တွေ စွဲနေရင် ကော်ဖီမှုန့်တွေ သုတ်လိမ်းပြီး သေချာပွတ်တိုက်ပေးပါ။ ပြီးမှ ရေစင်အောင် ဆေးပေးရပါမယ်။


(၂) မျက်နှာပေါင်းတင်ခြင်း

ကော်ဖီမှုန့်မှာ အသားအရေအတွက် ကောင်းကျိုးများစွာရှိပါတယ်။ ကော်ဖီမှုန့်က အရေပြားဆဲလ်သေတွေကို ကင်းစင်စေပြီး အင်တီအောက် ဆီးဒင့်ပါတာကြောင့် အရေးကြောင်းကင်းစင်စေပါတယ်။ ကော်ဖီမှုန့်ကို မျက်နှာပေါင်းတင်ရာမှာ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ ဥပမာတစ်ခုပြောပြပါမယ်။

– ကော်ဖီမှုန့်လက်ဖက်စားဇွန်း တစ်ဇွန်းထဲကို ဆော်ဒါမှုန့်လက်ဖက်စားဇွန်း တစ်ဇွန်းထည့်ပါ။

– သမမျှတအောင်မွှေပြီး မျက်နှာပေါ်သုတ်လိမ်းပါ။

– မိနစ် ၂၀ ကြာထားပြီး ကြက်သီးနွေးရေနဲ့ ဆေးကြောလိုက်ပါ။ ပြီးရင် အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးရပါမယ်။ အဆီပြန်တဲ့အသားအရေကို ကြည်လင်သွားစေပါလိမ့်မယ်။


(၃) ရေခဲသေတ္တာအနံ့အသက် သင်းပျံ့စေခြင်း

ရေခဲသေတ္တာကို ဖွင့်လိုက်လို့ အနံ့အသက်ဆိုး ထွက်နေပြီလား၊ ငါးညှီနံ့၊ ချဉ်စူးစူးအနံ့တွေ ထွက်နေပြီလား။ ကော်ဖီက ရေခဲသေတ္တာထဲက အနံ့ဆိုးကို ကင်းစင်စေပါတယ်။ ရေခဲသေတ္တာထဲမှာ ကော်ဖီမှုန့်တစ်ခွက် ထည့်ထားပါ။ ကော်ဖီမှုန့်က အနံ့ပြင်းတွေကို စုပ်ယူသွားပါလိမ့်မယ်။


(၄) ဆဲလူးလိုက်အဆီပိုများ ကင်းစင်စေခြင်း

ဆဲလူးလိုက်အဆီပိုတွေကို ဖယ်ရှားတဲ့ ခရင်မ်အများစုမှာ တူညီတဲ့ ပါဝင်ပစ္စည်းတစ်မျိုးရှိပါတယ်။ အဲဒါကတော့ ကဖင်းဓာတ်ပါ။ ကော်ဖီမှုန့်ကို အုန်းဆီနဲ့ရောပြီး အဆီကျချင်တဲ့နေရာမှာ လိမ်းပါ။ နှစ်မိနစ်လောက် စက်ဝိုင်းပုံအတိုင်း လှည့်လည်နှိပ်ပေးပါ။ ပြီးမှ ရေနဲ့ဆေးချလိုက်ရပါမယ်။


(၅) သန်း၊ မွှားဖယ်ရှားခြင်း

သင့်ခွေးလေးက အနံ့ပြင်းနေရင်၊ မွှားကောင်လေးတွေ၊ သန်းလေးတွေ ကပ်ညိနေရင် ကော်ဖီမှုန့်သုံးပါ။ ခွေးကို ရေချိုးပြီးတဲ့အခါ နှပ်ထားတဲ့ ကော်ဖီမှုန့်ပွတ်လိမ်းပေးပါ။ ပြီးမှ ရေနဲ့ပြန်ဆေးလိုက်ပါ။


(၆) ဆံပင်သား ထိန်းသိမ်းခြင်း

ကော်ဖီမှာ အလှအပအသုံးဝင်ပုံအမျိုးမျိုး ရှိပါတယ်။ အသားအရေအတွက်သာမက ဆံပင်သားအတွက်လည်း ထိရောက်ကောင်းမွန်စေပါတယ်။ ဆံပင်စေးကပ်နေရင် ကော်ဖီမှုန့်ကို သုံးပေးလိုက်ပါ၊ ဆံပင်ကျွတ်တာကို သက်သာစေပြီး ဆံပင်ကြီးထွား သန်စွမ်းစေပါတယ်။

– နှပ်ထားတဲ့ကော်ဖီမှုန့်ကို ဦးရေပြားမှာ လိမ်းပါ။

– ဦးရေပြားကို စက်ဝိုင်းပုံအတိုင်း လှည့်လည်ကာ နှိပ်ပေးပါ။

– မိနစ် ၂၀ ကြာထားပြီး ရေနဲ့ဆေးပေးပါ။ တစ်ပတ်တစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။


(၇) ဥယျာဉ်ပျိုးထောင်ခြင်း

ကော်ဖီကဥယျဉ်မြေကို အားပြည့်စေပါတယ်။ အိုးနဲ့စိုက်တဲ့ သစ်ပင်ဆိုရင် မြေဆွေးထဲမှာ ကော်ဖီမှုန့်ထည့်လိုက်ရင် အပင်တွေကို ရှင်သန်ကြီးထွားစေပါတယ်။


(၈) ပတ်ဝန်းကျင် သန့်ရှင်းခြင်း

ကြောင်တွေက သစ်ပင်ခြေရင်း ဒါမှမဟုတ် သင်နှစ်သက်တဲ့ နေရာတဝိုက် သေးလာပေါက်တယ်ဆိုရင် ကော်ဖီမှုန့်ကိုသုံးပါ။ ကော်ဖီမှုန့်ဖြူးထားရင် ကြောင်အများစုက ကော်ဖီမှုန့်အနံ့ကို မခံနိုင်ပါဘူး။ ကော်ဖီမှုန့်နဲ့ သံပရာခွံရောပြီး ချထားလိုက်ရင် အဲဒီနေရာကို ရှောင်ပါလိမ့်မယ်။


(၉) ကြေးချွတ်သန့်စင်ခြင်း

ကော်ဖီမှာ သဘာဝကြေးချွတ်အစွမ်းရှိပြီး အရေပြားဆဲလ်သေတွေကို ကင်းစင်စေပါတယ်။ ကော်ဖီမှုန့်နဲ့ သံလွင်ဆီကိုရောပြီး သင့်ကိုယ်ခန္ဓာပေါ် ပွတ်တိုက်ကာ ကြေးချွတ်ပေးပါ။ အချိန် ၁၅ မိနစ်ကြာမှ ခပ်နွေးနွေး ရေနွေးနဲ့ဆေးလိုက်ပါ။


(၁၀) လေထုသန့်စင်ခြင်း

ကော်ဖီက လေထုသန့်စင်စေပါတယ်။ အခန်း ဒါမှမဟုတ် ကားထဲမှာ ကော်ဖီမှုန့်ချထားရင် လေထုသန့်စင်နေမှာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top