Healthy Life Ad
Life Style

မျက်ရည်ထွက်လမ်းကြောင်း ပိတ်ဆို့ခြင်း

ပါမောက္ခဦးတင်ဝင်း (မျက်စိအထူးကုဆရာဝန်ကြီး)
ပါမောက္ခ၊ ဌာနမှူး ရန်ကုန် မျက်စိဆေးရုံကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. မျက်ရည်ကျရတဲ့အကြောင်းကို သိပါရစေ ဆရာ။

ဖြေ. မျက်ရည်က Lacrimal Glands ကနေ ထွက်ပါတယ်။ အဲဒီဂလင်းက မျက်လုံးအိမ်အကာ (Orbit) ရဲ့ Upper & Lateral ရှိပြီး မြင်သာအောင် ပြောရမယ်ဆိုရင် အပေါ်နားထင်ထောင့်နေရာမှာ ရှိပါတယ်။ အဲဒီနေရာအတွင်းပိုင်းကနေ မျက်ရည်တွေက ထွက်လာပြီး မျက်လုံးအိမ်တစ်ခုလုံး (Ocular Surface)ပေါ်ကို ဖြတ်သန်းစီးဆင်းတယ်။ မျက်လုံးအိမ်တစ်ခုလုံးကို ဖြတ်သန်းစီးဆင်းမှသာ မျက်မြှေး (Conjuntiva)နဲ့ မျက်ကြည်လွှာ (Cornea)ပေါ်မှာ မျက်ရည်တွေက ရှိနေပါတယ်။

မေး. မျက်ကြည်လွှာပေါ်မှာ မျက်ရည်ရှိနေတာကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရှိပါသလဲဆရာ။

ဖြေ. မျက်ကြည်လွှာပေါ်မှာ မျက်ရည်ရှိနေတာကြောင့် အောက်ပါအကျိုးကျေးဇူးလေးခုကို ရရှိနိုင်ပါတယ်။

(၁) မျက်ကြည်လွှာက အလင်းတန်းဝင်တဲ့ ကြည်လင်နေတဲ့အလွှာ ဖြစ်တာကြောင့် မျက်ကြည်လွှာပေါ်မှာ မျက်ရည်ဖြတ်သန်းစီးဆင်းပြီး စိုစွတ်နေမှ ပုံရိပ်ကိုမြင်နိုင်တဲ့ ကြည်လင်ပြတ်သားမှုအား (Trans­parency)ကို ထိန်းသိမ်းပေးထားနိုင်ပါတယ်။

(၂) မျက်စိထဲကို အမှိုက်တွေ၊ ဖုန်မှုန့်တွေဝင်လာတဲ့ အခါမှာ ခိုးလိုးခုလုဖြစ်ပြီး မျက်ရည်ပိုကျတယ်။ ဒီလို မျက်ရည်ထွက်လိုက်တာက ပြင်ပကဝင်လာတဲ့ ဖုန်မှုန့်တွေ၊ အမှိုက်သရိုက်တွေကို သန့်စင်အောင် ဆေးကြောပစ်လိုက်တာပါ။

(၃) မျက်ရည်ထဲမှာ ဘက်တီးရီးယားကို ဆန့်ကျင်တဲ့ အင်ဇိုင်းတွေ (Antibacterial Enzyme) ပါဝင်တာကြောင့် အကာအကွယ်လုပ်ငန်းဆောင်တာ (Protective Functions)တွေကို လုပ်ဆောင်ပေးပါတယ်။

(၄) မျက်ကြည်လွှာပေါ်မှာ မျက်ရည်လမ်းကြောင်း (Precorneal Tear Film)ဆိုတာ ရှိပါတယ်။ အဲဒီအရာနဲ့ မျက်ကြည်လွှာကို ပေါင်းပြီးမှ မှန်ဘီလူး (Lens)တစ်ခုလို့ သတ်မှတ်ပါတယ်။ မျက်ရည်က သူ့ဘာသာသူ အလိုလို ဖြတ်သန်းစီးဆင်းနေရင် မှန်ဘီလူးရဲ့ လုပ်ငန်းဆောင်တာကောင်းနေပါတယ်။ ပုံရိပ်ရဲ့ ကြည်လင်ပြတ်သားမှု စွမ်းအား (Optical Resolution)က ကောင်းနေတတ်တယ်။

မေး. မျက်ရည်က ပုံမှန်မဟုတ်ဘဲ ပိုထွက်တဲ့အခြေအနေ၊ လျော့ထွက်တဲ့ အခြေအနေမှာဆိုရင် ဘယ်လို ဖြစ်နိုင်ပါသလဲဆရာ။

ဖြေ. တကယ်လို့ မျက်စိနာနေတဲ့ အခြေအနေလို ပြဿနာတစ်ခုခုရှိနေခဲ့ရင် မျက်ရည်က တအားကျနေတတ်တယ်။ အဲဒီလိုအခြေအနေမျိုးမှာဆိုရင်လည်း မျက်စိက ဝါးနေတတ်တယ်။ အဲဒီအချိန်မှာ Optical Resolution က မကောင်းတော့ပါဘူး။ မျက်ရည်ကြည်က မျက်ကြည်လွှာပေါ်မှာ ပုံမှန်လေးရှိနေမှသာ၊ ပါးပါးလေးကပ်နေမှသာ ပုံရိပ်ရဲ့ ကြည်လင်ပြတ်သားမှုစွမ်းအား (Optical Resolution) က ကောင်းနေပါတယ်။ အလားတူပဲ မျက်ရည်ကမရှိတော့ဘူးဆိုရင်လည်း မျက်စိကခြောက်သွေ့နေတတ်တယ်။ အဲဒါကို ဆေးပညာအရ ခြောက်သွေ့တဲ့ မျက်စိ (Dry Eye)လို့ ခေါ်ပါတယ်။

မေး. မျက်ရည်ရဲ့ထွက်ပေါက်က ဘယ်မှာလဲဆရာ။

ဖြေ. မျက်ရည်က မျက်ခမ်းမှာရှိတဲ့ အပေါက်နှစ်ပေါက် (Punctun)ထဲကိုရောက်တယ်။ ပြီးတော့ Canali­culus လို့ခေါ်တဲ့ ပြွန်ငယ်ထဲကို ဖြတ်သန်းစီးဆင်းသွားတယ်။ ပြီးရင် နှာခေါင်းပြွန် Nasolacrimal Duct ကနေတစ်ဆင့် နှာခေါင်းထဲကို ရောက်သွားတယ်။ ဒီလမ်းကြောင်းတစ်လျှောက် တစ်နေရာရာမှာ ပိတ်ဆို့မှုတစ်ခုခု ဖြစ်လာပြီဆိုလို့ရှိရင် မျက်စိထဲကနေ မျက်ရည်က အလိုလိုကျလာပါတယ်။ ဒီအခြေအနေက ငိုတာလည်းမဟုတ်ဘူး၊ အမှိုက်တွေဝင်လို့ မျက်ရည်ကျတာလည်း မဟုတ်ဘူး။ ဒါကို ဆေးပညာအရ Epiphora လို့ ခေါ်ပါတယ်။ ငိုတာလည်း မဟုတ်ဘဲ၊ ပြင်ပလှုံ့ဆော်မှုလည်းမရှိဘဲ မျက်ရည်ထွက်လမ်းကြောင်းပိတ်ပြီး ပါးပြင်ပေါ်မှာ မျက်ရည်တွေကျနေတဲ့ အခြေအနေဖြစ်ပါတယ်။

မေး. မျက်ရည်ထွက်လမ်းကြောင်းက ဘာကြောင့်ပိတ်ဆို့ရတာပါလဲ ဆရာ။

ဖြေ. မျက်ရည်ထွက်လမ်းကြောင်းဟာ Punctun ကနေ Canaticulus၊ အဲဒီကနေ Lacrimal Sac၊ အဲဒီကနေ Nasolacrimal Duct၊ အဲဒီကနေ နှာခေါင်းထဲကို စီးဆင်းပါတယ်။ အဲဒီလမ်းကြောင်းမှာ တစ်ခုခုပိတ်ဆို့သွားရင် မျက်ရည်က ကျနိုင်ပါတယ်။ အရင်ဆုံး မျက်ခမ်းအပေါက်ဖြစ်တဲ့ Punctun က သူ့ဘာသာသူ ပိတ်တာလည်း ဖြစ်နိုင်ပါတယ်။ မွေးကတည်းက သူ့ဘာသာပိတ်နေတာ (Congenital Stenosis)နဲ့ ပိုးဝင်တာလို အခြေအနေတစ်ရပ်ရပ်ကြောင့် ပိတ်တာ (Acquired Stenosis)ဆိုတဲ့ အချက်နှစ်ချက်ကြောင့် ဖြစ်နိုင်ပါတယ်။

Canaliculus တစ်လျှောက်မှာ ပိတ်တာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီနေရာမှာ ပိတ်တာက မွေးရာပါ အခြေအနေထက်ကို ပိုးဝင်တာကြောင့် ဖြစ်တာများပါတယ်။ ပိုးဝင်တာမှာ ဘက်တီးရီးယား၊ ဖန်းဂတ်စ်မှို စတဲ့ ပိုးတွေကြောင့် ဖြစ်နိုင်ပါတယ်။ မွေးရာပါပိတ်တာက အသက်အရွယ်ရလာရင် ပြန်ပွင့်သွားနိုင်ပါတယ်။ မွေးကင်းစကလေးတွေ မျက်ရည်ကျတာကြောင့် လာပြတာအများစုကတော့ မွေးရာပါအခြေအနေထက်ကို ကူးစက်ပိုးဝင်တာကြောင့် ဖြစ်နိုင်ပါတယ်။

ခန္ဓာကိုယ်မှာ တစ်ခုခုပိတ်ဆို့ရင် ပိုးဝင်တာပါပဲ။ ဥပမာအားဖြင့် သည်းခြေအိတ်မှာ ကျောက်တည်ရင်ပိတ်ဆို့တယ်၊ ပိတ်ဆို့သွားတော့ပိုးဝင်တယ်။ ဒီလိုပဲ မျက်ရည်ထွက်လမ်းကြောင်း ပိတ်ဆို့တာကြောင့် Lacrimal Sac Infection ရတယ်။ ဒါကို ဆေးပညာအရ Dacryocystitis လို့ ခေါ်ပါတယ်။ Lacrimal Duct မှာ ပိတ်ဆို့မှုဖြစ်ရင်လည်း ပိုးဝင်နိုင်ပါတယ်။ ဒါပေမဲ့ အများစုက Lacrimal Sac မှာ ပိတ်ဆို့တာကြောင့် အဖြစ်များပါတယ်။ နှာခေါင်းထဲမှာ အကျိတ် (Nasal Tumor)နဲ့ အသားလုံး (Polyps)ကြောင့်လည်း မျက်ရည်ထွက်လမ်းကြောင်း ပိတ်ဆို့နိုင်ပါတယ်။

မေး. မျက်ရည်ထွက်လမ်းကြောင်းပိတ်ဆို့မှု ဖြစ်နေပြီဆိုရင် ဘယ်နေရာမှာ ပိတ်ဆို့နေတယ်ဆိုတာကိုရော ဘယ်လိုစစ်ဆေးသိရှိနိုင်ပါသလဲ ဆရာ။

ဖြေ. မျက်ရည်ထွက်လမ်းကြောင်းက ဘယ်နေရာမှာ ပိတ်ဆို့မှုဖြစ်နေတယ်ဆိုတာကို သိနိုင်အောင် Syringing ဆိုတဲ့ စမ်းသပ်စစ်ဆေးနည်းတစ်ခုနဲ့ စစ်ဆေးလေ့ရှိပါတယ်။ ဒီစမ်းသပ်မှုအရ ဘယ်နေရာမှာ ပိတ်သလဲဆိုတာ ဆရာတို့သိနိုင်ပါတယ်။ နောက်ထပ် စမ်းသပ်နည်းတစ်ခုအနေနဲ့ ဓာတ်မှန် (X-ray) ရိုက်ပြီး စစ်ဆေးကြည့်လို့ရပါတယ်။ ဓာတ်မှန်ရိုက်ပြီး စစ်ဆေးမှုမှာ နှစ်ခုရှိပါတယ်။ စစ်ဆေးမှုတစ်ခုက ဆိုးဆေး (Dye)ထည့်ပြီး ဓာတ်မှန်ရိုက်တာလည်း ရှိသလို ရိုးရိုးပဲ ဓာတ်မှန်ရိုက်ပြီး စစ်ဆေးတာလည်း ရှိပါတယ်။

ဒါပေမဲ့ ဆရာတို့ဆီမှာတော့ ဓာတ်မှန်ရိုက်ပြီး စစ်ဆေးတာကိုသိပ်မလုပ်ကြပါဘူး။ မျက်စိနဲ့နီးနေတော့ ဓာတ်ရောင်ခြည်ရဲ့ အန္တရာယ်ကိုကြောက်တာကြောင့်၊ ပြီးတော့ငွေကုန်မှာလည်း စိုးတာကြောင့်ပါ။ ဒါ့အပြင် Syringing ဆိုတဲ့ စစ်ဆေးနည်းတစ်ခုတည်းနဲ့တင် ဆရာတို့အနေနဲ့ မျက်ရည်ထွက်လမ်းကြောင်းရဲ့ ဘယ်နေရာမှာ ပိတ်တယ်ဆိုတာ သိနေပါပြီ။ ဒါကြောင့် ဓာတ်မှန်ရိုက်ပြီး စစ်ဆေးမှုကို မလုပ်ကြတာပါ။

မေး. ကလေးငယ်လေးတွေမှာ မျက်ရည်ထွက်လမ်းကြောင်း ပိတ်ဆို့မှုရှိရင် ဘယ်လိုကုသမှုပေးပါသလဲ ဆရာ။

ဖြေ. တချို့ကလေးတွေမှာ မွေးရာပါ မျက်ရည်ထွက်လမ်းကြောင်းက မပွင့်ပါဘူး။ ဒီလိုကလေးငယ်တွေက မျက်ရည်တွေ အလိုလိုကျနေတယ်ဆိုတဲ့ ပြဿနာနဲ့လာတတ်တယ်။ အဲဒီအခါ မျက်ရည်ထွက်လမ်းကြောင်း ပိတ်ဆို့မှုရှိသလားဆိုတာကို ကြည့်ရပါတယ်။ တကယ်လို့ ပိတ်ဆို့မှုရှိတယ်ဆိုရင် ကလေးရဲ့မိခင်ကို “မျက်ရည်ထွက်လမ်းကြောင်း ပိတ်နေလို့ မျက်ရည်ကျတာပါ၊ ပဋိဇီဝမျက်စဉ်းဆေးခတ်ရင် သက်သာသွားပါလိမ့်မယ်”လို့ပြောပြီး ဒီလိုကလေးငယ်တွေကို ပဋိဇီဝပိုးသတ်မျက်စဉ်းဆေး (Antibiotic Eye Drop) ပေးရပါတယ်။ ကလေးတွေမှာ ဒီလိုမျက်ရည်ထွက်လမ်းကြောင်း ပိတ်ဆို့မှုကမပျောက်ဘဲ ပိတ်လိုက်၊ ပွင့်လိုက် ပြန်ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ အချိန်တန်ရင် အသက်နှစ်နှစ်၊ သုံးနှစ် အရွယ်လောက်မှာ ပျောက်သွားတတ်ပါတယ်။

မေး. လူကြီးတွေမှာ မျက်ရည်ထွက်လမ်းကြောင်းပိတ်ရင်ကော ဘယ်လိုကုသမှု ပေးပါသလဲဆရာ။

ဖြေ. လူကြီးတွေမှာ မျက်ရည်ထွက်လမ်းကြောင်းက ပိတ်ဆို့မှုရှိပြီး ကူးစက်ပိုးဝင်ရင် ပိတ်ဆို့မှုကို Drain (မျက်ရည်ဖောက်ထုတ်) လုပ်ရပါမယ်။ ရေမြောင်းတွေမှာ ပိတ်ဆို့နေရင် (ရေတွေကို ဖောက်ထုတ်တာ) Drain လုပ်သလိုပဲ မျက်ရည်ထွက်လမ်းကြောင်း ပိတ်ဆို့တာကိုလည်း ဖောက်ထုတ်ရပါတယ်။ ကူးစက်ပိုးဝင်တဲ့ အခြေအနေကို ပဋိဇီဝပိုးသတ်ဆေးအနေနဲ့ လိမ်းဆေး (Topical) ဒါမှမဟုတ် သောက်ဆေး (Oral) ပေးလေ့ ရှိပါတယ်။ ဒီလို ဆေးကုသမှုပေးပြီး သက်သာလာသလားဆိုတာကို စောင့်ကြည့်ပါတယ်။ နောက်ဆုံး မျက်ရည်ထွက်လမ်းကြောင်းက မပွင့်ဘူးဆိုရင်တော့ ခွဲစိတ်ကုသမှု (Surgery) လုပ်ရပါတယ်။

မေး. မျက်ရည်ထွက်လမ်းကြောင်း ပိတ်ဆို့မှုအတွက် ခွဲစိတ်ကုသမှုအကြောင်းကို သိပါရစေဆရာ။

ဖြေ. ဥပမာ Lacrimal Sac မှာ ပိတ်နေလို့ မျက်ရည်တွေက ကျနေရင် Lacrimal Sac နဲ့ နှာခေါင်းကြား ဆက်သွယ်ရေးကောင်းအောင် တိုက်ရိုက်ဆက်ပြီး ခွဲစိတ်ကုသပေးလိုက်ပါတယ်။ ဒီကုသမှုကို Dacry­ocystorhinostomy (DCR) လို့ခေါ်ပါတယ်။

မျက်ရည်ထွက်လမ်းကြောင်း ပိတ်ဆို့တာက မဖြစ်မနေ ခွဲစိတ်ကုသရမယ်ဆိုတာမျိုး မဟုတ်ပါဘူး။ လူအများစုက ခွဲစိတ်ကုသမှုခံယူရမယ်ဆိုရင် ကြောက်တတ်ကြပါတယ်။ ပဋိဇီဝပိုးသတ်ဆေးပေးလိုက်ရင်တော့ ယာယီသက်သာသွားပါလိမ့်မယ်။ ဒါပေမဲ့ မျက်ရည်ထွက်လမ်းကြောင်းပိတ်ဆို့လို့ ပိုးဝင်တာကိုပဲ ယာယီသက်သာ သွားပါလိမ့်မယ် . . .

မေး. မျက်ရည်ထွက်လမ်းကြောင်း ပိတ်ဆို့နေတာကြောင့် မျက်ရည်တွေ အလိုလိုကျနေတာကို မကုသဘဲထားရင်ကော ဘာဖြစ်နိုင်ပါသလဲ ဆရာ။

ဖြေ. ဘာမှတော့ မဖြစ်နိုင်ပါဘူး။ မျက်ရည်ထွက်လမ်းကြောင်းပိတ်ဆို့တာက မဖြစ်မနေ ခွဲစိတ်ကုသရမယ်ဆိုတာမျိုးမဟုတ်ပါဘူး။ လူအများစုက ခွဲစိတ်ကုသမှုခံယူရမယ်ဆိုရင် ကြောက်တတ်ကြပါတယ်။ ပဋိဇီဝပိုးသတ်ဆေးပေးလိုက်ရင်တော့ ယာယီသက်သာသွားပါလိမ့်မယ်။ ဒါပေမဲ့ မျက်ရည်ထွက်လမ်းကြောင်းပိတ်ဆို့လို့ ပိုးဝင်တာကိုပဲ ယာယီသက်သာသွားပါလိမ့်မယ်။ မျက်ရည်ထွက်လမ်းကြောင်း ပိတ်ဆို့ရတဲ့ အကြောင်းရင်းကို ကုသမှုမပြုတာကြောင့် မကြာခဏ ပြန်ပြန်ဖြစ်နေပါလိမ့်မယ်။ ဒါမျိုးဆိုရင် ပဋိဇီဝမျက်စဉ်းဆေးကို တစ်နေ့သုံးကြိမ်-လေးကြိမ် လောက်အမြဲခတ်ဖို့ လိုအပ်နေပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top