Healthy Life Ad
Life Style

လျစ်လျူရှုမထားသင့်သည့်အသက်ကြီးသူတို့၏ ဝေဒနာများ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

အသက်ကြီးလာတဲ့အခါမှာ တချို့သူတွေက ကိုယ်ခံစွမ်းအားလျော့နည်းလာပြီး ဝေဒနာတွေကို ခံစားရမှုကသိသာလာတတ်ပါတယ်။ သက်ကြီးရွယ်အိုတွေမှာခံစားနေရတဲ့ တချို့ဝေဒနာတွေက ဆေးကုသမှုမခံယူရင် ပြင်းထန်ဆိုးရွားတဲ့ နောက်ဆက်တွဲအခြေအနေကို ဖြစ်စေနိုင်တာကြောင့် လျစ်လျူရှုမထားသင့်ပါဘူး။

ပုံမှန်မဟုတ်သော အသက်ရှူမဝခြင်း
နှလုံးရောဂါထတာ (Heart Attack) ရဲ့ လက္ခဏာတစ်ရပ်အနေနဲ့ ရင်ဘတ်အောင့်တာလို့ပဲ ယူဆထားပေမယ့် လူတိုင်းမှာတော့ ခံစားရတဲ့ဝေဒနာတွေကမတူညီတတ်ပါဘူး။ ဥပမာအနေနဲ့ ပြောရရင် လမ်းလျှောက်ပြီး အသက်ရှူရခက်ခဲနေတဲ့အခါ နှလုံးဆီကိုသွားတဲ့ သွေးလွှတ်ကြောမှာ တစ်ခုခုပိတ်ဆို့မှုကိုပြသတဲ့ အစောပိုင်းလက္ခဏာတစ်ရပ်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အသက်ရှူမဝတာကို ကြာရှည်ခံစားနေရရင် ဆရာဝန်နဲ့ပြသဖို့လိုပါတယ်။

စကားပြောခြင်း၊ ကိုယ်ခန္ဓာဟန်ချက်ထိန်းခြင်းတို့တွင် ရုတ်တရက်အခက်အခဲရှိခြင်း
ရုတ်တရက် လမ်းလျှောက်လို့ မရတာ၊ မူးဝေတာ၊ ကိုယ်ခန္ဓာဟန်ချက်မညီတာတွေဖြစ်ပေါ်ခဲ့ရင် ဒါကလေဖြတ်တာရဲ့ လက္ခဏာတစ်ရပ်ဖြစ်နေနိုင်ပါတယ်။ နောက်ထပ်ဖြစ်ပေါ်တတ်တဲ့ လက္ခဏာတွေ က စကားပြောရခက်တာ၊ စကားကို လေးလေးလံလံ ပြောတာ၊ အမြင်ပြောင်းလဲတာ၊ ခန္ဓာကိုယ်တစ်ခြမ်းရှိ မျက်နှာ၊ လက်မောင်းနဲ့ ခြေထောက်တွေ ထုံတာ၊ အားနည်းတာ စတာတွေ ဖြစ်တတ်ပါတယ်။

သွေးဆုံးပြီးနောက် သွေးပြန်ဆင်းခြင်း
သွေးဆုံးပြီးချိန်မှာ မိန်းမကိုယ်က သွေးဆင်းခဲ့ရင် ဆရာဝန်နဲ့ချက်ချင်းပြသင့်ပါတယ်။ သွေးဆုံးပြီး သွေးဆင်းတာက ကင်ဆာလိုရောဂါတွေနဲ့ ဆက်စပ်မှုရှိနေနိုင်လို့ပါ။

ပန်းသေပန်းညှိုးရောဂါ
ပန်းသေပန်းညှိုးရောဂါ (Erectile Dysfunction) ဟာ အသက်ကြီးသူတွေမှာ ပိုပိုပြီး အဖြစ်များတဲ့ ရောဂါပါ။ အသက် ၆၀ကျော်သူအမျိုးသား ၁၆ ဒသမ ၇ ရာခိုင်နှုန်းဟာ ပန်းသေပန်းညှိုးရောဂါ ဖြစ်နေကြပြီး အသက် ၄၀ရှိသူတွေမှာတော့ ၁ ဒသ မ ၂ ရာခိုင်နှုန်းလောက်ပဲ ပန်းသေပန်းညှိုးဖြစ်လေ့ရှိပါတယ်။ အသက် ၇၅ နှစ်ကျော်ချိန်မှာ ပန်းသေ ပန်းညှိုးရောဂါဖြစ်သူက ၄၇ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်သွားပါတယ်။ ပန်းသေပန်းညှိုး ရောဂါက နှလုံးသွေးကြောဆိုင်ရာရောဂါ၊ ဆီးချိုသွေးချိုရောဂါနဲ့ တခြားကျန်းမာရေးပြဿနာတွေနဲ့ ဆက်စပ်မှုရှိနေတတ်ပါတယ်။ ပန်းသေပန်းညှိုးရောဂါက စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျတာတွေနဲ့လည်း ဆက်စပ်မှုရှိတာကြောင့် ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးသင့်ပါတယ်။

ဝမ်းချုပ်ခြင်း
ဝမ်းချုပ်တာက အကြောင်းရင်းသုံးရပ်အနေနဲ့ ပြဿနာဖြစ်တတ်ပါတယ်။ ပထမအကြောင်းရင်းက ဝမ်းသွားရင် ညှစ်ပြီး သွားရတာကြောင့် လိပ်ခေါင်းဖြစ်နိုင်ခြေများတာပါ။ ဒုတိယအကြောင်းရင်းက မကြာခဏ ဝမ်းချုပ်တာက ပုံမှန်ဖြစ်နိုင်ပေမယ့် အသက်၅၀ကျော်ချိန်မှာ မကြာခဏ ဝမ်းချုပ်နေရင် အကျိတ်၊ အသားလုံး Polyps နဲ့ တခြား ပိတ်ဆို့မှုတစ်ခုခုကြောင့် ဖြစ်တတ်ပါတယ်။ တတိယအကြောင်းရင်းက မာကျောတဲ့ မစင်က အူထဲနဲ့ အစာဟောင်းအိမ်ထဲမှာ ကျပ်နေတာကြောင့် တွန်းထုတ်ရခက်ခဲတတ်ပါတယ်။

ဝမ်းထဲ သွေးပါခြင်း၊ ဝမ်းမည်းသွားခြင်း
ဝမ်းထဲ သွေးပါတာ၊ ဝမ်းမည်းသွားတာက စားသောက်တဲ့ အစာနဲ့ဆေးတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ သံဓာတ်ဖြည့်စွက်ဆေးသောက်ရင် ဝမ်းမည်းသွားတတ်ပါတယ်။ ဝမ်းထဲသွေးပါတာက အစာအိမ်အူလမ်းကြောင်းအပေါ်ပိုင်းမှာ သွေးထွက်တာကြောင့် ဖြစ်တတ်ပါတယ်။ လိပ်ခေါင်း၊ အစာအိမ်အနာနဲ့ တခြားအစာအိမ်အူလမ်းကြောင်း ပြဿနာတွေနဲ့လည်း ဆက်စပ်နေတတ်ပါတယ်။

ရင်သားဖောင်းတင်းခြင်း၊ ရင်သားအရောင်ပြောင်းလဲခြင်း
ရင်သားပေါ်မှာ မာတဲ့အဖုရှိတာက ရင်သားကင်ဆာနဲ့ဆက်စပ်နေနိုင်ပါတယ်။ အမျိုးသားနဲ့ အမျိုးသမီးနှစ်ဦးစလုံးအတွက် ရင်သားကင်ဆာဖြစ်ရင် အတွေ့ရများတဲ့ လက္ခဏာတွေက ရင်သား ရောင်ရမ်းတာ၊ တင်းမာတာ၊ အရောင်ပြောင်းတာတွေပဲဖြစ်ပါတယ်။ ရင်သားကင်ဆာက အမျိုးသားတွေမှာ အဖြစ်နည်းပေမယ့် ဖြစ်တော့ ဖြစ်တတ်ပါတယ်။ တခြားဖြစ်တတ်တဲ့ ဝေဒနာတွေက နို့သီးခေါင်းမှ အရည်တွေဆင်းတာ၊ ရင်သားအရေပြားပြောင်းလဲတာ စတာတွေပဲဖြစ်ပါတယ်။

အနာမကျက်နိုင်သော အရေပြားအနာ
အရေပြားဟာ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ခံရချိန်ကြာတာကြောင့် အသက်ကြီးလာချိန်မှာ အရေပြားကင်ဆာဖြစ်နိုင်ခြေများပါတယ်။ အရေပြားပေါ်က မှဲ့တွေ၊ အနာတွေကိုလည်း လျစ်လျူမရှုထားပါနဲ့။ အဲဒီအနာတွေက နာကျင်ပြီး အနာမကျက်နိုင်ရင် ဆရာဝန်နဲ့ ပြပါ။

စိတ်ဓာတ်ကျသော လက္ခဏာများ
အသက်ကြီးသူတွေမှာ အထီးကျန်တာနဲ့ ဆွေမျိုးထဲမှာ သေဆုံးတာတွေကြုံရတာကြောင့် စိတ်ဓာတ်ကျနိုင်ခြေများပါတယ်။ စိတ်ဓာတ်ကျတဲ့ လက္ခဏာတွေက ဝမ်းနည်းတာ၊ ပူပင်သောကများတာ၊ ညောင်းညာတာ၊ ပုံမှန်မဟုတ်ဘဲ နုံးနေတာ၊ တန်ဖိုးမရှိသလိုခံစားရတာ၊ ပုံမှန်လုပ်ငန်းဆောင်တာတွေမှာ စိတ်ပါဝင်စားမှုမရှိတာ၊ အစာစားချင်စိတ်ပြောင်းလဲတာ၊ အိပ်ရေးပျက်တာ၊ အလွန်အမင်းအိပ်တာ စတာတွေပဲဖြစ်ကြပါတယ်။ ဒီလို လက္ခဏာတွေဖြစ်ရင် ဆရာဝန်နဲ့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top