Healthy Life Ad
International

နားဖာချေးမှတစ်ဆင့် ပိုးဝင်ပြီး နားမကြားတော့သည့် အမျိုးသမီး

၊ ကိုထက် ၊

အကြားအာရုံပိုင်းဆိုင်ရာ ဆရာဝန် ဒေါက်တာနီးလ်ဟာ နားဖာချေးများစွာ ပိတ်ဆို့နေရာမှ နားမကြားတော့တဲ့အထိဖြစ်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်ကြောင်းကို မျှဝေပေးထားပါတယ်။ အမည်မဖော်လိုသူ အမျိုးသမီးတစ်ယောက်ဟာ နားဖာချေးတွေ အလွန်ပိတ်ဆို့နေခဲ့ပြီး ထိုမှတစ်ဆင့် ပိုးဝင်ကာအကြား အာရုံပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ ထိုအမျိုးသမီးရဲ့နားအတွင်းကို မှန်ပြောင်းအသေးစားနဲ့ကြည့်စဉ် နားဖားချေးတွေဟာ လုံးဝကို ပိတ်ဆို့နေတဲ့အတွက် အချိန်ကြာမြင့်စွာ စိတ်ရှည်လက်ရှည် ဖယ်ထုတ်ပေးခဲ့ရပါတယ်။

ဒီလိုဖယ်ထုတ်ရင်းနဲ့ နားဖားချေးတချို့မှာ မှိုပိုးတွေဆွဲကပ်နေတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီမှိုပိုးတွေဟာ နားအတွင်းပိုင်းရှိ အပေါ်ယံ အရေပြားနဲ့ နားစည်ကိုပါ ကူးစက်နေတာကို ဆက်လက်တွေ့ရှိခဲ့ရပါတယ်။ မှိုပိုးကူးစက်နေတဲ့ အရေပြားတွေကိုလည်း သေသေချာချာထုတ်ခဲ့ရတယ်လို့ သိရပါတယ်။ ထိုအမျိုးသမီးဟာ သာမန်အကြားအာရုံ ချို့တဲ့တယ်လို့ထင်ခဲ့ပါတယ်၊ နားကြားကိရယာတပ်ရင် အလွန်စူးရှတဲ့အသံတွေပဲ ကြားနေရတဲ့အတွက် နားကြားကိရိယာလဲ တပ်လို့မရခဲ့ဘူးလို့ သိရပါတယ်။

“နားဖာချေးတွေမှာ မှိုပိုးတစ်မျိုးစွဲကပ်သွားတာပါ၊ အဲ့ဒီမှိုဟာ နွေးပြီး စိုစွတ်တဲ့နားတွေမှာ ကူးစက်လွယ်ပြီး အများအားဖြင့် ရေငုပ်သမားတွေမှာ အတွေ့ရများပါတယ်၊ ပိုးဝင်နေတာကို မသိဘဲထားလိုက်တော့ အရေပြားကတစ်ဆင့် နားစည်ကိုပါ ထိခိုက်သွားတာပါ၊ နားစည်ထိခိုက်နေတဲ့အတွက် နားကြားကိရိယာတပ်ရင် အသံစူးစူးရှရှတွေကြားနေရတာပါ”လို့ ဒေါက်တာနီးလ်က ပြောပြခဲ့ပါတယ်။ အခုတော့ နားဖားချေးတွေရော၊ ပိုးကူးနေတဲ့ အရေပြားလွှာတွေကိုရော ဖယ်ထုတ်ပြီးပါပြီ။ အသံပြန်ကြားနိုင်ဖို့ကတော့ မပြောနိုင်သေးပါဘူး။ မှိုပိုးတွေကျန်ရှိနေတာကိုပဲ အရင်ပျောက်အောင် ကုသမှုတွေ ဆက်လက်ခံယူရပါမယ်လို့ ပြောပြခဲ့ပါတယ်။

နားဖားချေးဟာ သဘာဝအလျောက် ထွက်ပေါ်နေတာဖြစ်ပြီး နားအတွင်း ရေဝင်တာကာအစ မှိုတွေကူးစက်ပိုးတွေမဝင်အောင်လည်း ကာကွယ်ပေးပါတယ်။ နားဖားချေးအသစ်တွေထွက်လာပြီး အဟောင်းတွေကို အလိုအလျောက်ရှင်းပေးတဲ့ စနစ်လည်း နားထဲမှာပါပါတယ်။ ဒါပေမဲ့ နားကိုစနစ်တကျမဟုတ်ဘဲ တုတ်တွေ၊ ဂွမ်းတွေနဲ့ အတင်းသန့်ရှင်းတဲ့အခါမှာ ဒီစနစ်တွေပျက်စီးသွားပြီး အခုလို အဖြစ်တွေ ကြုံတတ်ပါတယ်လို့ ပြောပြခဲ့ပါတယ်။ ဒါကြောင့် နားသန့်ရှင်းရေးကိုလည်း ကျွမ်းကျင်သူတွေဆီက အကြံဉာဏ်တွေရယူပြီး ပြုလုပ်သင့်ပါတယ်လို့သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top