Healthy Life Ad
Life Style

သွားနှင့်ခံတွင်းဘက်ဆိုင်ရာ ဆရာဝန်တို့က သင့်ကို သိစေလိုသည့် အချက်များ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

သွားနဲ့ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပတ်သက်ပြီး သွားဆရာဝန်တွေက သင့်ကိုသိစေလိုတဲ့ အချက်တွေကို ရေးသားလိုက်ရပါတယ်။

(၁) လူတွေက သင့်ကို ပထမဆုံးအကြိမ် စတွေ့တဲ့အခါ အရင်ဆုံး သူတို့သတိထားမိတာက သင်ရဲ့မျက်လုံးတွေဖြစ်ပြီး ဒုတိယအနေနဲ့ သတိထားမိတာက သင့်သွားတွေပါပဲ။ တတိယအနေနဲ့ကျမှ သင့်ဆံပင်တွေကို သတိပြုမိတာပါ။ ဒါပေမဲ့ လူတွေက သွားတွေထက် ဆံပင်အတွက် ပိုပြီး ငွေကုန်ကြေးကျခံကာ ပြုပြင်နေကြပါတယ်။

(၂) သွားဆေးခန်းကိုလာတဲ့ လူနာတွေက နာမည်ကျော်တွေရဲ့ပုံတွေကို ယူဆောင်လာပြီး “ကျွန်မရဲ့သွားတွေကို သူ့လိုပုံစံမျိုးဖြစ်ချင်ပါတယ်”လို့ ပြောကြပါတယ်။ အဲဒီအခါမှာ ကျွန်တော်ပြန်ရှင်းပြချက်တဲ့ အချက်ရှိပါတယ်။ “သင့်အနေနဲ့ အင်ဂျလီနာဂျိုလီလို အပြုံးမျိုးတော့ ပြုံးနိုင်ဖို့မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုသွားတွေနဲ့ အံဝင်ခွင်ကျအဆင်ပြေတဲ့ မျက်နှာပုံစံမျိုး သင့်မှာ မရှိတာကြောင့်ပါပဲ”လို့ သွားဆရာဝန်တစ်ဦးက ဆိုပါတယ်။

(၃) သင့်အနေနဲ့ သင့်ခံတွင်းထဲမှာ မကောင်းတဲ့ ဘက်တီးရီးယားတွေ လျှော့ချလိုတယ်ဆိုရင် Xylitol (ပီကေထဲမှာ တွေ့ရတဲ့ သကြားအစားထိုးပစ္စည်း)ကို စားပေးဖို့လိုပါတယ်။ Xylitol က သင့်ခံတွင်းရဲ့ ဓာတ်သဘာဝကို ပြောင်းလဲပစ်နိုင်ပါတယ်။ Xylitol ပါတဲ့ ပီကေခြောက်ခု၊ ခုနစ်ခုလောက် နေ့စဉ် စားရင် သွားပိုးစားရောဂါကင်းဝေးစေပါတယ်။

(၄) ခံတွင်းကိုအပေါက်ဖောက်ပြီး အလှဆင်တာက ကူးစက်ပိုးဝင်နိုင်ခြေများပါတယ်။ လျှာကိုအပေါက်ဖောက်ပြီး အလှဆင်တာကြောင့် ပိုးဝင်ကာ လျှာဖြတ်လိုက်ရတဲ့သူတွေကို ကြုံဖူးပါတယ်။ တကယ်လို့ အဲဒီလိုမဖြစ်ဘူးဆိုရင်တောင် လျှာကို အပေါက်ဖောက်တာကြောင့် ရှေ့သွားတွေပဲ့ထွက်တာမျိုး ဖြစ်တတ်ပါတယ်။

(၅) လူတွေက ခက်ခဲကြန့်ကြာတဲ့ကိစ္စမျိုးဆိုရင် သွားနုတ်ရသလိုပဲလို့ တင်စားပြောဆိုတတ်ကြတယ်။ တကယ်တမ်းမှာ သွားနုတ်ရတာက လွယ်ကူမြန်ဆန်ပါတယ်။

(၆) သွားဆေးခန်းကို မလာခင် ကြက်သွန်ဖြူတွေစားမလာခဲ့ရင် ကျေးဇူးတင်နေမှာပါ။

(၇) လွန်ခဲ့တဲ့ နှစ်၂၀လောက်တုန်းက ကလေးတွေက နို့ဘူးစို့ပြီးအိပ်ရင် သွားပိုးစားလွယ်တယ်လို့ သွားဆရာဝန်တွေက မိဘတွေကို သတိပေးခဲ့ကြပါတယ်။ ဒါကြောင့် နို့ဘူးစို့ရက်နဲ့ ကလေးကိုမအိပ်စေဖို့ လိုပါတယ်။ ဒီသဘောတရားက အခုအထိလည်း ပြောင်းလဲမှုမရှိပါဘူး။

(၈) သွားဖုံးတွေကနေ သွေးထွက်တဲ့အခါ သင်တို့အနေနဲ့ ဘာမှကိစ္စမရှိပါဘူးလို့ပဲ ထင်နေကြပါတယ်။ သွားကို ခပ်ကြမ်းကြမ်းမတိုက်ဘဲနဲ့ သွားဖုံးကနေ သွေးတွေထွက်နေရင် ဒါက သွားဖုံးရောဂါ ဖြစ်နေနိုင်တာကြောင့် သွားဆရာဝန်နဲ့ ပြသသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top